မြန်မာနိုင်ငံသို့ အနောက်နိုင်ငံများမှ ခရီးသွား ဝင်ရောက်မှုများ ပြန်လည် မြင့်တက်လာစေရန် ဥရောပ နိုင်ငံ ၆ နိုင်ငံကို ဆိုက်ရောက် ဗီဇာ ခွင့်ပြုပေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနက သိရသည်။
လက်ရှိအချိန်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက် ရှိပြီး ယခုလအတွင်း၌ ခွင့်ပြုချက် ရရှိနိုင် မည် ဖြစ်ကာ ခရီးသွားရာသီ ဖြစ်သည့် အောက်တိုဘာလတွင် ယင်းအစီအစဉ် စတင်မည် ဖြစ်ကြောင်း ဟိုတယ်/ခရီး ဝန်ကြီးဌာန၏ ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ဧရာဝတီသို့ ပြောသည်။
၎င်းက “ဘယ်နိုင်ငံတွေ ပါမလဲ ဆိုတာက ခွင့်ပြုချက် ထွက်လာပြီးမှပဲ အတည်ပြု ပြောကြားနိုင်ပါမယ်။ အဓိက မြန်မာနိုင်ငံ နဲ့လည်း ဆက်ဆံရေး ကောင်းတယ်၊ ကျနော်တို့ဆီကို လာဖို့ စိတ်ဝင်စားကြတယ်တဲ့ နိုင်ငံတွေပဲ ဖြစ်မှာပါ” ဟု ဆိုသည်။
ဆိုက်ရောက်ဗီဇာ (Visa on Arrival) မှာ မြန်မာနိုင်ငံသို့ လာရောက်မည် ဆိုပါက သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာသံရုံးတွင် ဗီ ဇာကြိုတင် လျှောက်ထားစရာ မလိုဘဲ မြန်မာပြည် လေဆိပ်ရောက်မှသာ လျှောက်ထားနိုင်ပြီး ဗီဇာကြေး အဖြစ် အမေရိ ကန် ဒေါ်လာ ၅၀ ကျသင့်မည် ဖြစ်ကာ ရက်ပေါင်း ၃၀ နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။
ဆိုက်ရောက်ဗီဇာ ပေးမည့် ဥရောပ နိုင်ငံ ၆ နိုင်ငံမှာ စပိန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ရုရှား၊ ဂျာမနီ နှင့် ပစိဖိတ် ဒေသရှိ သြစ တြေးလျ စသည့် နိုင်ငံတို့ ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရသည်။
ဦးအောင်အေးဟန်က “အနောက်နိုင်ငံတွေကလည်း ရခိုင်ကိစ္စကြောင့် နည်းနည်းလေး အဝင် နည်းနေတာပေါ့။ အနောက် နိုင်ငံတွေက ခရီးသွားတွေ တက်လာဖို့က ဒီ ဗီဇာကိစ္စ တခုတည်းနဲ့ မရဘူးလေ။ ဒါကို သူတို့သိအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လည်း လိုပါသေးတယ်” ဟု ပြောဆိုသည်။
ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ကိန်းဂဏန်းများ အရ တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံ တို့မှ ခရီးသွား ဝင်ရောက်မှုမှာ တနှစ် လျှင် သိန်းနှင့် ချီ၍ လာရောက် လည်ပတ်လျက် ရှိပြီး ဥရောပနိုင်ငံများထဲတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်မှုများသော ဂျာမနီ နှင့် ပြင်သစ် နိုင်ငံများမှ ခရီးသွားမှာ တသောင်း ဝန်းကျင်သာ ဝင်ရောက်လျက် ရှိသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက “ဒါက အပေါင်းလက္ခဏာ ဆောင်တဲ့ အရွေ့ တခုပါ။ ခရီးသွားလုပ်ငန်းတွေ အတွက် အများကြီး ကောင်းပါတယ်။ ကျနော်တို့က နိုင်ငံ၂၀ လောက် အထိ ခွင့်ပြုဖို့ အဆိုပြု ထားတော့ ဒါတော့ ပထမ အဆင့် အနေနဲ့ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက “တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အနောက်နိုင်ငံက ဝင်တဲ့ ခရီးသွားက အများကြီး နည်းပါသေးတယ်။ တခြားနိုင်ငံတွေ ဆိုရင် ဂျာမနီတို့ ပြင်သစ်တို့က သိန်းချီပြီးတော့ ဝင်နေကြတာ။ နည်းနည်းတော့ စောင့်ရမှာပေါ့။ East ရော West ရော ပိုပြီး တော့ ကောင်းလာမှာ” ဆိုသည်။
လက်ရှိ အချိန်တွင် မလေးရှားနိုင်ငံမှ လွဲ၍ အာဆီယံ နိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ မကာအိုနှင့် ဟောင် ကောင် စသည့် နိုင်ငံတို့နှင့် တရုတ်နိုင်ငံကို ဆိုက်ရောက် ဗီဇာ ခွင့်ပြုပေးထားကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်တနှစ်လုံးတွင် မြန်မာနိုင်ငံသို့ ခရီးသွား ဝင်ရောက်မှုသည့် လူဦးရေ သုံးသန်းကျော် ရှိပြီး ယင်းထဲတွင် တရုတ် နိုင်ငံမှ ခရီးသွားများသည် အများဆုံး ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သိရသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာမှ ဇန်နဝါရီလ အထိ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုသည် ၃၂၅၀၅ ရှိခဲ့ပြီး၂၀၁၉ ဇန်နဝါရီလ အထိ ၃၈၀၁၇၂ အထိ ရှိခဲ့ကာ ယင်းအနက် ဥရောပနိုင်ငံများမှ ခရီးသည် လေးသောင်းဝန်းကျင်နှင့် ကျန်ခရီးသည်များမှာ တရုတ်နှင့် အာရှနိုင်ငံများက ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ယခင်နှင့်နှင့်နှိုင်းယှဉ်ပါက ခရီးသွားဦးရေလည်း အနည်းငယ် တိုးတက်လာခဲ့ပြီး ထိုအထဲတွင် တရုတ် ခရီးသွား ဝင်ရောက်မှုသည် နှစ်ဆကျော် အထိ တိုးတက်လာလျက် ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန်ကနေ အင်္ဂလန်အထိ ဆိုင်ကယ်မောင်းပြီး ကမ္ဘာပတ်မယ့် မြန်မာနိုင်ငံသား နှစ်ယောက်
ထိုင်းကွန်မြူနစ် စခန်းဟောင်းများက ခရီးသွားများ အတွက် ဆွဲဆောင်စရာဖြစ်လာ
တောင်ကြီးရောက်ရင် သွားသင့်တဲ့ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ဂူဗိမာန်
ဧရာဝတီမြစ်နဘေးက ပုလွေဆရာတို့ရဲ့ စလေအညာ