ရန်ကုန်မြို့ ကမာရွတ် မြို့နယ် ၃ ရပ်ကွက် ပန်းခြံလမ်းနှင့် လင်းရောင်ခြည်လမ်းကြားရှိ ရဲဘော်သုံးကျိပ် ပန်းခြံ ပြန်လည် ရရှိရေး အတွက် ဒေသခံ ပြည်သူများက တောင်းဆို လိုက်သည်။
သမိုင်းဝင် ရဲဘော်သုံးကျိပ် ပန်းခြံ ပြန်လည်ရရှိရေး အတွက် သတင်းစာ ရှင်းလင်းပွဲကို ဇွန်လ ၄ ရက်တွင် ရန်ကုန်မြို့ တော်ဝင် နှင်းဆီ စားသောက်ဆိုင်၌ ဒေသခံများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ဦးဆောင် ကျင်းပကြသည်။
ယင်း အခမ်းအနားတွင်“သမိုင်းဝင် ပန်းခြံ ဖြစ်တဲ့အတွက် မလုပ်ကောင်းပါဘူး။ ပန်းခြံနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ၇ ရပ် ကွက် ထဲမှာပါတဲ့ စည်ပင်က သိမ်းထားတဲ့ မြေဧက အများကြီး ရှိပါတယ်။ ဒီကွန်ဒို ဆောက်ဖို့ကို တန်းဖိုး ရှိတဲ့ သမိုင်း ဝင် ပန်းခြံကို ကျနော်တို့ မဖျက်စေချင်ဘူး”ဟု ပြောသည်။
အဆိုပါ ပန်းခြံမြေနေရာ ပြန်လည် ရရှိရေးအတွက် ဒေသခံများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော် ခြင်းကို ၄ ကြိမ် တိုင်တိုင် ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာမှ တုံ့ပြန်မှု နှေးကွေးနေပါသည်ဟု ကိုထွားကြီး (၈၈-အရေးတော်ပုံ) က ပြောကြားသည်။
ထို့ပြင် သမိုင်းဝင် ရဲဘော်သုံးကျိပ် ပန်းခြံ ပြန်လည်ရရှိရေးနှင့် ပန်းခြံပေါ်တွင် ဆောက်လုပ်နေသော လုပ်ငန်း အားလုံး အမြန်ဆုံး ရပ်ဆိုင်းပေးရန် ပြည်သူများ တောင်းဆိုထားသည့် လက်မှတ်များကို မတ်လ ၂၈ ရက်နေ့က တကြိမ်၊ မေလ ၂၃ ရက်နေ့က တကြိမ် နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ရန်ကုန် တိုင်း ဝန်ကြီးချုပ်နှင့် ရန်ကုန် မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး တို့ထံ တင်ပြခဲ့သည်ဟု ဆိုသည်။
သမိုင်းဝင် ရဲဘော် သုံးကျိပ် ပန်းခြံသည် ၁၉၅၈ ခုနှစ်က ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန်က ရဲဘော် သုံးကျိပ် ဝင် ခေါင်းဆောင်များအား အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် ရဲဘော်သုံးကျိပ် ပန်းခြံဟု အမည်ပေးကာ ရဲဘော် သုံးကျိပ်ဝင် တချို့နှင့် ပန်းခြံကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခင်က ထိုပန်းခြံတွင် နွေရာသီကျောင်းပိတ်ရက် ကာလ၌ ဦးမောင်မောင် ဆပ်ကပ်အဖွဲ့နှင့် အခြား ဇာတ်သဘင် များလည်း ရုံသွင်း ကပြခဲ့သည့်နေရာ ဖြစ်သည်။
ယင်းပန်းခြံသည် ၂၀၁၁ခုနှစ် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက တာ ဝန်ယူ အုပ်ချုပ်စဉ် ကာလမှ စပြီး ၂၀၁၅ ခုနှစ်အထိ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးအဖြစ် တည်ရှိဆဲ ဖြစ်ကြောင်း သိရသည်။
ကမာရွတ် ပန်းခြံလမ်းတွင် နေထိုင်သူ ဦးလှမြင့်က“ဒီဟာဆောက်တာနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာမှမသိခဲ့ ရဘူး။ မတ်လ ၂၂ရက် ကျနော့် အိမ်ရှေ့မှာ ပန္နက်လာရိုက်တယ်။ တရားနာဖို့ ခေါ်တော့မှ သိရတာ”ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက အဆိုပါ အဆောက်အအုံ ဆောက်လုပ် လိုက်ပါက ပန်းခြံ အတွင်းရှိ သက်ကြီးပင်များ ပျောက် ကွယ် သွားမည် ဖြစ်ပြီး ဒေသခံများ အတွက် နားခိုစရာ ပျောက်သွားမည် ဖြစ်ကာ ကလေးများ အတွက်လည်း ကစား ကွင်း ပျောက်သွားနိုင်သည်ဟုလည်း ဆိုသည်။
ဘိုးတော်ခင်ဝင်း (၇၅- ကျောင်းသား ခေါင်းဆောင်) က ယင်း ပန်းခြံရရှိရေး အတွက် ကော်မတီဖွဲ့ပြီး တောင်းဆိုမှုကို နည်းမျိုးစုံဖြင့် လှုပ်ရှား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
You May Also Like This Story:
ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာကိစ္စ ပြောပါရစေ