ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ညောင်ပင်လှ ကျေးသားများသည် ကောက်ရသည့် ဗုံးသီးတလုံးအား ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ ၁ ဦးပွဲချင်းပြီး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ညောင်ပင်လှ ရွာသားများသည် ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် သင်္ချိုင်းတောင်ဟု ခေါ်သော ရွာအနီးရှိ တောင်းတန်းသို့ မျစ်နှင့်ဟင်းရွက်များ ခူးရန်သွားစဉ် အသက် ၄၀ အရွယ် ဦးဝင်းနိုင်ဆိုသူမှ ဗုံးသီး ၁ လုံးကို ကောက်ရလာခဲ့သည်ဟု ဆိုသည်။
ထိုဗုံးသီးကို ဓါးဖြင့် ထုကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ညောင်ပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှက ပြောသည်။
ဦးအောင်ကျော်လှ က “ရွာနားက တောင်ကို မျစ်စို့ တွေခူူးဖို့ သွားကြတာ။ အပြန်မှာ ဝင်းနိုင်က မြေမှာ စိုက်ဝင်နေတဲ့ ဗုံးသီး ၁ လုံးကိုတွေ့တော့ ယူလာတယ်လို့ ပြောတယ်။ အရိပ်ရတဲ့နေရာ တနေရာမှာ ဝင်းနိုင်က ဓါးနဲ့ ခွဲကြည့်တယ်လို့ ပြောတယ်။ သူ့မိန်းမက မလုပ်နဲ့ဆိုတော့ ဒါက အခွံပါ ဆိုပြီး ပြောတယ်တဲ့။ မကြာဘူး ပေါက်ကွဲသွားတာလို့ ပြောကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဗုံးသီးပေါက်ကွဲမှုကြောင့် ကိုဝင်းနိုင်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ဝိုင်းချေနှင့် နောက် အမျိုးသမီး ၂ ဦးဖြစ်ကြသည့် ဒေါ်စိန်သန်း၊ ဒေါ်ဦးခင်တို့မှာလည်း ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း ကျေးရွာသားများ ပြောသည်။
ဒဏ်ရာ ရရှိခဲ့သည့် အမျိုသမီး ၃ ဦးမှာ လက်ရှိအချိန်တွင် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် တက်ရောက် ကုသနေရပြီး သေဆုံးသွားသူ ဦးဝင်းနိုင်၏ ရုပ်အလောင်းကိုမူ ယနေ့ပင် ရွာ၌ သဂြိုလ် လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူး တို့ထံ ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့သဖြင့် သီးခြားမှတ်ချက် ဖော်ပြနိုင်ခြင်း မရှိပါ။
အဆိုပါ ဗြုတ်ချောင်း ကျေးရွာ အုပ်စု၊ ညောင်ပင်လှကျေးရွာသည် မြောက်ဦးနှင့် ၁၀ မိုင်ကျော်ခန့်ဝေးကွာပြီး လေးမြို့မြစ်ကမ်း အရှေ့ဘက်တွင် တည်ရှိသော အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၂၀၀၀ နီး ပါးရှိသည့် ကျေးရွာတရွာ ဖြစ်ကြောင်းသိရသည်။
ဗုံးသီး ကောက်ရသည့် အဆိုပါ ညောင်ပင်လှကျေးရွာအနီး တောင်တန်းများ၌ ယခုနှစ် သြင်္ကန်ကာလအတွင်းက တပ်မတော် စစ်ကြောင်းတခု ရောက်ရှိလာပြီး ယာယီ စခန်းချ နေထိုင် ခဲ့ကြောင်းလည်း ကျေးရွာသားများက ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်း ကျေးရွာတွင် ဇနီးမောင်နှံ ၂ ဦးတောင်ယာစိုက်ခင်းသို့ သွားရောက်စဉ် ကောက်ရလာသာ လက်နက်ကြီး ကျည်ဆန်အား အိမ်အပြန် လှေပေါ်၌ ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ မောင်ဦးထွန်းနှင့် ဇနီးဖြစ်သူ မဆန်းဝင်တို့မှာ သေဆုံးသွားခဲ့သည်။
You may also like these stories:
ကျောက်တော်တွင် မြေမြှုပ်မိုင်းကွဲ၍ အရပ်သား ၁ ဦးထိမှန်
ဖမ်းဆီးခံ မြောက်ဦး ဒေသခံ ၂၀ ကျော်ကို အကြမ်းဖက် ဥပဒေ၊ လက်နက် ဥပဒေများဖြင့် တရားစွဲ
မြောက်ဦး ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ နီးပါး နုတ်ထွက်