မန္တလေး စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ဆောင်ရွက်မည့် ယူရို ၅၉ ဒသမ ၉၂ သန်းတန် ပြည်ကြီးတံခွန် မြို့နယ် ရေပေးဝေရေး စီမံကိန်းကို လုပ်ငန်း ရည်ရွယ်ချက် အတိုင်း မအောင်မြင်ဘဲ အဟောသိကံ (အကျိုးမဲ့ )မဖြစ်ရန် လိုအပ်ကြောင်း လွှတ်တော်အမတ်များက အကြံပြုသည်။
ဒုဋ္ဌဝတီမြစ်ရေတင် စီမံကိန်း အကောင်အထည် ဖော်ရန် နယ်သာလန်နိုင်ငံ ဒတ်ချ် ဖွံ့ဖြိုးမှု ဘဏ် (FMO)နှင့် ING ဘဏ်တို့ ထံံမှ ချေးငွေ ရယူရေး ယမန်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးပြောဆိုရာ၌ လွတ်တော်အမတ်များက ထိုသို့ အကြံပြုပြောဆိုခြင်းဖြစ် သည်။
၂၀၁၃ ခုနှစ် ကလည်း မြန်မာငွေ ၅ ဘီလျံခန့် ကုန်ကျသည့် မန္တလေးမြို့ ဧရာဝတီ မြစ်ရေတင် စီမံကိန်း ဆောင်ရွက်ခဲ့သော် လည်း မအောင်မြင်ခဲ့ကြောင်း၊ ထိုအတွက် ယခု ဒုဋ္ဌဝတီ မြစ်ရေတင် စီမံကိန်းကိုမူ အောင်မြင်စေချင်ကြောင်း အောင်မြေ သာဇံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောသည်။
“ဧရာဝတီ မြစ်ရေတင် စီမံကိန်းတုန်းက ရေဂါလံ လေးသန်းလောက် ရမယ်ဆိုပြီး ရည်ရွယ် ဆောင်ရွက်ခဲ့ပေမယ့် နည်း ပညာနဲ့ ဒီဇိုင်း မှားယွင်းမှုကြောင့် ရေဂါလံ ၂သိန်းတောင် မထွက်ချင် ဖြစ်ခဲ့ရပါတယ်။ အဟောသိကံ ဖြစ်ခဲ့ရတယ်၊ အခု လည်း ဒုဋ္ဌဝတီမြစ်ရေကို ရယူမှာဖြစ်တာကြောင့် ဒီလိုမျိုး အမှားအယွင်းမျိုး မဖြစ်ရလေအောင် နည်းပညာ၊ ဒီဇိုင်းအားလုံး ဟာ စနစ်တကျ ဆောင်ရွက်ပေးမယ် ဆိုရင်တော့ အကောင်းဆုံး ဖြစ်လာမယ်လို့မျှော်လင့်ပါတယ်”ဟု ဒေါက်တာလှမိုး က ပြောသည်။
ယခု နယ်သာလန်ချေးငွေကို ရေပေးဝေရေး လုပ်ငန်းမှ ပြန်ရသည့် ငွေဖြင့် ပြန်ဆပ်ရမည် ဖြစ်၍ ဤ စီမံကိန်း အကောင် အထည်ယူရို မဖော်မီနှင့် ပြီးစီးချိန်တွင် ချေးငွေ ပြန်ဆပ်နိုင်ရေး မန္တလေး မြို့တော် စည်ပင်အနေဖြင့် ကြိုတင်စီမံ ဆောင်ရွက် သင့်ကြောင်းလည်း ကိုယ်စားလှယ်များက အကြံပြုသည်။
“ဒီနေရာမှာ မေးမြန်းလိုတာက ဒီ ရေဖြန့်ဝေရေး စီမံကိန်း အနေနဲ့ ဘယ်အချိန် ဝင်ငွေ စတင် ရရှိမလဲ၊ တနှစ်ကို ခန့်မှန်း ဘယ်လောက်ရမလဲ၊ ပေးရမယ့် အတိုးငွေကို ဘယ်ကရှာပြီးဆပ်မှာလဲ ၊ မန်းလေးမြို့တော်စည်ပင်သာယာရေးအဖွဲ့ရဲ့ တနှစ်ဝင်ငွေ အနေနဲ့ ယခုချေးငွေအပါအဝင် ချေးငွေများ နှစ်စဉ်ပေးဆပ်ရမယ့် အရင်း၊ အတိုး ပမာဏကို ပြည့်ပြည့်ဝဝ ပေးဆပ်နိုင်မယ့် ဝင်ငွေရှိမရှိ ဒါကိုလည်း လွှတ်တော်ကို ရှင်းလင်းချပြဖို့ အကြံပြုလိုပါတယ်” ဟု ကရင်ပြည်နယ် လှိုင်းဘွဲ့ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာလှမိုးက “ဒီချေးငွေကို ပြည်ထောင်စု အစိုးရက တာဝန်ခံပြီး ချေးပေမယ့် တာဝန်ယူပြီး ပြန်ဆပ်ရမှာက မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီဖြစ်ပါတယ်။ စနစ်တကျပြန်ဆပ်နိုင်ဖို့အတွက် မန္တလးမြို့ စည်ပင်သာယာရေးကော်မတီအနေနဲ့ ဒီစီမံကိန်း အကောင်အထည်ဖော်ပြီးနောက်မှာရော မဖော်ခင် ကာလမှာ ရော အခွန် အရပ်ရပ်ကို စနစ်တကျ ကောက်ခံဖို့ စီမံကိန်းများ ချမှတ် ဆောင်ရွက် သင့်ပါတယ်”ဟု အကြံပြုသည်။
လွှတ်တော်ကိုယ်စားလှယ် တချို့ကမူ မြေအောက်ရေကို ထုတ်ယူ သုံးစွဲခြင်းထက် မြေပေါ်ရေကို ပိုမို အသုံးချမည့် ယခု စီမံကိန်းသည် အနာဂတ် ရည်မှန်းချက်များနှင့်လည်း ကိုက်ညီသည့် အတွက် ချေးယူသင့်ကြောင်း ထောက်ခံဆွေး နွေး သည်။
“ဒုဋ္ဌဝတီမြစ်ရေကို ဧရာဝတီမြစ်ထဲ အလဟဿ စီးဝင်သွားမယ့် အစား ပြည်သူတွေ လိုအပ်တဲ့ သောက်သုံးရေအတွက် အကျိုးရှိရှိ သုံးစွဲလိုက်ခြင်းဟာ ကောင်းတယ်၊ ရေမီတာတွေ တပ်တယ်၊ ပြီးတော့ငွေပြန်ရမယ်၊ ချေးငွေတွေ အကြွေး ပြန်ဆပ်နိုင်မယ်။ အားလုံး ချိတ်ဆက်ထားတာဟာအလွန် သဘာဝကျတယ်လို့ ပြောချင်ပါတယ်”ဟု ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုသိန်းက ပြောသည်။
ယူရို သန်း ၆၀ခန့်ကုန်ကျမည့် ယင်းစီမံကိန်းအတွက် နယ်သာလန်နိုင်ငံ FMOနှင့် ING Bank မှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးယူမည်ဖြစ်ပြီး၊ ကျန် ယူရို ၂၉ ဒသမ ၉၆ သန်းကို နယ်သာလန်အစိုးရက ပြန်ဆပ်ရန်မလိုသော ထောက်ပံ့ငွေအဖြစ် ပေးမည်ဖြစ်သည်။
ချေးငွေပြန်ဆပ်ကာလမှာ ၁၀ နှစ်၊ ဆိုင်းငံ့ကာလမှာ ၃နှစ်ဖြစ်ပြီး၊ အတိုးနှုန်းမှာ ၁ နှစ်လျှင် ၂ ဒသမ ၃၆ရာခိုင်နှုန်း ၊ Facility Agent Fee ၁နှစ်လျှင် ယူရို ၁သောင်းခွဲ၊ Upfront Fee အဖြစ် ချေးငွေပမာဏ၏ ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ကတိခံကြေး ဝ ဒသမ ၄ ရာခိုင်နှုန်း၊ Consaltant Fee ၁ ဒသမ ၅ ရာခိုင်နှုန်းတို့ဖြစ်ပြီး မန္တလေးစည်ပင်က စီမံကိန်းအကောင်အထည်ဖော်၍ ချေးငွေကို ပြန်လည်ပေးဆပ်မည်ဖြစ်သည်။
ဒုဋ္ဌဝတီ မြစ်ရေတင် စီမံကိန်းသည် အမရပူရမြို့နယ် တလင်းကြီး ကျေးရွာတွင် တည်ဆောက်နေပြီးပြည်ကြီးတံခွန်မြို့နယ် နှင့် အမရပူရမြို့နယ် အရှေ့ခြမ်းသို့ ရေပေးဝေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
စီမံကိန်းလုပ်ငန်းကာလအဖြစ် ၂၀၁၉ မှ ၂၀၂၁ အထိသတ်မှတ်ထားပြီး ပထမအဆင့်အဖြစ် ဒုဋ္ဌဝတီမြစ်ရေသန့်စင်စက်ရုံ၊ ပင်မရေပိုက်လိုင်း၊ ရေတူးစက်ရုံ၊ ရေပိုက်လို ်းနှင့် ရေသွယ်မီတာ အလုံး ၁သောင်း တပ်ဆင်မှာ ဖြစ်ပြီး၊ ဒုတိယအဆင့် အနေဖြင့် ကျန်ရှိသည့် ရေပိုက်လိုင်းနှင့် ရေသွယ်မီတာ ၁သောင်း ကို ဆက်လက် တပ်ဆင်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ သိရသည်။
မန္တလေးမြို့ ရေပေးဝေရေးနှင့် ပတ်သက်ပြီး အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည် အမရပူရ မြို့နယ်တို့၏ ရေပေးဝေရေးစီမံကိန်းကို ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(AFD) ချေးငွေနှင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး မြိုသစ်ဖြစ်သော ပြည်ကြီးတံခွန်မြို့နယ်ကို JICA ရဲ့ ODA ချေးငွေတို့ဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယခုချေးငွေ ရယူရေးနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက်ဆွေးနွေး ဦးမည်ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်မှ တာဝန်ရှိသူများက စီမံကိန်း၊ ချေးငွေရယူရေးတိုနှင့်ပတ်သက်၍ လွှတ်တော်တွင် လာရောက်ရှင်းလင်းဦး မည်ဖြစ်သည်။