သတင်း

အခြေခံ ဈေးနှုန်းထက် ကျဆင်းနေသည့် စပါးဈေးကွက် ထိန်းရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ပြည်တွင်း စပါးပေါက်ဈေးမှာ သတ်မှတ် အခြေခံ ဈေးနှုန်းအောက်သို့ ကျဆင်းနေသဖြင့် စပါးဈေးကွက်အား ထိန်းသိမ်းရန် စီစဉ်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

“ပြည်ပကို တင်ပို့မှု လျော့တဲ့ အချိန် ပြည်တွင်းက အခြေအနေလည်း ဒီလိုဖြစ်တော့ ဒါကို ထိန်းနိုင် ဖို့ ဝန်ကြီးဌာန အနေနဲ့ အမြန်ဆုံးတော့ လုပ်နေပါတယ်” ဟု သူက ဧရာဝတီကို ပြောသည်။

၂၀၁၈ ခုနှစ်က အခြေခံ ဈေးနှုန်း အဖြစ် စပါးတင်း ၁၀၀ လျှင် ၅ သိန်းကျပ် သတ်မှတ်ခဲ့သော်လည်း ယင်း နှုန်းအောက် ရောက်ရှိပါက သက်ဆိုင်ရာ ဝန်ကြီး ဌာနက ဝယ်ယူနိုင်ရန် ဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွင်း ပြည်ပ တင်ပို့မှု လျော့ကျသဖြင့် ပြည်တွင်း၌ ဆန်ပိုလျှံမှုများ ရှိလာသောကြောင့် စပါးဈေးနှုန်းများ ကျ ဆင်းရခြင်း ဖြစ်ကာ အခြေခံ စပါးဈေးနှုန်းကိုလည်း နွေစပါးပေါ်ချိန်မှ ယနေ့အထိ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ၌ စပါးလှိုင်လှိုင် ထွက်သော ဒေသများ၌ အခြေခံ စပါးဈေးနှုန်းအောက် ရောက်ရှိခဲ့ပြီး မြန်မာပြည် အောက်ပိုင်း ဒေသ အချို့တွင် စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၄ သိန်း ၂ သောင်း ကျော် အထိ ဈေးကျလာကာ တနိုင်ငံလုံး အတိုင်း အတာ အရ ၄ သိန်းခွဲ ဝန်းကျင်သာ ဈေးနှုန်း ရှိကြောင်း ကုန်သည်များက ပြောဆိုကြသည်။

ထို့အတွက် စီးပွား/ကူးသန်း ဝန်ကြီး ဌာနသည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ မြန်မာ့ စီးပွား ရေး ဘဏ်မှ တဆင့် ပုဂ္ဂလိက ဘဏ်များသို့ ငွေချေးခြင်း၊ ယင်းဘဏ်များက ဆန်စက်များအား ငွေချေးပေးခြင်း၊ သမဝါယမ အသင်းများက တောင်သူများသို့ တိုက်ရိုက် စပါးဝယ်ယူခြင်းနှင့် ဝန်ကြီးဌာန အနေဖြင့် လွှတ်တော်သို့ ရန်ပုံငွေ တင်ပြ တောင်းခံကာ ဆောင်ရွက်ရန်ရှိသည်ဟု သိရသည်။

အဆိုပါ နည်းလမ်းများနှင့် လက်ရှိ အခြေခံ ဈေးထက် ကျဆင်းနေသော စပါးဈေးအား ထိန်းနိုင်ရန် အတွက် ဆောင် ရွက်လျက် ရှိပြီး ဌာနများဖြင့် ချိတ်ဆက် ဆောင်ရွက်မည့် ကိစ္စများ ဖြစ်သဖြင့် ယခုလပိုင်း အတွင်း အမြန်ဆုံး အကောင်အထည် ဖော်သွားမည်ဟု လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

သို့ရာတွင် ဝယ်ယူမည့် စပါးများမှာလည်း အလေးချိန်၊ အစိုဓာတ် စသည့် သတ်မှတ်ချက်များဖြင့် ကိုက်ညီရန် လို အပ်ပြီး စပါး ဈေးနှုန်းကျဆင်းနေသည့် ပြည်နယ်၊ တိုင်း အလိုက် ဦးစားပေး ဆောင်ရွက်သွားမည် ဟု ၎င်းက ပြော သည်။

ထို့အပြင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကလည်း စပါးဈေး အခြေခံဈေးအောက် ကျဆင်းနေသည့် အတွက် တောင်သူများထံမှ အရေးပေါ် ဝယ်ယူရန်အတွက် ငွေကျပ် ၁၅ ဘီလီယံကို မြန်မာ့စီးပွားရေးဘဏ်က ချေးပေးရန် တောင်းခံထားကြောင်း စီးပွား/ကူးသန်းက သိရသည်။

ယင်းသို့ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် တောင်သူများ တွက်ခြေ မကိုက်ပါက လာမည့်နှစ်တွင် စိုက်ပျိုးမှု လျော့ ကျ နိုင်မည်ဟု စိုက်ပျိုးသည့် တောင်သူများက ပြောဆိုသည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ် အတွင်းက စပါးစိုက် တောင်သူ ကိုညွန့်လွင်က “အနိမ့်ဆုံး တတင်းကို ၅၀၀၀ မရရင်တော့ မကိုက်ဘူးလေ။ ဒါပေမယ့် နွေစပါးကျ လှောင်ဖို့လည်း ခက်တော့ လိုချင်တဲ့ဈေးနဲ့ မရနိုင်တဲ့ အခါ ကျရင်လည်း ရတဲ့ ဈေးနဲ့ ရောင်းရတာပါပဲ။ အခုလို ဈေးကွက် မကောင်းရင်တော့ နောက်နှစ်ကျ တခြား သီးနှံပြောင်း စိုက်ဖို့ တွက်ထား တယ်” ဧရာဝတီကို ပြောသည်။

ပြီးခဲ့သောနှစ်က နွေစပါး ပေါ်ချိန်တွင် တရုတ်ဘက်မှ ဝယ်လက်များက ရွာအထိ ဆင်းဝယ်ယူခြင်း၊ ဆန်စက်များက ဝယ်ယူခြင်း တို့ကြောင့် စပါး တတင်းလျှင် ၅၅၀၀ မှ ၆၀၀၀ ကျပ် အထိ ဈေးရရှိခဲ့ပြီး ယခုနှစ်တွင်လည်း စိုက်စရိတ် ကာ မိရန် တတင်းလျှင် ၅၀၀၀ ကျပ် မရရှိပါက လာမည့် မိုးစပါး အတွက် စရိတ် အခက်အခဲ ရှိနိုင်မည်ဟုလည်း ၎င်းက ဆို သည်။

ယခုနှစ် နွေစပါး ပေါ်ချိန်တွင် နယ်စပ်မှ ဆန်အရောင်းအဝယ် နည်းပါးခြင်းကြောင့် ပြည်တွင်း၌ စပါးပိုလျှံမှုများ လာကာ စပါးဈေး ကျဆင်းနေခြင်းအား ကွင်းဆင်း ဝယ်ယူမှုများ ရှိသော်လည်း ဝယ်ယူပြီးသော စပါးများအား သိုလှောင်ရန်၊ အခြောက် ခံရန်နှင့် သယ်ယူပို့ဆောင်ရန် အခက်အခဲ တို့ကြောင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းလျက် ရှိကြောင်းနှင့် လေလွင့်ပျက်စီးမှု မဖြစ်စေရေး အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ် က ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံတော် အစိုးရပိုင်းမှ လက်ရှိ ဆန်စပါး ဈေးကွက် တည်ငြိမ်ရေးနှင့် စပါးစိုက် တောင်သူများ မျှော်လင့် သော ဈေးနှုန်း ရရှိရေး အတွက် မူဝါဒနှင့် လိုအပ်သော အကူအညီများ၊ ပံ့ပိုးပေးပါရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

You May Also Like These Stories:

ယခုနှစ် ပြည်ပဆန်တင်ပို့မှု တန်ချိန် ၁ သန်းခွဲခန့် လျော့ကျမည်ဟု MRF ခန့်မှန်း

မြန်မာ့ဆန်လုံးရှည် EU အခွန် ပြန်ကောက်မည်

ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ် ဆန်တန်ချိန် ၁ သိန်းခွဲတင်ပို့

Did you find apk for android? You can find new Free Android Games and apps.
Loading