သတင်း

ပုဏ္ဏားကျွန်း ဂဏန်းမဲရွာထဲ လက်နက်ကြီးကျ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းမဲကျေးရွာအတွင်း ဇွန်လ ၅ ရက်နေ့ ညနေပိုင်းက လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲသဖြင့် ရွာသား ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ အသက်  ၄၅ နှစ်အရွယ် ဦးစိန်ထွန်း ဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့သူများမှာ  အသက် ၄၈ နှစ်အရွယ် ဒေါ်နွဲ့ရီဝင်း နှင့် သူမ၏ သမီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် မခင်ခင်ဦး၊ အသက် ၂၅ နှစ်အရွယ် ကိုအေးမောင်ဆန်းတို့ ဖြစ်သည်။

ဒေါ်နွဲ့ရီဝင်း၏ အမျိုးသားဖြစ်သူ ဦးအင်္ဂါအောင် က “တိုက်ပွဲဖြစ်တာက ကျနော်တို့ရွားနားမှာ ဖြစ်တာပါ။ ပြေးဖို့လည်း မချိန်မရလိုက်ဘူူး။  အိမ်နောက်က စပါးကျီအောက်မှာ ကျနော်တို့မိသားစုဝင် ဝပ်နေတဲ့ အချိန် လက်နက်ကြီး ကျည်ဆန်တွေ ကျနော်အိမ်ဘေးနာကို လာကျတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA ) တို့သည် ဇွန် ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအခန့်က စတင်ကာ ဂဏန်းမဲကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ  ညနေ ၄ နာရီအချိန့်တွင် ရွာထဲသို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

သေဆုံးသွားသူ ဦးစိန်ထွန်းအိမ်နှင့် ဦးအင်္ဂါအောင်တို့ နေအိမ်မှာ ဘေးချင်းကပ်လျှက် ဖြစ်ပြီး ထိုပတ်ဝန်းကျင်သို့ လက်နက်ကြီး ကျည်ဆန်များ  ၃ လုံးခန့် အဆက်မပြတ် ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း ဦးအင်္ဂါအောင်က ပြောကြားသည်။

ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင် ကမူ “ကျနော်တို့ သိရသလောက် ကတော့ ရွာကိုကျတဲ့ လက်နက်ကြီးက  ရသေ့တောင်ဘက်ကနေ တောင်တွေကို လှမ်းပစ်တာလို့ ခန့်မှန်းကြတယ်။ လက်နက်ကြီးက စစ်တပ်မှာဘဲ ရှိတယ်ဆိုတော့ စစ်တက်က ပစ်တယ်လို့ပဲ ပြောရမှာပေါ့။ အသေးစိတ် သိဖို့အတွက်တော့ ကျနော်တို့ ဒီနေ့သွားပြီးတော့ အဲဒီနေရာကို ကွင်းဆင်းသွားကြည့်ဖို့ စီစဉ်နေပါတယ်”  ဟု ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ငြိမ်းချမ်းအား ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ “ကျနော်တို့ သိရသေလာက်က အဲဒီ ဂဏန်းမဲ ရွာမှာ ၁ ဦးသေတယ်။ ၃ ဦး ဒဏ်ရာရတယ်တယ်ဆိုတာလောက်ပဲ သိတယ်။ အလောင်းက ရွာမှာပဲ ရှိတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာကိုတော့ မသိဘူး။ လက်နက်ကြီး ကျလို့ သေတယ်။ အဲဒီလောက်ပဲ သိရသေးတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်  ဒဏ်ရာရ ရှိခဲ့သူ မခင်ခင်ဦး နှင့်ကိုအေး မောင်ဆန်း တို့ကို ပုဏ္ဏားကျွန်း ပြည်သူ့ ဆေးရုံတွင် အတွင်းလူနာ အဖြစ်ကုသမှုများကို ခံယူနေပြီး  ဒေါ်နွဲ့ရီဝင်း ခါးတွင် ရရှိသွားသည့် ဒဏ်ရာမှာ ပြင်းထန်သဖြင့် ယမန့်နေ ညအတည်းက စစ်တွေပြည်သူ့ဆေးရုံသို့ ယူဆောင်ကာ ခွဲစိတ်ကုသမှုများကို ခံယူနေရသည်။

အလားတူ ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း မင်းပြားမြို့နယ် စပါးထား ဘုန်းကြီးကျောင်းထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ရွားသား ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦး မင်းပြားဆေးရုံတွင် ထပ်မံသေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိအချိန်တွင် စစ်တွေပြည်သူ့ဆေးရုံ၌ စပါးထားကျေးရွာမှ ဒဏ်ရာရ အမျိုးသမီး ၆ ဦး ၊ မြောင်း ဘွယ်ကျေးရွာမှ  အမျိုးသမီး ၁ ဦး ၊ ဂဏန်းမဲကျေးရွာမှ အမျိုးသမီး ၁ ဦး စုစုပေါင်း အမျိုးသမီး ၈ ဦး ခွဲစိတ်ကုသမှုများကို ခံယူနေရကြောင်းလည်း သိရသည်။

ဆက်စပ်ဖတ်ရှူရန် – မင်းပြားက လက်နက်ကြီး ကျမှန်ပေါက်ကွဲမှု ၅ ဦးသေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading