ချက်သမ္မတနိုင်ငံဝန်ကြီးချုပ် အန်ဒရီးဘားဘိစ်က စီးပွားရေးခေတ်မီဖွံ့ဖြိုးအောင် လုပ်ဆောင်နေသော နိုင်ငံအနေဖြင့် မြန်မာနှင့်စီးပွားရေးအရ ဆက်ဆံမှုများ ပိုမို အလားအလာကောင်းလာမည်ဟု ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပရာ့ဂ်ခရီးစဉ်အတွင်း တနင်္လာနေ့ အစည်းအဝေးတခု၌ ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ကုမ္ပဏီတွေအတွက် မြန်မာ့ဈေးကွက်က ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းတွေ များစွာ ကမ်းလှမ်းပါတယ်။ ဒီကကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံထဲကို ပိုပြီး ဝင်လာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု ဘားဘိစ်က ပြောကြားခဲ့ကြောင်း ချက်အစိုးရ ထုတ်ပြန်သည့်ကြေညာချက်တစောင်က ဆိုသည်။
“မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ဖို့ ကျနော်တို့ ကုမ္ပဏီတွေရဲ့ဖြစ်နိုင်ချေရှိတဲ့ ခရီးတခုကို ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ချက်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချက်ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ပရာ့ဂ်မြို့သို့ ၄ ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ လုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကျင်းပသည့် ချက်-မြန်မာ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ အင်္ဂါနေ့ ညနေပိုင်းတွင် ဟန်ဂေရီနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးဆက်ထွက်ခဲ့သည်။
ချက်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ချက်ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံများကို ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများအတွက် အရှေ့တောင်အာရှ၏ နောက်ဆုံးနယ်ပယ်သစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးအပြီး ဆက်လက်ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ဘားဘိစ်က ဒေါ်အောင်ဆန်းစုကြည်ကို “ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်များဆောင်ရွက်ခဲ့သဖြင့် မြန်မာနိုင်ငံသည် နှစ်အတန်ကြာပြီးနောက် ကမ္ဘာနှင့် ပွင့်လင်းစွာ ဆက်ဆံလာနိုင်ပြီဖြစ်ကြောင်း” ချီးကျူးထောပနာပြုခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၎င်း၏ခရီးစဉ်အတွင်း ပရာ့ဂ်မြို့ရှိ မြန်မာသံရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်ကြောင်း သိရသည်။
နှစ်ပေါင်း ၂၆ နှစ်တိုင် မြန်မာသံရုံး မထားရှိခဲ့ဘဲ ယခုသံရုံးသစ်ဖွင့်၍ ဆက်ဆံရေးတိုးမြှင့်ခြင်းသည် “နယ်ပယ်ကဏ္ဍများစွာမှာ ကျနော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာစေဖို့ အထောက်အကူပြုမှာ အတိအကျပါပဲ” ဟု ဘားဘိစ်က ပြောကြားခဲ့သည်။
မြန်မာသံရုံးသစ် ပြန်လည်ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံကြားဆက်ဆံရေး များစွာတိုးတက်လာခြင်း၏သင်္ကေတတခုပင်ဖြစ်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
တချိန်က မြန်မာနိုင်ငံသည် ပရာ့ဂ်နှင့် ခိုင်မာသည့် သံတမန်ဆက်ဆံရေး ထားရှိခဲ့ဖူးသည်။ ချက်နှင့် စလိုဗက်ပြည်သူ့သမ္မတနိုင်ငံများ လွတ်လပ်ရေး ခွဲယူတော့မည့်အချိန် ရန်ကုန်မြို့ရှိ ချက်ကိုစလိုဗက်ကီးယားသံရုံးသည် ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ပိတ်ခဲ့သည်။
ယင်းကို တုံ့ပြန်သည့်အနေဖြင့် မြန်မာကလည်း ပရာ့ဂ်မြို့ရှိ မိမိသံရုံးကို ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ပိတ်ခဲ့သည်။ ယင်းနောက် နှစ်နိုင်ငံ စေ့စပ်ဆွေးနွေးရေးကို ဘန်ကောက်မြို့ရှိ ချက်သံရုံးနှင့် ဘာလင်မြို့ရှိ မြန်မာသံရုံးတို့တွင် ပြုလုပ်ခဲ့သည်။
၂၁ နှစ်နီးပါးကြာပြီးနောက် ရန်ကုန်မြို့ရှိ ချက်သံရုံးကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
“ကျမတို့ဟာ ချက်သမ္မတနိုင်ငံနဲ့အတူ နွေးထွေးတဲ့ချစ်ကြည်ရင်းနှီးမှု အမြဲထားရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အစည်းအဝေးအတွင်း ဘားဘီစ်က မြန်မာနိုင်ငံသို့ ပရာ့ဂ်က ပေးအပ်သွားမည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ထည့်သွင်းပြောကြားခဲ့ရာ အဓိကအားဖြင့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်ရေး၊ သဘာဝဘေးကယ်ဆယ်ရေးတို့ ဖြစ်ပြီး ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူသားချင်းစာနာထောက်ထားမှု စုစုပေါင်းဘတ်ဂျက်မှ ၁၀ ရာခိုင်နှုန်းနီးပါး ထုတ်ယူသုံးစွဲသွားမည်ဟု ဆိုသည်။
ချက်ကိုစလိုဗက်ကီးယား ကွန်မြူနစ်ပါတီ၏ တပါတီအုပ်ချုပ်မှုစနစ်မှ လွတ်မြောက်၍ ၁၉၉၂ ခုနှစ် ဒီမိုကရေစီပြန်လည်ရရှိသော ချက်သမ္မတနိုင်ငံတွင် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာသူ ဗားကလပ်ဟာဗဲသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အကျွမ်းတဝင်ရှိသည့် မိတ်ဆွေတဦးဖြစ်သည်။ ဟာဗဲသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၉၉၁ ခုနှစ် နိုဗဲငြိမ်းချမ်းရေးဆု ရွေးချယ်နိုင်ရေး အမည်စာရင်းတင်သွင်းပေးခဲ့သည်။ ဟာဗဲ၏ အုတ်ဂူသို့ အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဂါရဝပြုခဲ့သည်။
၂၀၁၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာဟာဗဲထူထောင်ခဲ့သည့် ဖိုရမ် ၂၀၀၀ ညီလာခံတက်ရန် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိခဲ့ဖူးသည်။
( Nan Lwin ၏ Czech PM Backs Investment in Myanmar as State Counselor Visits Prague ကို ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
တင့်ကားလူသား ဓာတ်ပုံများကြောင့် တရုတ်အစိုးရ စိတ်အနှောင့်အယှက် ဖြစ်နေဆဲ
ကြွေးကြော်သံ၊ ကျည်ဆံများနှင့် အင်ဒိုနီးရှား ရွေးကောက်ပွဲအလွန်
ထိုင်းဝန်ကြီးချုပ်သစ် ပရာယွဒ် ပြန်ဖြစ်ရင် ဘယ်လောက်ခံမလဲ
အာရှက မိသားစုများကြား ထိုးဖောက်ဝင်လာနေတဲ့ Islamic State