ပါတီမှ ပိုင်ဆိုင်လျက်ရှိသည့် အဆောက်အဦ၊ မြေယာများသည် နိုင်ငံပိုင် ဖြစ်သည်ဟု စွပ်စွဲချက်များသည် နိုင်ငံရေး သိက္ခာ ချ လိုသည့် ပြောဆိုမှုများသာ ဖြစ်ပြီး မှန်ကန်မှု ရှိပါက ယနေ့လိုခေတ်မျိုးတွင် အထောက်အထားဖြင့် ဥပဒေအရ ပြန်လည် ရယူ နိုင်ကြောင်း လက်ရှိ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။
မနေ့က နေပြည်တော်ရှိ ရတနာသိင်္ခဟိုတယ်တွင် ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြုလုပ်ခဲ့သည့် နိုင်ငံ၏ အခြေအနေ အရပ်ရပ်အပေါ် ၎င်းတို့၏ သတင်းစာ ရှင်းလင်းပွဲအပြီး သတင်းထောက်များ၏ မေးခွန်းကို ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က အထက်ပါအတိုင်း တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
ဒေါက်တာ နန္ဒာလှမြင့် က “ဒီအခြေအနေတွေအားလုံးကို ဘေးကနေစွပ်စွဲတယ်ဆိုတာ နိုင်ငံရေးအရ၊ အပုပ်ချ၊ သိက္ခာချ စွပ်စွဲမှုတွေ အများစု တွေ့ရတယ်။ နိုင်ငံပိုင်လို့ စွပ်စွဲမယ်ဆိုရင် ဥပဒေတွေ ရှိတယ်လေ။ ဒီကနေ့ ကျနော်တို့ အစိုးရမှ မဟုတ်တာ။ သက်ဆိုင်ရာ ဘယ်မြေကွက်၊ ဘယ်အဆောက်အဦကတော့ နိုင်ငံပိုင်ဖြစ်တယ်ဆိုပြီး ဥပဒေအရ ပြန်ယူလိုက်ပါ။ သိမ်းဆည်း လိုက်ပါ”ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်တွင် အမျိုးသား နိုင်ငံရေး လုပ်မည်ဟုဆိုကာ စတင်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး အသင်းကြီးက စတင်ပေါက်ဖွာလာခြင်း ဖြစ်ပြီး ထိုစဉ်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် အုတ်မြစ်ချ တည်ထောင်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က နိုင်ငံတော် အစိုးရဖြစ်သည့် တပ်မတော်က စတင်ထူထောင်ခဲ့သဖြင့် ဘဏ္ဍာငွေကြေး အင်အား အလွန်တောင့်တင်းခဲ့သလို အသင်းပိုင် စီးပွားရေး လုပ်ငန်းအမြောက်အမြားလည်း နေရာ ဒေသအသီးသီးတွင် အသင်းအမည်ဖြင့် ပေါ်ပေါက်လာခဲ့သည်။
သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်လာပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ယင်းအသင်းကြီးသည် ပါတီ အ သွင်သို့ ပြောင်းလဲလာပြီး တပ်မတော်မှ ဗိုလ်ချုပ်ကြီးများ ဦးဆောင်၍ အရပ်ဝတ်လဲကာ ရွေးကောက်ပွဲသို့ ဝင်ရောက်ပြီး ၂၀၁၁ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီက အစိုးရ ဖြစ်လာခဲ့သည်။
ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲချက်များ ရှိလာပါက ဥပဒေအရ ရင်ဆိုင်သွားမည် ဖြစ်ပြီး ထိုစဉ်က နိုင်ငံတော်မှ ဦးဆောင်သည့် အ သင်း ဖြစ်သဖြင့် ယင်းအသင်းတွင် ပါဝင်သည့် လူငယ်များကို စုစည်းရန်၊ အစည်းအဝေးများ ကျင်းပနိုင်ရန် လိုအပ်သည့် နေရာ၊ အဆောက်အဦများကို အစိုးရထံသို့ လျှောက်ထားခဲ့ရကြောင်း ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ဒေါက်တာ နန္ဒာလှမြင့် က “အစိုးရကိုပဲ ကျနော်တို့က လျှောက်ရတယ်။ အဲဒီအချိန်မှာ ရှိနေတဲ့ အစိုးရက ကျနော်တို့ လူငယ်တွေ လျှောက်ထားတဲ့အပေါ်မှာ သင့်တော်တဲ့ မြေကွက်၊ သင့်တော်တဲ့ နေရာလေးတွေ ချပေးတာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ဥပဒေနဲ့ အညီပဲ ပိုင်ဆိုင်မှု အထောက်အထား ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်။ နိုင်ငံတော်ပိုင် သိမ်းခဲ့တာ မဟုတ်ဘူး”ဟု ရှင်းပြသည်။
ပြည်သူများ သိချင်နေသည့် ယင်းအသင်းကြီးကို ပါတီအဖြစ်သို့ အသွင်းပြောင်းရာတွင် ပိုင်ဆိုင်မှုများကို မည်သို့ မည်ပုံ ကူးပြောင်း ခဲ့သည်၊ မည်သို့ မည်ပုံ စာရင်းရှင်း ဖျက်သိမ်းခဲ့သည်များမှာမူ ယနေ့အချိန်အထိ ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူများက ထုတ်ဖော်ပြော ဆိုခြင်း မရှိသေးပါ။
ယင်းပါတီ စတင်ထူထောင်ခဲ့စဉ်က ပါတီနိုင်ငံရေး မလုပ်ဘဲ အမျိုးသား နိုင်ငံရေး လုပ်မည်ဟု ကြွေးကြော်ပြီးမှ စုဆောင်း ရရှိ ထားသည့် ပိုက်ဆံ၊ ရန်ပုံငွေများကို ပါတီပိုင် လုပ်ပစ်လိုက်ခြင်းသည် တရားဥပဒေနှင့်အညီ တရားစွဲ၍ ရကြောင်း၊ ဥပဒေနှင့် မညီကြောင်း ရန်ကုန်မြို့ မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ဦးကြီးမြင့် က “အခုချိန်ထိတော့ တရားမစွဲကြသေးဘူး။ ဒေါ်စုကလည်း သူ့မှာ အာဏာ အသိမ်း ခံရမှာကို သူကိုယ်တိုင် ကြောက်နေရတယ်။ သူကိုယ်တိုင် ကြောက်နေလို့ အကုန်လုံးကို အလျော့ပေးထားရတာလေ။ တကယ်တော့ ဒါတွေက တရားဥပဒေအရ တရားစွဲရမယ့်ဟာတွေ”ဟု ပြောသည်။
၎င်းက ဆက်၍ “ဒီအချိန်မှာ မလုပ်ရဲသေးတာ။ လုပ်တဲ့ကောင် လက်မဲကြီးတွေရဲ့ ဒဏ်ကို ခံသွားရမယ်လေ။ အဲဒါကြောင့် ဘယ်သူမှ မလုပ်ရဲတာ။ အများ ဝိုင်းလှူထားတဲ့ ပစ္စည်းကို ပါတီပိုင် လုပ်လိုက်တာလေ” ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီကမူ ဘေးမှ လော်ဘီများ အားကောင်းသဖြင့် ပါတီက နိုင်ငံတော်ပိုင် သိမ်းသည်၊ နိုင်ငံတော်ပိုင် ပြည်သူပိုင် အ ဆောက်အဦများ ရှိပါက နာမည်တပ်၍ ဥပဒေအရ ပြန်လည် လျှောက်ထား ရယူနိုင်ကြောင်း၊ ဥပဒေအရ ဆောင်ရွက်ခြင်းကိုလည်း လက်ခံကြောင်း ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ဒေါက်တာ နန္ဒာလှမြင့်က “အဲလို မဟုတ်ဘဲ နိုင်ငံရေးအရ သိက္ခာချတာကိုတော့ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးအတွက် သေချာကို ပြင်ဆင် စုဖွဲ့ထားတဲ့ နိုင် ငံရေး ပါတီတရပ်ကို အပုတ်ချတာ ဘာအကျိုးမှ မရှိဘူး။ ပြည်ခိုင်ဖြိုးပါတီက နိုင်ငံသားတွေရဲ့ကျွန်၊ နိုင်ငံသားတွေရဲ့ အကျိုးကို ထမ်း ရွက်ဖို့ ဖွဲ့ထားတာ။ ကျနော်တို့ ကိုယ်တိုင်လည်း နိုင်ငံသားတွေ ခိုင်းတာလုပ်ဖို့ ပါတီမှာ နိုင်ငံရေး လာလုပ်နေတာ ဖြစ်တဲ့အတွက် ဥပဒေနဲ့ အညီပဲ ပြောကြပါ” ဟု ပြောသည်။
လက်ရှိ အချိန်တွင် ကြံ့ခိုင်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါ တီကို ရှုံးနိမ့်သဖြင့် အတိုက်အခံ အဖြစ် ရပ်တည်နေရသည်။
ယခုအခါ ကြံ့ခိုင်ရေးပါတီကို ဗိုလ်ချုပ်ဟောင်းတဦး ဖြစ်သူ ဦးသန်းဌေးက ပါတီ ဥက္ကဋ္ဌ တာဝန်ဖြင့် ဦးဆောင်နေပြီး သမ္မတဟောင်း ဦးသိန်းစိန်မှာ ဗဟိုအတိုင်ပင်ခံ အဖွဲ့ တွင် ဦးဆောင်သူအဖြစ် ပါဝင်ခဲ့သေးသော်လည်း နောက်ပိုင်းတွင် သာမန် ပါတီဝင်တဦး အ ဖြစ်သာ ပါဝင်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
အကြမ်းဖက် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် ပြိုကွဲနိုင်ကြောင်း ကြံ့ခိုင်ရေး အမတ် သတိပေး
အာဏာပြန်ရပါက ကမ္ဘာ့အလယ်တွင် ရင်ကော့ လက်မထောင်နိုင်စေရမည်ဟု ကြံ့ခိုင်ရေး ပြော