တရုတ်ကျူးကျော်လာမှုကို တွန်းလှန်သွားမည့် စစ်ရေးလေ့ကျင့်ခန်းတခုကို ထိုင်ဝမ်တွင် F- 16 တိုက်လေယာဉ်များ သုံး၍ ပြုလုပ်လျှက်ရှိသည်။
တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (People’s Liberation Army-PLA) မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များသည် ထိုင်ဝမ်ရှိ အဓိက လေတပ်အခြေစိုက် စခန်းများရှိ လေယာဉ်ကွင်းများကို ဖျက်ဆီးခဲ့ပါက F-16 တိုက်လေယာဉ်များသည် ကျွန်းပေါ်တွင် အဝေးပြေးလမ်းများပေါ် အရေးပေါ်ဆင်း၍ ဆီနှင့် ခဲယမ်းမီးကျောက် ဖြည့်တင်းခြင်း၊ သရုပ်ပြခြင်းတို့အပါအဝင် တကယ့်စစ်ပွဲပုံသဏ္ဌာန် ဖန်တီးလျှက် လေ့ကျင့်ခဲ့ကြသည်။
နောက်ဆုံးပေါ် ခေတ်မီ နည်းစနစ်များဖြင့် တိုးချဲ့ထားသည့် ထိုင်ဝမ်လေတပ်သည် ၂၀၁၄ ခုနှစ်က နှစ်စဉ် စစ်ရေးလေကျင့်မှုတွင် အဝေးပြေးလမ်းပေါ် တိုက်လေယာဉ်ဆင်းသည့် အလားတူ သင်ခန်းစာကို လေ့ကျင့်ခဲ့ဖူးသည်။ ယင်းသို့ လေ့ကျင့်ပြခြင်းအားဖြင့် ထိုင်ဝမ် ရေလက်ကြား ကျော်၍ PLA ၏ ရန်လိုခြင်းနှင့် ပြန်လည် ပေါင်းစည်းရေး ဖိအားပေး ခြိမ်းခြောက်ခြင်းတို့ကို တုံ့ပြန်သည့် သဘောအဖြစ် ရှုမြင်ရသည်။
မေလ ၂၇ ရက်က ထိုင်ဝမ်အလယ်ပိုင်းတွင် တပ်အင်အား ၁၆၀၀ ရွှေ့ပြောင်းစေခဲ့ပြီး တိုက်လေယာဉ် F-16V တစီး၊ Mirage 2000-5 တစီး နှင့် E-2K တစီးတို့ဖြင့် လေကြောင်းချီ ကြိုတင် သတိပေးစနစ် သုံးလျှက် ချောင်ဟွာခရိုင်ရှိ အဝေးပြေးလမ်း တလမ်းပေါ် အနီးကပ်ပျံသန်း ဆင်းသက်ကာ ဆီဖြည့်ခြင်း၊ ခဲယမ်းမီးကျောက် ဖြည့်ခြင်းတို့ ဆောင်ရွက်စေသည်။
ထိုမှတဖန် လေကြောင်း ပြန်ချီစေသည့် လေ့ကျင့်ခန်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်နိုင်ငံထုတ် သတင်းစာများက F-16V စစ်သုံးလေယာဉ် အမျိုးအစား အဝေးပြေးလမ်းပေါ် ဆင်းသက်စေခြင်းမှာ ယခုပထမဆုံးအကြိမ် ဖြစ်ကြောင်း ရေးသားဖော်ပြကြသည်။
လေတပ်ဗိုလ်မှူးကြီး တဦးက သတင်းထောက်များကို ပြောကြားရာတွင် ထိုင်ဝမ်၏ အဓိက လေတပ်အခြေစိုက် စခန်းများအားလုံးကို တရုတ်ပြည်မကြီး PLA က ပစ်မှတ်ထားလာနိုင်ကြောင်း၊ သို့ဖြစ်၍ ယခုကဲ့သို့ အဝေးပြေးလမ်း စစ်ရေးလေ့ကျင့်မှုဖြင့် လေသူရဲများ အရေးပေါ် ဆင်းသက်နိုင်/ ပျံတက်နိုင်သည့် ကျွမ်းကျင်မှုစွမ်းရည် လိုအပ်ချက် ဖြည့်ဆည်းပေးကာ အဝေးပြေးလမ်းမှနေ၍ အရေးပေါ် တုံ့ပြန်မှုနှင့် ဆုတ်ခွာမှုများ အထောက်အကူ ပြုနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်ကျွန်းပေါ်ရှိ အဝေးပြေးလမ်း ကွန်ရက်၏ တချို့ အစိတ်အပိုင်းများကို အကယ်၍ စစ်ဖြစ်နေစဉ် အတွင်း စစ်သုံးလေယာဉ်များ အရေးပေါ် အဆင်းအတက်ပြုခြင်း၊ မွမ်းမံ ထိန်းသိမ်းခြင်း ပြုလုပ်နိုင်ရန် အသုံးပြုပိုင်ခွင့် ပေးထားသည်။
ကျွန်းပေါ်တွင် ကီလိုမီတာ ၁၀၀၀ နီးပါး ရှည်သည့် အဝေးပြေးလမ်းများရှိပြီး အနည်းဆုံး လေယာဉ် ၄ စီး ဆင်းသက်နိုင်သည်အထိ ကျယ်ပြန့်ကာ အကြမ်းခံနိုင်သည့် လမ်းမျက်နှာပြင်များ ခင်းထားပေးသည်။
ထိုင်ဝမ်ကျွန်း အဝေးပြေးလမ်း အစိတ်အပိုင်းများတွင် အရေးပေါ် လေယာဉ်ပြေးလမ်းကိုလည်း ထည့်သွင်း ပုံဖော် တည်ဆောက်ထားသည်။ ကျွန်းအနောက်ပိုင်း ကမ်းရိုးတန်းတလျှောက် တိုင်ပေမှ Kaohsiung သို့ မြောက်နှင့်တောင် အသက်သွေးကြောဖြစ်သည့် အမှတ် ၁ အမျိုးသား အဝေးပြေး လမ်း၏ လမ်းပိုင်းအချို့ပါဝင်သည်။
ကမ်းမြောင် အဝေးပြေးလမ်းများဟူ၍ ထင်ရှားသည့် အဆိုပါ လမ်းပိုင်းများကို စစ်လေယာဉ်များ ပြေးလမ်း အဖြစ်ပါ သုံးနိုင်ရန် အထူး တည်ဆောက် ခင်းကျင်းထားသည်။ ယုတ်စွအဆုံး စစ်ဖြစ်လာချိန် လေတပ်အခြေစိုက် စခန်းများ တိုက်ခိုက်ချေမှုန်း ခံရ၍ ပျက်စီးသွားသည့်တိုင် စစ်လေယာဉ်များသည် အဝေးပြေး လမ်းမှပင် ပုံမှန် အဆင်းအတက် လုပ်လျှက် စစ်ဆင်ရေး အဆက်မပြတ် ဆင်နွှဲရန် အရန်အဖြစ် ထားရှိသည်။
ယင်းလမ်းပိုင်းများကို ပုံမှန်အားဖြင့် စံချိန်မီ အဝေးပြေးလမ်းအဖြစ် စီမံခင်းကျင်းထားပြီး နှစ်မီတာထက် မနည်းသော လမ်းမျက်နှာပြင်နှင့် ကျစ်လစ်သည့်ကွန်ကရစ် အောက်ခြေ သွန်းလောင်းထားသည်။
အဆိုပါ လမ်းပိုင်းများတွင် လေယာဉ်ပျက်ကျခြင်း ရှိပါက အလွယ်တကူ ဖယ်ရှားနိုင်ရေးအတွက် အဝေးပြေး လမ်း၏ အကျယ်ပမာဏ အားလုံးကို စစ်လေယာဉ်သီးသန့်သုံး အဖြစ် ရည်ရွယ် တည်ဆောက် ထားပြီး လမ်းအနီးအနား မည်သည့်နေရာတွင်မဆို စံပြု လေယာဉ်ကွင်းအဖြစ် (အရေးပေါ်) သုံးနိုင်စေရန် အထူးစက်ကိရိယာများ တပ်ဆင်ပေးထားသည်။
အဆိုပါ အဝေးပြေးလမ်းများကို ၂၄ နာရီမှ ၄၈ နာရီအတွင်း စစ်ဆင်ရေးလေယာဉ်များ သုံးရန် ပြောင်းလဲပစ်နိုင်သည်။
ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်များ
လေကြောင်း ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်မှုတို့သုံးရန် ကြိုတင်အားဖြည့် ထားသော ထိုင်ဝမ်၏ F-16 တိုက်လေယာဉ် များသည် လေယာဉ်တစီး မြေပြင်ဆင်းသက်ရန် လုံလောက်သည့်နေရာ ပမာဏလိုအပ်၍ နေရာအပို မပေးနိုင်သည့် အခြေအနေများတွင် ဝါယာကြိုးတချောင်းသဖွယ် လျှော့ပေးထားသဖြင့် တိုတောင်း ကျဉ်းမြောင်းသော (ယာယီအရေးပေါ်) လေယာဉ်ပြေးလမ်း ပေါ်၌ပင် မြေပြင်မှ ဝေဟင်သို့ တက်နိုင်၊ ဆင်းနိုင်သည်။
ထိုကဲ့သို့ ဝါယာကြိုး တချောင်းသဖွယ် အလျှော့အတင်း လုပ်ပေးသည့်သဘောတရားမှာ တိုက်လေယာဉ် များသည် လေယာဉ်တင် သင်္ဘောများပေါ် အတက်၌ ပင့်တင်ပေးသော ကိရိယာအကူအညီဖြင့် ပျံတက်ခြင်းနှင့် Recovery စနစ်များကို ဖမ်းယူခြင်း ပုံစံမျိုးနှင့် ဆင်တူသည်။
ထိုင်ဝမ်သည် 144 F-16A/B ဂျက်လေယာဉ်ကို F-16V အမျိုးအစား ဖွဲ့စည်းတည်ဆောက်ပုံ အဖြစ်သို့ တီထွင်ဆန်းသစ်မှု တခုလုံး ပြုလုပ်နေသော အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စီမံကိန်း၏ အလယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းစီမံကိန်းတွင် F-22 နှင့် F-35 ဂျက်လေယာဉ်များတွင် သုံးနိုင်သည့် အီလက်ထရွန်းနစ် ပုံဖော်ရေဒါစနစ်များ တပ်ဆင်ထားသည်။
တရုတ်နှင့် မည်သည့် ပဋိပက္ခမဆို ဖြစ်ပွားပါက သုံးနိုင်စေရန်အတွက် တပ်အင်အားပမာဏရော၊ လက်နက်ခဲယမ်း စွမ်းရည်ကိုပါ အလုံးအရင်းဖြင့် တိုးချဲ့နေဆဲဖြစ်သည်။ သို့သော် နိုင်ငံတကာ ဝင်ရောက် စွက်ဖက်မှုအနေဖြင့် တရုတ်ပြည်မကြီးမှ တပ်များကို တွန်းလှန်နိုင်ရန် ခေတ်မီဆန်းပြားပြီး အင်အား အချိုးမညီသည့် နည်းဗျူဟာများကို ချဲ့ထွင်ပြီးဖြစ်သည်။
အခြားတနေရာတွင် ဒုံးကျည်စစ်ဆင်မှု သတိပေး အစိတ်အပိုင်းအဖြစ် လေကြောင်း အချက်ပေး ဥသြထွက်လာသည့်အခါ ထိုင်ဝမ်အဓိက မြို့ကြီးများ၏ ယာဉ်ကြောစနစ်များ ရပ်သွားစေရန်နှင့် အဆောက် အဦများ ဘေးကင်းစေရန် စမ်းသပ်ခဲ့သည်။ ယင်း သတိပေးချက်သည် မိုဘိုင်းဖုန်း သုံးစွဲသူများထံကိုပါ စာတို သတင်းပေးပို့၍ တချိန်တည်းတွင် သတိပေးသွားနိုင်ရန် စီမံထားသည်။
(Asia Times ပါ Taiwan anti-PLA drill sees F-16s on highways ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
နှစ် ၃၀ ပြည့် တီယန်နန်မင် အထိမ်းအမှတ် ဟောင်ကောင်နှင့် ထိုင်ပေ မှာ ကျင်းပ
ကုန်သွယ်ရေးစစ်ပွဲ တိုက်ရန် အသင့်ဟု တရုတ် ကာကွယ်ရေး ဝန်ကြီး ပြော
အိမ်နီးချင်းများအပေါ် အပြုအမူနှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သတိပေး