သတင်း

ရန်ကုန်ကို အခြေပြု၍ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရမည် ဟု ဦးဖြိုးမင်းသိန်းပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် ရန်ကုန်ကို အခြေပြု ဆောက်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ဇွန်လ ၅ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပြည်သူ့ အတွက် တတိယ (၁) နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် က “ရန်ကုန်ရဲ့ ပြုပြင်ပြောင်းလဲမှု အားလုံးဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အတွက် အဓိက ကျတဲ့ အခန်းကဏ္ဍ တခုမှာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး နယ်ပယ် အတွင်းမှာ အများကြီး မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်မယ် ဆိုရင် ရန်ကုန်ကို အခြေပြုပြီး ဆောင်ရွက်ကြရတာမျိုးတွေ ရှိပါတယ်” ဟု ဆိုသည်။

၎င်းက ဆက်၍ “ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP) ၏ ၂၀ ရာခိုင်နှုန်း ကျော်ကို သယ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီအခြေအနေတွေကို ရှေ့ဆက်ပြီး တိုးတက်တဲ့ ဖြစ်စဉ်တွေ ဖြစ် လာစေဖို့၊ ပိုမို ဖွံ့ဖြိုးတိုးတက်တဲ့ ရန်ကုန်မြို့ကြီး ဖြစ်လာစေဖို့ အစိုးရ အဖွဲ့ အနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အားလုံး၏ ၇၀ ရာခိုင်နှုန်း ကျော်သည်လည်း ရန်ကုန်တိုင်း ဒေသကြီးတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က “အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတဲ့ အဲဒီနေရာကို အခြေပြုပြီး တော့ လုပ်မယ်ဆိုရင်တော့ တိုးတက်မှုကတော့ ပိုမြန်တာပေါ့။ ဒါကတော့ ဂျပန်ရဲ့အတွေးအခေါ်လို့ ပြောလို့ရတယ်။ နှစ် နေရာပေါ့။ ရန်ကုန်နဲ့ မန္တလေးကို လုပ်မယ်ပေါ့” ဟု ဆိုသည်။

ယင်းသို့ ပြောကြားခြင်းသည် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မူဝါဒများ အရ ပြောဆိုခြင်း ဖြစ်ပြီး ဗဟိုအစိုးရ၏ ပေါ်လစီတွင် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အသီးသီး ဖွံ့ဖြိုး တိုးတက်ရေး အတွက်သာ လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စီးပွားရေး ပညာရှင် တဦး ဖြစ်သော ဦးသက်ထွန်းဦး (ရန်ကုန် စတော့အိတ်ချိန်း) က “တိုင်းပြည်ရဲ့ စီးပွားရေးကို မောင်း နှင်နေရတဲ့ မြို့ကြီးတွေ ရှိတာပေါ့။ ဥပမာ အိန္ဒိယ ဆိုရင်လည်း မွန်ဘိုင်းပေါ့။ အဲဒီလိုမျိုး တော်တော်များများ ရှိတာပေါ့။ ဒီမှာလည်း တိုင်းပြည်ရဲ့ GDP တော်တော်များများ support လုပ်နေတာ ရန်ကုန်ပေါ့။ အဲ့ဒီတော့ ရန်ကုန်က စပြီး ဖွံ့ဖြိုး တိုးတက်ရင် ကျန်တာတွေပါ အလိုက်သင့် တိုးတက်လာမယ့် အနေအထားတော့ ရှိတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “ ရန်ကုန်ကတော့ စီးပွားရေး အချက်အချာ ဖြစ်နေတော့ သီအိုရီ အရတော့ မှန်ပါတယ်။ ဒါပေမယ့် တကယ် လုပ်နိုင်ဖို့တော့ လိုတယ်” ဟု ဆိုသည်။

သို့သော်လည်း ရန်ကုန်မြို့၏ မြေဈေးနှုန်း ကြီးမြင့်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိမှု စသော အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ရှိနေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အလတ်စားနှင့် အသေးစား လုပ် ငန်းများသာ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မေလတွင်လည်း ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ကျင်းပခဲ့ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ခြင်း၊ ရန်ကုန်တိုင်း အတွင်း အကောင်အထည် ဖော်မည့် စီမံကိန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် ချပြခြင်းတို့ကို ပြုလုပ် ခဲ့သည်။

၂၀၁၈ ဧပြီလမှ ၂၀၁၉ မတ်လ အထိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် လုပ်ငန်းပေါင်း ၁၆၃ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ၂ ဘီလီယံကျော် အထိ ရှိပြီး  ကုန်ထုတ်လုပ်ငန်းများ အများဆုံး ရင်းနှီး မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ စာရင်းများတွင် ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှူရန် – နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စိတ်မပူရန် ရန်ကုန် ဝန်ကြီးချုပ် ပြော

ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စီမံကိန်း ၁၉ ခု သဘောတူ လက်မှတ် ရေးထိုး

စမတ်အစိုးရ ဖြစ်ဖို့ လိုနေသည်

Did you find apk for android? You can find new Free Android Games and apps.
Loading