မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ မုန်းချောင်း မြစ်ကမ်းပါးဘေးတွင်ရှိသည့် ရွှေလှေကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာတွင် ဇွန်လ ၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကျေးရွာအတွင်းရှိ မြေသားများမှာ ကွဲအက်မှု ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။
မြေများ ကွက်အက်မှုသည် အနက်ပေ ၃၀ နီးပါးရှိနေပြီး အကျယ် ၁ ပေနီးပါးအထိ ရောက်ရှိခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိခဲ့သည့် ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဆန်းက ပြောသည်။
ပြီးခဲ့သည့်နှစ် ယခုလိုလပိုင်းအတွင်းကလည်း မုန်းချောင်းမြစ်ကမ်းပါး ပြိုကျခဲ့သဖြင့် အဆိုပါရွာမှ နေအိမ် အလုံး ၁၀၀ ဝန်းကျင်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။
ဦးတင်ဆန်းက “ပြီးခဲ့တဲ့နှစ်တုန်းကလည်း မြစ်ကမ်းပါးပြိုလို့ မဖြစ်မနေ ညတွင်းချင်း ပြောင်းရွှေ့ခံရဖူးတယ်။ အခုက အဲ့ဒီရွာမှာ ကျန်နေတဲ့ အိမ် ၂၀ လောက် ထပ်ဖြစ်တာ။ ကျနော်တို့ကတော့ လက်တလော ရွာသားတွေက မပြောင်းချင်သေးတဲ့ အနေအထားမျိုးတွေ ပြေတာပေါ့။ အဲ့ဒါကြောင့် အခြေအနေ စောင့်ကြည့်နေသေးတုန်းပဲ။ လိုအပ်လာရင်တော့ ပြောင်းဖို့၊ ရွှေ့ဖိုကိုလုပ်ရတော့မှာပေါ့” ဟု ဆိုသည်။
အဆိုပါနေရာသို့ ဇွန် ၅ ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ဘူမိဗေဒကျွမ်းကျင်သူများ သွားရောက်ကွင်းဆင်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးမှုအပြီးတွင် လက်ရှိနေထိုင်ကြသူများအတွက် အန္တရာယ်ရှိနိုင်သည်ဆိုလျှင် ၎င်းတို့အတွက် ရွှေ့ပြောင်းရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ မိမိတို့ လူကယ်ပြန်ဌာနအနေဖြင့်လည်း စည်းမျဉ်းနှင့်အညီ ထောက်ပံ့ပေးမှုများ ပြုလုပ်သွားမည်ဟု မကွေးတိုင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ၏ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။
ယမန်နှစ် မြစ်ကမ်းပါးပြိုချိန်က ကမ်းနှင့် ပေ ၁၀၀ ဝန်းကျင်သာ ကွာဝေးတော့သည့်အတွက် အဆိုပါအနီးဝန်းကျင်မှ နေအိမ်များကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသော်လည်း ယခု မြေများ ကွက်အက်မှုသည် ကမ်းပါးနှင့် ပေ ၃၀၀ ဝန်းကျင် ဝေးကွာနေသေးသည့်အတွက် အရေးပေါ် ရွှေ့ပြောင်းပေးမှု မပြုလုပ်သေးခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
ညွှန်ကြားရေးမှူး ဦးမြင့်စိုး က “အဓိက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရဲ့ သဘောထားပဲ။ သူက ရွှေ့ပြောင်းဖို့ တင်လာရင် ကျနော်တို့က ကိုယ့်သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ရမှာပဲ။ ကျနော်တို့ ကြားတာက ထူးပေါက်တယ် (မြေအောက်ဂလိုင်ဖြစ်နေခြင်း) လို့ သိထားရတယ်။ အဲ့ဒီကနေ မြေကြောတလျှောက် ကွဲအက်တာတွေ ဖြစ်လာတာ။ လက်တလောတော့ အဲ့ဒီ အက်ကြောင်းတွေထဲကို အမှိုှုှုက်တို့၊ တခြားမြေကြီးတို့ ဖြည့်ခိုင်းထားတယ် ကြားတယ်” ဟု သူက ဆိုသည်။
ထိုကိစ္စနှင့် ပက်သက်ပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီနှင့် ဘူမိဗေဒ သိပ္ပံအသင်းဘက်ကို ကွင်းဆင်းစစ်ဆေးသင့်ကြောင်း အကြံပြုထားပြီး လက်ရှိတွေ့ရှိရသည့် အနေအထားများအရ အောက်ခံမြေကြောပြတ်ခြင်း ဖြစ်သည့် အနေအထားမျိုးဟု ယူဆကြောင်း ပြည်သူ့လွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း က သုံးသပ်သည်။
လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် ထိုကဲ့သို့ အောက်ခံမြေကြောပြတ်ခြင်းကြောင့် လူနေအိမ်များအကြား မြေကွဲအက်မှုများ ဖြစ်ပေါ်ခဲ့သေးသည်ဟု သူက ပြောသည်။
ဦးစိုးသူရထွန်း က “ဒါက ဘာ့ကြောင့်ဆိုတာကို မျက်မြင် အတိအကျ လေ့လာတာမရှိသေးတော့ ပြောလို့မရပေမယ့် ဒီနေရာတွေမှာ ဖြစ်တတ်တဲ့သဘောအရ မြေဆီလွှာ အောက်ပိုင်းကို ရေတိုက်စားလို့ ဂလိုင်ဖြစ်တယ်ဆိုတာထက် လူတွေမမြင်နိုင်တဲ့ မြေထုအောက်ပိုင်းမှာ မြေဆီလွှာ ပြတ်တဲ့သဘောတော့ ပိုဖြစ်နိုင်တယ်။ အဲ့ဒီလိုဖြစ်ပြီဆိုရင်တော့ လက်ငင်းဘာမှ ဆက်မဖြစ်နိုင်ဘူးလို့ ဆိုပေမယ့် အချိန်မရွေး မြေပြိုကျမှုက ဖြစ်လာနိုင်တယ်။ မြေလွှာ နိမ့်ဆင်းသွားနိုင်တယ်။ အောက်ခံမြေသားကိုက အားနည်းနေပြီ” ဟု သူက ဆိုသည်။
လက်ရှိ မြေပြင်အခြေအနေအတိအကျ သိရှိနိုင်ရန်၊ မည်ကဲ့သို့ စီမံဆောင်ရွက်မည့် အကြောင်းအရာများနှင့် ပက်သက်ပြီး မကွေးတိုင်း ဝန်ကြီးချုပ်၊ သယံဇာတ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးနှင့် ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၏ လက်ကိုင်ဖုန်းများထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပေ။
You may also like these stories:
စစ်ကိုင်းတိုင်းတွင် ကြေးနီတူးဖော်ရန် ဒေသခံများ၏ သဘောထားကို တောင်းခံ
သဲတူးယူခြင်းသည် သဘာဝပတ်ဝန်းကျင်ကို များစွာ ထိခိုက် ပျက်စီးစေ