တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း မြန်မာ-အိန္ဒိယ နယ်စပ်တွင် အခြေစိုက်ထားသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) အဖွဲ့ က ဧရာဝတီသို့ ပြောသည်။
NSCN-K မှ လူထုဆက်ဆံရေး အရာရှိ ဂျိုးဇက်လမ်ကန် က “လက်ရှိ NCA ဟာ ၁၉၄၇ ခုနှစ် မူလပင်လုံ စာချုပ် ကို ခေတ်ပေါ် ပုံစံပြောင်းလဲ ထားခြင်းဖြစ်ပြီး ယခင် ပင်လုံ စာချုပ် အဟောင်းမှာလည်း နာဂတို့ လက်မှတ်ထိုး ခြင်း မရှိခဲ့ဘူး” ဟု ဆိုသည်။
“အကြောင်းကတော့ ကျနော်တို့ လုံးဝ လွတ်လပ်ရေး ဆုံးဖြတ်ထားလို့ပဲ ဖြစ်ပါတယ်။ နာဂတွေ ဟာ တိုက်ပွဲဝင်ရင်း အသေခံသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ လက်မှတ်ထိုးစရာ အကြောင်းမရှိဘူး။ ဒီစာချုပ်က နာဂအတွက် မဟုတ်လို့ ဖြစ်ပါတယ်။ မြန်မာအစိုးရက အိန္ဒိယကို အလွန်အမင်း အယုံလွန်နေတာ ကြောင့် ဆိုးရွားတဲ့ အမှားကို ကျူးလွန်နေပြီး ဖြစ်တယ်” ဟု ပြောသည်။
NSCN-K နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကြား ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်က တိုင်းဒေသကြီးအဆင့် အပစ်ရပ် စဲရေးစာချုပ် (Bilateral) ကို လက်မှတ်ထိုးထားခြင်းကြောင့် အစိုးရ-တပ်မတော်ဘက်က ပြည်ထောင်စု အဆင့်နှင့် တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် (NCA) ကို တခြားသောတိုင်းရင်းသား လက်နက်ကိုင်များနည်းတူ ထိုးရန် ကမ်းလှမ်းထားခြင်း ဖြစ်သည်။
တချို့သော NSCN-K မှ ထိပ်သီး ခေါင်းဆောင်ကမူ NCA လက်မှတ်ထိုးရန် စဉ်းစားမှုများ ရှိနေကြောင်းလည်း NSCN-K နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ ကြားသိရသည်။
လက်ရှိတွင် တပ်မတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာရှိ NSCN-K ၏ဗဟိုဌာနချုပ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က အိန္ဒိယအား ဆန့်ကျင်နေ သော အာသံနှင့် ကသည်း သူပုန်များကို NSCN-K က ခိုလှုံခွင့်ပြုထားခြင်းကြောင့် နယ်မြေရှင်းလင်းရေး လုပ် ကာ ထိန်းချုပ်ထားသည်။
ထို့နောက် အာသံနှင့် ကသည်း သူပုန် ၂၄ ဦးကို အပါအဝင် NSCN-K မှ ထိပ်ပိုင်း ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး ၍ ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့် အရေးယူခဲ့ရာ ၂၀၁၉ ခုနှစ်၊ မေ ၁၅ ရက်မှာ အာသံနှင့် ကသည်းသူပုန် ၂၄ ဦးအား ခန္တီးခရိုင်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပြီး NSCN-K က ခေါင်းဆောင် ၅ ဦးမှာ အမှုဆက်လက် ရင်ဆိုင်နေဆဲဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး NSCN-K နှင့် တပ်မတော်ကြား Bilateral စာချုပ်ပါ သဘောတူညီချက်များကို ချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲနေကြသည်။
တပ်မတော်ဘက်က NSCN-K အနေဖြင့် NCA လမ်းကြောင်းကို လျှောက်လှမ်းရန် အပါအဝင် Bilateral စာချုပ် ပါ သဘောတူညီချက်များကို လေးစားလိုက်နာရန်နှင့် အာသံနှင့် ကသည်း သူပုန်များအား လက်မခံရန် စသည့် အချက် ၃ ချက်ကို လိုက်နာပါက ယခု ပြဿနာအား ဖြေရှင်းနိုင်ကြောင်း ဆိုသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဓိကတော့ ပထမဦးဆုံး သူတို့ လိုက်နာရမယ့် အချက်ကတော့ တဖက်နိုင်ငံကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း တွေကို သူတို့ လက်မခံဖို့လိုတယ်၊ သူတို့ NCA လမ်းကြောင်းကို ရိုးရိုးသားသား လျောက်လှမ်းဖို့လိုတယ်၊ NCA ထဲမှာ ပါနေတဲ့ အချက်အလက်တွေကို လိုက်နာဖို့လိုတယ်” ဟု ပြောသည်။
NSCN-K မှ လူထုဆက်ဆံရေးအရာရှိ ဂျိုးဇက်လမ်ကန်ကတော့ နာဂအရေးသည် တခြားသော တိုင်းရင်းသား များအရေးနှင့် မတူကွဲပြားနေသည်ကို မြန်မာအစိုးရ ကောင်းစွာသိရှိကြောင်း၊ နာဂကို NCA လက်မှတ်ထိုး ရန် တွန်းအားပေးခြင်းထက် တခြားသော နည်းလမ်းအား ဆောင်ရွက်သင့်ကြောင်းဆိုသည်။
ဂျိုးဇက်လမ်ကန် က “မြန်မာအစိုးရက နာဂတို့ရဲ့ ပြင်းပြတဲ့ ဆန္ဒအမှန်ကို ပကတိအားဖြင့် ဘယ်သောအခါမှ ဂရုစိုက်မှု မရှိခဲ့ဘူး၊ ၇ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ခြင်းဟာ တဖက်သတ် အပစ်အခတ်ရပ်စဲခြင်းသာ ဖြစ်ခဲ့ပါတယ်။ သူတို့သာ အကျိုးရှိပြီး ကျနော်တို့အပေါ် ကောင်းစွာ ဆက်သွယ်ခဲ့ခြင်းမရှိခဲ့ဘူး။ နာဂ အရေးကိစ္စဟာ တခြား တိုင်းရင်းသားများ အရေးကိစ္စနဲ့ မတူကွဲပြားကြောင်း မြန်မာအစိုးရ ကောင်းကောင်း သိပါတယ်။ နာဂကို NCA လက်မှတ်ထိုးဖို့ တွန်းအားပေးခြင်းထက် ပိုထိရောက်တဲ့ တခြား နည်းလမ်းကိုလည်း မြန်မာအစိုးရ တတ်စွမ်း နိုင်ပါတယ်” ဟု ပြောသည်။
နာဂတိုင်းရင်းသားများသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အသီးသီး နေထိုင်လျက်ရှိကြသည်။
အိန္ဒိယနိုင်ငံတွင် နာဂမျိုးနွယ်စု ၃၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၃ သန်းကျော်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်မူ နာဂ မျိုးနွယ်စု ၁၅ စုရှိကာ လူဦးရေ ၄ သိန်း ဝန်းကျင်ရှိကြောင်း သိရသည်။
အဆိုပါ အိန္ဒိယနာဂနှင့် မြန်မာနာဂတို့ကို တစုတစည်းတည်း ပေါင်းစည်းနိုင်ရေးနှင့် နာဂပြည်ထောင်စု တခု ထူထောင်ရန်အတွက် နာဂအမျိုးသားကောင်စီ (NNC) က ဦးဆောင်ခဲ့သော်လည်း ၁၉၇၅ ခုနှစ်မှာ အိန္ဒိယ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူသွားခဲ့သည်။
ထို့နောက် တချို့သော နာဂနိုင်ငံရေးသမားများက နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) ကို ၁၉၈၀ ခုနှစ်မှာ ဖွဲ့စည်း၍ နာဂနိုင်ငံရေးကို ဆက်လက် ဆောင်ရွက်ခဲ့သော်လည်း ခေါင်းဆောင်များကြား သဘော ထားများ ကွဲလွဲပြီး ၁၉၈၈ ခုနှစ်တွင် NSCN-K နှင့် NSCN-IM ဆို၍ ၂ ခြမ်းခွဲသွားခဲ့သည်။
လက်ရှိ NSCN-K သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်း မြို့နယ်အတွင်းမှာ အခြေစိုက်၍ ဦးယုံးအောင်က ဦးဆောင်၍ နာဂနိုင်ငံရေးအား ဆောင်ရွက်နေပြီး NSCN- IM ကမူ အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်မှာ အခြေစိုက်ပြီး အိုက်ဇက်ချီရှီဆူနှင့် မွီးဗာတို့ ဦးဆောင်ကာ နာဂ နိုင်ငံရေးကို ဆောင်ရွက်နေသည်။
အဆိုပါ နာဂ လက်နက်ကိုင် ၂ ဖွဲ့အနက် NSCN-IM သည် ၁၉၉၇ ခုနှစ်က အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေး ယူ၍ ၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးမူဘောင်တခုကို အတူတကွ ပူးပေါင်းရေးဆွဲကာ အကောင်အထည်ဖော်လျက်ရှိပြီး NSCN-K ကမူ ၂၀၁၂ ခုနှစ်မှာ မြန်မာအစိုးရဖြင့် တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုး ထားသည်။
ယခင်က NSCN-K နှင့် အိန္ဒိယအစိုးရကြား ၂၀၀၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သော်လည်း နောက်ပိုင်း ပျက်ပြယ်သွားကာ တိုက်ပွဲများ မဏိပူရ်ပြည်နယ်အတွင်းမှာ မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ရှိ သည်။
အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့သည် နာဂလက်နက်ကိုင်များ၏ လွတ်လပ်ရေး တောင်းဆိုမှုကို တော့ အသိအမှတ်ပြု လက်မခံကြကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူများက ပြောထားကြသည်။
NSCN-K မှ လူထုဆက်ဆံရေးအရာရှိ ဂျိုးဇက်လမ်ကန် က “မြန်မာနိုင်ငံဟာ တည်ငြိမ်မှုမရှိပါဘူး။ တိုင်းရင်းသား အားလုံး ခြိမ်းခြောက်ခံနေရတဲ့အတွက် ပျော်ရွှင်မှု မရှိဘူး။ တိုင်းရင်းသားအရေးသို့ ဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စိတ်ပါလက်ပါ ပြောင်းလဲ ပြင်ဆင်ခြင်း မရှိဘူးဆိုရင် မဝေးလှတဲ့ အနာဂတ်မှာလည်း မြန်မာနိုင်ငံဟာ တည်ငြိမ်စွာ မြင်ရမှာ မဟုတ်ဘူး” ဟု ပြောသည်။
ဆက်စပ်ဖတ်ရှူရန်
ဖမ်းဆီးခံထားရသည့် NSCN-K မှ ခေါင်းဆောင် ၅ ဦး ပြန်လွတ်လာ
နာဂတွင် တပ်တွင်း ပစ်ခတ်မှုဖြစ်ပွား၍ အရာရှိ ၁ ဦး ကျဆုံး
တပ်မတော် အပစ်ရပ်စာချုပ်ကို ချိုးဖောက်နေဟု NSCN-K ပြော