အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ယနေ့ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် အပေါ် ဝေဖန်ပြောဆိုချက်များနှင့် ပတ်သက်၍ သေချာစွာ လေ့လာပြီးမှ ပြောဆိုရန် လိုကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယင်းသတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတူ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ၊ အမျိုးသား နိုင်ငံရေး မဟာ မိတ်များ အဖွဲ့ချုပ်တို့က ပူးပေါင်း ပါဝင်ခဲ့ပြီး လက်ရှိ အစိုးရ အပေါ်တွင် ကဏ္ဍစုံ၌ ဝေဖန်မှုများ ပြုလုပ်ကြသည်။
“မီးတကျီကျီနဲ့ နိုင်ငံရေး သခွပ်ပင်လိုမျိုး လုပ်တော့မယ်ဆိုရင် သေသေချာချာ လေ့လာစုံစမ်းပြီးမှ ပြောဆိုဖို့၊ လုပ်ကိုင်ဖို့ ပြောချင်တယ်။ မဟုတ်ရင် ဥပဒေကြောင်းအရ ငြိစွန်းသွားမယ်ဆိုရင် သူတို့ အတွက်လည်း အများကြီး နစ်နာပါတယ်။ အခုတော့ ပြောချင်တာက တည်ဆဲ အစိုးရ၊ သူတို့ ပြောနေတာက ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေကို အပုပ်ချရာ ရောက်နေတယ်လို့ သတိ ပေးပါတယ်”ဟု သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယနေ့ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားတွင် လွတ်ငြိမ်း သက်သာခွင့် ပြစ်ဒဏ် လျော့ပေါ့ခွင့်သည် ကတိဝန်ခံချက် အမြဲတမ်း ပါရသော်လည်း အနှောင်အဖွဲ့ မရှိ အကုန်လွှတ်ပေးခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ဆိုပါက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် တိုင်ပင်ပြီး လွှတ်ပေးရမည့် တာဝန်ရှိသော် လည်း မည်သူ့ကိုမှ မတိုင်ပင်ဘဲ လွှတ်ချင်သည့် သူကို အကုန်လွှတ်သည်ဟု တိုင်းရင်းသား စည်းလုံးညီညွှန်ရေးပါတီမှ ဒေါက်တာ ကျော်ဆွေက ဝေဖန်ခဲ့သည်။
“လွတ်ငြိမ်း ချမ်းသာခွင့်လို့ သတ်မှတ်ရင် ကာ/လုံနဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လွှတ်ပေးရမယ့် တာဝန်ရှိတယ်။ ဘယ်သူမှ မတိုင်ပင်ဘူး။ လွတ်ချင်တဲ့သူ အကုန်လွှတ်။ သေဒဏ် ၃ ကြိမ်ကျ နေတဲ့သူလည်း လွတ်တယ်။ ဒီလောက် အခွင့် အာဏာ ပေးထားတာ ကန့်သတ် ချက် မရှိဘူး။ ဒါတွေဟာ လက်မဲကြီး မဟုတ်ပါဘူး။ လက်အနီကြီး ဖြစ်တာပါ။ ဒါကို တရားဝင် ပြောပါတယ်”ဟု ဒေါက်တာ ကျော် ဆွေက ပြောသည်။
အကျဉ်းထောင် ဆူပူအောင် လုပ်သူသည် အာဏာပိုင်အဖွဲ့ အစည်းသာဖြစ်ပြီး လက်မဲကြီးကြောင့်မဟုတ် လက် အနီကြီးကြောင့် ဖြစ် ကြောင်း၊ ထို့ပြင် နောက်တကြိမ် ပြစ်ဒဏ်ကျူးလွန်ပါက မူလက ပြစ်ဒဏ်ပါခံရမည် ဆိုသည့် ကတိမရှိသဖြင့် ပြစ်မှုများကို အကြိမ်ကြိမ် ကျူးလွန်လျက်ရှိရာ သမ္မတ၏ လွတ်ငြိမ်းသည် စေတနာ၊ မေတ္တာရှိ၍ မဟုတ်ဘဲ ပြည်သူအားလုံးကို ချောက်ထဲတွန်းသလို ခံစားရသည်ဟု ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန်သည်။
၂၀၁၉ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ် အနေဖြင့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့် ဖြစ်သည့် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ အပိုဒ်ခွဲ (၁) အရ အကျဉ်းသား/သူ ၂၃၀၀၃ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးတို့အား ၃ ကြိမ်ခွဲကာ လွတ်ငြိမ်း သက်သာခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းသမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်သည် အကျဉ်းသားများအပေါ် တန်းတူညီမျှမှု မရှိဟုဆိုကာ ဧပြီလအတွင်း ရွှေဘိုထောင်နှင့် မုပ္ပလင် ကုန်ထုတ်စခန်းတို့မှ လွတ်ငြိမ်း သက်သာခွင့် တန်းတူ ညီမျှရရှိရေး တောင်းဆိုခဲ့ပြီး သမ္မတ၏ မေလ ၇ ရက်နေ့က တတိယအကြိမ် လွတ်ငြိမ်း သက်သာခွင့်လွတ်ပေး အပြီးတွင်လည်း ကလေး၊ ဘားအံ၊ ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီနှင့် ပုသိမ် အကျဉ်း ထောင်တို့တွင် ဆူပူမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အကျဉ်းထောင် ဆူပူမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများက ထောက်ပြခြင်းနေသည်မှာ လွှတ်သင့်သည့် သူများ လွှတ်သည်ကို ဝမ်းသာသော်လည်း မလွှတ်သင့်သည့် သူများ လည်းရှိနေ၍ ဖြစ်ကြောင်း၊ ယင်းသို့သော လူ များကို လွှတ်မပေးရန် နောင်တချိန်တွင် သတိထားနိုင်ရန် သတိပေးရခြင်းဟု တစညပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဒေါက်တာကျော်ဆွေက ဆိုသည်။
သမ္မတရုံး၏ တာဝန်ရှိသူကမူ ထောင်ဆူသည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့၏ ပြောဆိုချက်များမှာ မှားနေသဖြင့် စိတ်မ ကောင်း ဖြစ်မိကြောင်း၊ အဘယ့်ကြောင့်ဆိုသော မူးယစ်မှုနှင့် ပတ်သက်၍ ဥပဒေ မပြင်ဆင် နိုင်မီက အကျဉ်းကျခံ နေ ရသူ အရေအတွက် အလွန်များနေကြောင်း၊ သမ္မတက သက်ကြီးရွယ်အို အကျဉ်းသားများနှင့် အသက်ငယ်ရွယ်သူ၊ ဆေးပြား ၁၀၀ အောက် မိသူများကို အဓိက ထားပြီး လွှတ်ပေးရန် ပြည်ထဲရေးကို တင်ပြခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သမ္မတရုံး တာဝန်ရှိသူက ပြောသည်။
“ကျနော်တို့က နားလည်ပါတယ်။ နိုင်ငံရေးပါတီတွေက နိုင်ငံရေး လုပ်မှာပဲ။ နိုင်ငံရေးက ညစ်ပတ်သလား၊ နိုင်ငံရေး သမားတွေက ညစ်ပတ်သလား ဆိုတာမျိုးတွေ ဗိုလ်ချုပ်အောင်ဆန်းခေတ် မှာကတည်းက ပြောခဲ့ကြတာတွေ ရှိပါ တယ်။ ဒါပေမယ့် စကားနောက် တရားပါ၊ အချက်အလက် အမှားအယွင်းတွေကို အခြေခံပြီး Facebook သတင်း လောက်ကို ဖတ်ပြီး လက်လွတ်စပယ် မပြောမိဖို့ သတိပေးချင်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
လက်ရှိ သမ္မတ ဦးဝင်းမြင့်၏ လွတ်ငြိမ်းသက်သာခွင့်ပေးမှုသည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဆောင် ရွက်ခဲ့ခြင်း ဖြစ်သဖြင့် ဥပဒေနှင့် အညီ ဖြစ်ကြောင်း၊ သို့သော် ပွင့်လင်း မြင်သာမှု အားနည်းသွားသည်မှာ မည်သည့် ပုဒ်မများကို လျော့ပေးသည်၊ ပြစ်ဒဏ်ကာလ မည်မျှကို လျော့ပေးသည်ဆိုသည့် မူဝါဒမျိုး ထုတ်ပြန် ကြေညာချက်တွင် မပါဝင်သဖြင့် ယနေ့ ပြဿနာ ပေါ်ပေါက်လာရ ခြင်း ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ပြောသည်။
“အခု အားနည်းချက်က ဘယ်လို ပုဒ်မတွေကို ပေးမယ်။ ပြစ်ဒဏ် ကာလကို ဘယ် နှစ်နှစ် လျော့ပေးလိုက်တယ်ဆိုတာ ဒီကနေ့ အထိ ရှင်းရှင်းလင်းလင်း ပြည်သူ ကိုလည်း ချမပြနိုင်ဘူး။ ပုဒ်မ မတူတာတွေ၊ ပြစ်ဒဏ်တူပြီး ကျန်ခဲ့တာတွေ၊ ပြစ်ဒဏ်ကြီးတဲ့သူက လွတ်သွားတယ်။ နည်းတဲ့သူက ကျန်ခဲ့တယ်။ မူလ ပြစ်မှုကျူးလွန်သူက လွတ်သွားတယ်။ သူနဲ့ အတူ အားပေးကူညီသူက ကျန်ခဲ့တယ် ဒါမျိုးတွေ ဖြစ်သွားတယ်။ အဲဒါကြောင့် ထောင်ဆူပူမှုတွေ ဖြစ်သွားတယ်”ဟု ၎င်းက ပြောသည်။
သို့သော် ယခုလို ဖြစ်စဉ်ကြောင့် အစိုးရတရပ်ကို ညံဖျင်းသည်ဟု မပြောနိုင်ကြောင်း၊ အစိုးရအဆက်ဆက် လက်ထက် တွင် ထောင်ကျခဲ့သူ အများစုသည် တရားရုံး စနစ်နှင့် ရဲလုပ်ငန်း စနစ်များတွင် မတရားခံခဲ့ရသူများ ဖြစ်ပြီး မကျေနပ် ချက်များ ကြီးထွားနေချိန် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်တွင် မပါသည့်အခါ ထ၍ ပေါက်ကွဲရခြင်း ဖြစ်ကြောင်း ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က သုံးသပ်သည်။
“ဒီဖြစ်စဉ်ကို ကြည့်ပြီး NLD အစိုးရ ညံဖျင်းတယ် ဆိုရင်တော့ ဒါဟာ ရင့်ကျက် ပြည့်ဝတဲ့ ဝေဖန်မှုမျိုး မဟုတ်ဘူး။ အဖြေရှာတဲ့ နေရာမှာ ပါတီတခုနဲ့ တခု အားနည်းချက်ကို ထောက်ပြပြီးတော့ လုပ်နေခြင်းအားဖြင့် နိုင်ငံရေး အခင်း အကျင်းမှာ ဘာမှ အကျိုးအမြတ် မရနိုင်ဘူး။ ဖြစ်သင့်တာက ရှေ့ဆက် ဒီလိုမဖြစ်အောင် ဘယ်အကြောင်းကြောင့် ဖြစ်တာလည်းဆိုတာ အဖွဲ့ပေါင်းစုံနဲ့ အဖြေထုတ်သင့် ပါတယ်”ဟု ၎င်းက ဆက်၍ ပြောကြားသည်။
သမ္မတက မည်သူများ လွတ်သင့်သည် ဆိုသည့် ညွှန်ကြားချက်သာ ပေးခဲ့ခြင်း ဖြစ်ပြီး စာရင်းဇယားနဲ့ လုပ်သည်မှာ ပြည်ထဲရေး ဝန်ကြီး ဦးဆောင်ပြီး အကျဉ်းဦးစီးဌာနက အသေးစိတ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ အသနားခံ တင်ပြစာ တင်လာသူများကိုလည်း ထည့်သွင်း စဉ်းစားသုံးသပ် ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သမ္မတရုံးမှ သိရသည်။
“ထောင်တွေ များနေလို့ အထက်-အောက် ခွဲပြီး လွှတ်ဖို့ စီစဉ်တာပါ။ ဒါကိုလည်း မီဒီယာတွေကို တရားဝင် ထုတ်ဖော် ပြောကြား ထားပြီး ဖြစ်ပါတယ်။ ဒါကလည်း တာဝန်ရှိသူတွေရဲ့ တင်ပြချက်အရ အချိန်ခြား၊ ဒေသခြားပြီး ဆောင်ရွက် တာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ ပြောလာတော့ ပြည်ထဲရေးနဲ့ အကျဉ်းဦးစီးကို ပြောရာ ရောက်နေတယ်”ဟု သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေးက ပြောသည်။
သေဒဏ် ၃ ကြိမ် ကျခံထားပြီးသူ ပြန်လွှတ်သည် ဆိုသော သတင်းမှာ မှားယွင်းကြောင်း၊ ယင်းသတင်း တက်လာ သဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနသို့ မေးသည့် အခါ လုံးဝ မဟုတ်ဘူးဟု ပြန်လည်ဖြေရှင်း တင်ပြလာကြောင်း၊ ထို့ပြင် ထောင်ဆူရာတွင် အကြောင်းရင်း များကိုလည်း စိစစ်ဖော်ထုတ်ပြီး အရေးယူမှုများ လုပ်နေကြောင်း အစိုးရထံမှ သိရသည်။
ယခုတခေါက် ဆူပူမှုများအတွင်း အကျဉ်းထောင် ၇ ခုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ၂ ကြိမ်တိုင် တောင်းဆိုခဲ့သည့် ရွှေဘိုထောင် တွင် အကျဉ်းသား ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်အထိ အခြေအနေတင်းမာခဲ့ရသည်။
သို့သော် အကျဉ်းထောင်များတွင် မိုဘိုင်းလ်းဖုန်ဖြင့် Live လွင့်ခြင်း၊ ထောင်များ တပြိုင်တည်း ဆူပူပြီး လူများစွာ သေဆုံးရခြင်းတို့သည် စစ်အစိုးရ လက်ထက်၊ သမ္မတ ဦးသိန်းစိန် လက်ထက်တို့တွင် မရှိခဲ့သည့် အလွန်ရှားပါးသော အခြေအနေမျိုး ဖြစ်ကြောင်း အကျဉ်းထောင် အသိုင်းအဝိုင်းမှ သိရသည်။
You may also like these stories:
ဆေးအတွက်လေးနေတဲ့ သမ္မတ လွတ်ငြိမ်း
ထောင်ဆူမှု သွေးရိုးသားရိုးဖြစ်စဉ်လို့ မမြင်ဘူး
ဆယ်တန်းအောင် အကျဉ်းသား ၅ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး