စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း၌ ကြေးနီနှင့်ဆက်စပ်သတ္ထုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်း လုပ်ဆောင်နိုင်ရန် တိုင်းဒေသကြီး၏ သဘောထားမှက်ချက် တောင်းခံထားမှုကို ဒေသခံများ၏ သဘောထား အပေါ်မူတည်ပြီး လုပ်ဆောင်သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောသည်။
အဆိုပါ ကြေးနီနှင့် ဆက်စပ်သတ္ထုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းကို Myanmar Yang Tse Copper Ltd မှ လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ်ဝန်းကျင်ဒေသရှိ ဧက ၁၁၃၉၇၃ ဒသမ ၁ ဧကတွင် လုပ်ဆောင်နိုင်ရန် လျာထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် က “လက်ရှိမှာတော့ ဒေသခံတွေရဲ့ သဘောထား မေးမြန်းဆဲဖြစ်ပါတယ်၊ ဒေသခံတွေရဲ့ သဘောထား အပေါ် မူတည်ပြီးတော့ ဒီစီမံကိန်းအပေါ်မှာ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ စီမံကိန်းကို Myanmar Yang Tse Copper Ltd မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္ထု ရှာဖွေရေးဦးစီးဌာန တို့နှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်ဒေသကြီး အတွင်းရှိ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ်ဝန်းကျင် ဒေသသည် စပယ်တောင်၊ ကြေးစင် တောင်ဆက်စပ်မြေ ဧရိယာဖြစ်သဖြင့် ဘူမိဗေဒ သဘောတရားအရ ကြေးနီသိုက် ဖြစ်ထွန်းမှု ရှိနေကြောင်း၊ ယခုအခါ ပြည်ထောင်စု အဆင့်မှ စိစစ်၍ ရှာဖွေခွင့်၊ စမ်းသပ်တိုင်းတာခွင့်၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာခွင့်ကို လက်ခံ သဘောတူထားပြီး ခွင့်ပြုမိန့် ပေးနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ကို တောင်းခံထားကြောင်း သိရသည်။
ဗိုလ်မှူးကြီး သန်းထွန်းအောင်က “လက်ရှိမှာတော့ စမ်းသပ်ဖို့အတွက်ကို တင်ပြထားတာပဲရှိသေးတယ်၊ စမ်းသပ်နေတာမရှိသေးပါဘူး၊ ပြည်ထောင်စု အဆင့် ကို မြေဧက ၁ သိန်းကျော်မှာ စမ်းသပ်မှုတွေလုပ်ဖို့ တင်ထားတာ၊ အဲဒီမှာ ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သဘောထား မှတ်ချက်ကို ပြန်လည် တောင်းခံထားတယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ကတော့ သဘောထား ပြန်ကြားဖို့အတွက် ဒေသခံ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေနဲ့ ဒေသခံတွေရဲ့ သဘောထားတွေကို ရယူမေးမြန်းနေဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။
Myanmar Yang Tse Copper Ltd အနေဖြင့် ကြေးနီနှင့် ဆက်စပ်သတ္ထုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက် နိုင်စွမ်းလေ့လာရေး လုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်သို့ ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်းက တင်ပြခဲ့ပြီး အောက်တိုဘာ ၂၉ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မြေစာရင်း ပုံစံကူးယူခွင့်နှင့် သဘောထား မှတ်ချက်ကို တောင်ခံခဲ့ခြင်းဟု သိရသည်။
Myanmar Yang Tse Copper Ltd မှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းလွင်မြင့် က “စမ်းသပ်တိုင်းထွာရှာဖွေတယ်၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာတယ်ဆိုတာ လုပ်ငန်းလုပ်တာ မဟုတ်ဘူး၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုလည်းမရှိပါဘူး၊ စမ်းသပ်ရှာဖွေတယ်ဆိုတာမှာလည်း သတ်မှတ်ဧရိယာထဲကနေ ခဲ၊ ကျောက်၊ မြေကြီးစတာတွေကို နမှုနာယူပြီးတော့မှ ဓာတ်ခွဲစမ်းသပ်ပြီးတော့မှ ဘူမိဗေဒကြောအရ ရှိနိုင်မယ့်နေရာကို လိုအပ်မှသာ အစမ်းတွင်း လွန်တူး တာမျိုးတွေလုပ်ဆောင်သွားမှာပါ၊ အဲဒီလို လွန်တူးစပ်သပ်ဖို့ လုပ်ဆောင်ရမယ့် နေရာမှာ ဒေသခံတွေရဲ့ အကျိုးကို ရှေးရှုပြီး ထိုက်သင့်တဲ့ ထောက်ပံ့မျိုးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားမှတ်ချက် တောင်းခံထားသည့်အပေါ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေ ဖြင့် သက်ဆိုင်ရာဦးစီးဌာနများ၊ လွှတ်တော် ကိုယ်စာလှယ်များ ပါဝင်သော ကော်မတီကို ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးကာ ပြည်သူအား အသိပေးရှင်းလင်းခြင်းများကို ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ဗိုလ်မှုးကြီး သန်းထွန်းအောင် က “ကျနော်တို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စီမံကိန်းတွေ၊ ရင်းနှီးမြုပ်နှံမှုတွေ အများကြီး ကမ်းလှမ်းတဲ့အခါမှာ ဒေသခံ တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကိုပါ ထည့်တွက်ပြီး စဉ်းစားပါတယ်၊ ပြီးတော့ တိုင်းအတွင်းမှာ ဘယ်လိုသယံဇာတတွေ ရှိတယ်ဆိုတာကိုလည်း ပြည်သူတွေကို ချပြပေးသွားမှာပါ၊ တိုင်းပြည် တိုးတက်ဖို့အတွက်ဆိုပေမယ့် အဓိက ပြည်သူကိုပဲ မူတည်ပြီး စဉ်းစားပါတယ်” ဟု ပြောသည်။
ကုမ္ပဏီမှ စမ်းသပ်တိုင်းတာရေး လုပ်ငန်းဆောင်ရွက်စဉ် ကာလတွင် ဘူမိဗေဒ မြေပုံရေးဆွဲခြင်း၊ ဘူမိဗေဒ ဆိုင်ရာ စမ်းသပ်ခြင်းများ (မြေသားနမူနာ၊ ကျောက်နမူနာ၊ အလေးစီးနမူနာများ ရယူဓာတ်ခွဲစမ်းသပ်ခြင်း)၊ လွန်တူး ဖော်ခြင်း လုပ်ငန်းများကိုသာ လုပ်ဆောင်သွားမည်ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုများမရှိနိုင်ကြောင်း သိရသည်။
ကြေးနီနှင့်ဆက်စပ်သတ္ထုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့်ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်း လုပ်ဆောင်နိုင်ရန်အ တွက် Myanmar Yang Tse Copper Ltdမှ အမေရိကန် ဒေါ်လာ ၆ သန်းမှ ၁၀ သန်းအထိ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး လုပ်ဆောင်ခွင့်ရရှိပါက နိုင်ငံတော်မှ မြေငှားရမ်း သုံးစွဲခွင့်ရရှိခြင်း၊ ဒေသခံများ အလုပ်အကိုင်ရရှိခြင်း၊ ဒေသတွင်း သတ္ထုဖြစ်ထွန်းမှု အချက်အလက်များကို ရရှိမည်ဟု သိရသည်။
ဗိုလ်မှုးကြီး သန်းထွန်းအောင်က “တိုင်းအတွင်းမှာ စီမံကိန်းကြီးတခုသာ ဝင်လာမယ်ဆိုရင် လူပေါင်း ၄၊ ၅ ထောင် လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်မယ်၊ နောက်ပြီး အဲဒီဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း ထိုက်သင့်သလောက် ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်၊ နိုင်ငံတော် အတွက်လည်း အခွန်ဘဏ္ဍာငွေတွေလည်း အများကြီး ရရှိလာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
Myanmar Yang Tse Copper Ltd မှ Proposal တွင် ဧက ၁ သိန်းကျော် တင်ပြထားသော်လည်း အားလုံး အသုံးပြုသွား မည်မဟုတ်ဘဲ အစိုးရအဖွဲ့၏ ခွင့်ပြုချက်များအတိုင်းသာ လုပ်ဆောင်သွားမည်ဟု သိရသည်။
ဦးအုန်းလွင်မြင့်က “စမ်းသပ်ရှာ ဖွေခွင့်ကိုပဲ တင်ပြထားတာပါ၊ မြေတွေကို သိမ်းမယ်ဆိုတာမျိုးမဟုတ်ဘူး၊ Proposal မှာ သာသနာ့နယ်မြေ၊ ရှေးဟောင်းနယ်မြေတွေကို ရှောင်းရှားပြီး ပတ်ဝန်းကျင်ထိခိုင်မှုမရှိအောင် လုပ်ဆောင်ပါမယ် ဆိုတာလည်း ပါပါတယ်၊ အဓိကကတော့ ဒေသလိုအပ်ချက်နဲ့ဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်း ကူညီလုပ်ဆောင် ပေးပါမယ်ဆိုပြီး ကတိပြုထားပါ တယ်” ဟု ပြောသည်။
ကြေးနီနှင့်ဆက်စပ်သတ္ထုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့်ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းကို လုပ်ဆောင်မည် ဆိုပါက ဒေသခံများ၏ သဘောထားကိုလည်း ထည့်တွက်ရန်လိုအပ်ပြီး ပွင့်လင်မြင်သာစွာ သတင်းထုတ်ပြန်ပေးသင့်သည် ဟု အဆိုပါဒေသခံများက ပြောသည်။
ယင်းမာပင်မြို့နယ်မှ ဒေသခံတောင်သူ ဦးစိုးအောင် က “ကျနော်တို့ နယ်မှာက တခုခုဆိုရင် အမြဲခံနေရတဲ့ဘက်က ဖြစ်နေတာများတယ်၊ အဲဒီတော့ အခုစီမံကိန်းကို သဘောတူဖို့ ဆိုရင် အစိုးရဘက်ကရော၊ ကုမ္ပဏီဘက်ကပါ ပွင့်လင်းမြင်သာရှိဖို့ လိုအပ်ပါတယ်၊ ဒါမှသာ အစိုးရနဲ့ပြည်သူ၊ ပြည်သူနဲ့ ကုမ္ပဏီ ထိပ်တိုက်တွေ့ဆုံမှုတွေ မဖြစ်မှာ၊ ပြည်သူတွေနဲ့ ညှိနှိုင်းမှု တွေအရင်လုပ်ပြီးမှ တူးဖော်တာပဲဖြစ်ဖြစ်၊ စမ်းသပ်ရှာ ဖွေတာပဲဖြစ်ဖြစ် လုပ်သင့်တယ်”ဟု ပြောသည်။
အဆိုပါကဲ့သို့ စမ်းသပ်ရှာဖွေရာတွင် တွေ့ရှိမှုအပေါ်မူတည်၍ Myanmar Yang Tse Copper Ltdက တူးဖော်ခွင့်ကို တိုက်ရိုက် ရရှိမည်မဟုတ်ဘဲ ပြည်ထောင်စုအဆင့်မှ သတ္ထုတူးဖော်ရေးအတွက် သဘောတူစာချုပ်ချုပ်ဆို၍ တရားဝင်ခွင့်ပြု ပေးမှသာ ထုတ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။
လက်ပံတောင်းဒေသခံ ဦးကျော်နိုင် က “စီမံကိန်းနဲ့ ပက်သက်ပြီး ပြည်သူ့သဘောထားကို အလေးထားတယ် ဆိုတာကိုတော့ အသိအမှတ်ပြုပါတယ်၊ လက်ရှိအစိုး ရက ပြည်သူကို အဓိကထားတယ်လို့သာ ပြောနေတာ၊ လက်ရှိမှာကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် ပြည်သူတွေနဲ့ တွေ့မယ်ပြောထားပြီး အခုအချိန်ထိ မလာသေးဘူး၊ အဲဒီတော့ တကယ်ပြည်သူကို အလေးထားတယ်ဆိုရင် မြေပြင်ကို ကွင်း ဆင်းစစ်ဆေးပြီးမှ ခွင့်ပြုသင့် မပြုသင့် ဆုံးဖြတ်ပေးပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ယခုအခါ Myanmar Yang Tse Copper Ltd သည် မြန်မာ့စီပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်နှင့် အကျိုးတူ ပူးပေါင်းဖွဲ့စည်း ထားပြီး နိုင်ငံတော်အား အခွန်ပေးဆောင်ရမည်များကို ပေးဆောင်၍ ကြေးနီးစီမံကိန်းကို စပယ်တောင်နှင့် ကြေးစင် တောင်များ၌ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
လက်ပတောင်းဒေသ ကြေးနီတူးဖော်ရေး ဆောင်ရွက်ရာတွင် မျှတမှုရရှိရေး တောင်းဆိုနေကြသည့် ဒေသခံတောင်သူများနှင့် ကုမ္ပဏီအကြား ပြဿနာများ ရှိခဲ့ပြီး လူသေဆုံးမှုများပင် ရှိခဲ့သည်။
You May Also Like These Stories:
မြန်မာယန်စီ တောင်းသည့် မြေဧက ၁ သိန်းကျော်အတွက် စစ်ကိုင်းအစိုးရ သဘောထား တောင်းခံ
မြန်မာယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီက ထပ်တိုးမြေဧက တသိန်းလျှောက်ထား
ကြေးနီစီမံကိန်း သိမ်းဆည်းမြေယာကိစ္စ လွှတ်တော်တွင် မေးခွန်းထုတ်