မွန်ပြည်နယ် အတွင်းရှိ အဆင့်မြှင့်တင်ရန် ဘတ်ဂျက် ရရှိထားသော စည်ပင်သာယာ ဈေးများ တည်ဆောက်ခြင်း လုပ်ငန်း ကို တင်ဒါ မခေါ်ဘဲ အစိုးရမှ စိတ်ချရသော ကုမ္ပဏီနှင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဆောက်လုပ်ရေး နှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။
ဇွန် ၄ ရက်က ကျင်းပခဲ့သော မွန်ပြည်နယ် အစိုးရ အဖွဲ့၏ ပြည်သူ့ အတွက် တတိယ (၁) နှစ်တာ ကာလ အတွင်း ဆောင် ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တင်ဒါ မခေါ်ဘဲ အစိုးရ စိတ်ချရသော ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုရန် ဆောင်ရွက်ရခြင်းမှာ ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက် ကာလမှာ ၃ လသာ ကျန်ရှိတော့ သဖြင့် ဘတ်ဂျက် စည်းမျဉ်း စည်းကမ်း အရ တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီ ပြီး စီးစေရန် ရည်ရွယ်ကြောင်း ဦးမင်းကျော်လွင်က ပြောဆိုသည်။
၎င်းက ဆက်လက်၍ “စိတ်ချရမယ့် ကုမ္ပဏီဆိုတာ တွေးမယ် ဆိုရင် ဒါ Corruption (အဂတိလိုက်စားမှု) ပဲ၊ ကိုယ်တို့ ဘက်က တွေးမယ် ဆိုရင် စိတ်ချတဲ့ ကုမ္ပဏီကို မခိုင်းဘဲ ကိုယ်မှ ပြောဖို့ ဆိုဖို့ မပြီးတဲ့ ကုမ္ပဏီကို ရွေးပြီးခိုင်းလို့ မပြီးရင် ဘတ်ဂျက်ရဲ့ စည်းမျဉ်း စည်းကမ်းနဲ့ လာငြိဦးမယ်” ဟု ဆိုသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း မော်လမြိုင်မြို့ရှိ မြိုင်သာယာဈေးကို ငွေကျပ် ၅၄၄ ဒသမ ၅၈ သန်း၊ သီရိမြိုင်ဈေး B ရုံနှင့် C ရုံကို ငွေကျပ် ၁၀၈ သန်း၊ ရွှေမြိုင်သီရိ ဈေးကို ငွေကျပ် ၃၅၉ ဒသမ ၉၅ သန်း၊ ဒိုင်းဝန်ကွင်း ပျံကျဈေးကို ငွေကျပ် ၇၉ ဒသမ ၈၆ သန်းနှင့် ကျိုက်မရောမြို့မ ဈေးကို ငွေကျပ် ၅၈၇ ဒသမ ၆၁ သန်း တို့ဖြင့် အဆင့်မြှင့်တင် တည်ဆောက် သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်က သိရသည်။
ဦးမင်းကျော်လွင်က “စိတ်ချရမယ့် ကုမ္ပဏီ ဆိုတာ အရည်အသွေးလည်း ကောင်းမယ်၊ အချိန်မီလည်း ပြီးမယ်၊ အားလုံးကို လည်း အင်ဂျင်နီယာနဲ့ ဖွဲ့စည်းပုံနဲ့ ပြည့်စုံတဲ့ ကုမ္ပဏီကို ပြောတာပါ။ အဲဒါကြောင့် သမ္မတ ညွှန်ကြားတဲ့ စည်းမျဉ်း စည်း ကမ်းနဲ့ ကိုက်သလား ဆိုတာ ၁/၂၀၁၇ မှာ ဖော်ပြထားတာ ရှိပါတယ်” ဟု ပြောသည်။
၁/၂၀၁၇ ၏ အပိုဒ် (၅) တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ ဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက် ခြင်း၊ ပစ္စည်း ဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ အတွက် တင်ဒါခေါ်ယူရာတွင် ထိုညွှန် ကြားချက်နှင့် အညီ လိုက်နာ ဆောင်ရွက်ရန် ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီး ဌာန၏ “ကန်ထရိုက် စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာ ကျင့်သုံးရမည့် လုပ်ငန်း ညွှန်ကြားချက်” ကိုလည်း လိုက်နာ ဆောင်ရွက်ရပါမည်ဟု ညွှန်ကြား ထားကြောင်း ၎င်းက ပြောဆိုသည်။
“ဒါကို ဘာကို ဆိုလိုသလဲ ဆိုတော့ လုပ်နေကျ အဖွဲ့စည်း၊ ကျွမ်းကျင်ပြီးသား အဖွဲ့အစည်း၊ အချိန်နဲ့ ကန့်သက်ချက်တွေ ရှိ လာတဲ့အခါမှာ လိုက်နာ ဆောင်ရွက်ရမယ့် အချက်။ လိုက်နာရမယ် ဖော်ပြထားတယ်”ဟု ဦးမင်းကျော်လွင်က ဆက်လက် ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ၁/၂၀၁၇ အပိုဒ် (၆) တွင် နိုင်ငံတော် စီမံကိန်းကြီးများအား တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်၍ ပြည် ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့တို့၏ သဘောတူ ခွင့်ပြုချက် ရယူ၍ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့၏ ခွင့်ပြုချက် ရယူ ဆောင်ရွက်ကြရန် ဖြစ်သည်ဟု ညွှန်ကြားထားကြောင်း ဆက်လက် ရှင်းပြသည်။
မော်လမြိုင် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က “တင်ဒါ မခေါ်ဘဲနဲ့ ကုမ္ပဏီ တခုကို ပေးရင် အဂတိထဲမှာ သွားအကျုံးဝင်တယ် မဟုတ်လား။ ဒီအတိုင်း ကုမ္ပဏီတွေကို အဲဒီလို ပေးလို့ မရဘူး လေ။ အဲဒါဆိုရင် ဥပဒေနဲ့ ငြိစွန်းတယ်” ဟု မှတ်ချက်ပြုသည်။
ဌာန အနေဖြင့် တာဝန်ယူ တည်ဆောက်မည် ဆိုပါကလည်း တည်ဆောက်မည့် ပစ္စည်းများ အတွက် ငွေကျပ် သိန်း ၁၀၀ ကျော်သော ပစ္စည်း ဝယ်ယူမှုများကို တင်ဒါ ခေါ်၍ လုပ်ဆောင်ရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
၂၀၁၈ အသေးစား ဘတ်ဂျက်မှ ကျပ်သန်း ၁၀၀၀ ဖြင့် ဆောင်ရွက်ခဲ့သည့် ရေးမြို့နယ်ရှိ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်း ဆက် လမ်းစီမံကိန်းကို တင်ဒါ မခေါ်ဘဲ ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုသည့် ကိစ္စမှာ နိုင်ငံတော် သမ္မတရုံး တင်ဒါ လုပ်ထုံး လုပ်နည်း ညွှန်ကြားချက် ၁/၂၀၁၇ နှင့် ကိုက်ညီမှု ရှိသည်ဟု အစိုးရဘက်က ပြောဆိုသော်လည်း ထိုကိစ္စမှာ သမ္မတရုံး ညွှန်ကြားချက်နဲ့ ကိုက်ညီမှု မရှိဟု မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြ ဝေဖန်မှုများလည်း ရှိနေ သည်။
You may also like these stories:
မွန်ပြည်နယ် အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင် ထုတ်ပေးရန် စီစဉ်
မော်လမြိုင် ရေမီတာခွန် ဆုံးရှုံးမှုများရှိနေဟု မွန်ပြည်နယ်စည်ပင်ဝန်ကြီးပြော