ပြီးခဲ့သည့် ဇန်နဝါရီလက ပြည်ထောင်စု လွှတ်တော်၌ ဖွ့ဲစည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အရေးကြီး အဆို တခု ကို တပ်မတော်က အပြင်းအထန် ကန့်ကွက်နေချိန်၊ ယင်းကို တိုက်ရိုက် ထုတ်လွှင့်ပြသနေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလိုင်း အချိန်ပိုင်း ပြတ်တောက်ခဲ့ရခြင်း၌ ပြန်ကြားရေး ဝန်ကြီး၊ ဒုဝန်ကြီးတို့ ကိုယ်တိုင် တာဝန်ခံရန် ကြံခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က တောင်းဆိုသည်။
ယနေ့ နေပြည်တော်ရှိ ပြည်သူလွှတ်တော်တွင် ကြံ့ခိုင်ရေး ပါတီက ကိုယ်စားလှယ် ဦးမောင်မြင့်က ဇန်နဝါရီလ ၂၉ ရက်က လွှတ်တော်၌ တိုက်ရိုက်ထုတ်လွှင့်မှု ၅ မိနစ်ခန့် ပြတ်တောက်ရခြင်း၏ အဖြစ်မှန်ကို ရှင်းလင်းပေးနိုင်းခြင်း ရှိ၊ မရှိ မေးခွန်းမေးမြန်းမှု၏ ဆက်စပ်မေးခွန်းတွင် အထက်ပါအတိုင်း တောင်းဆိုခြင်း ဖြစ်သည်။
“DG (ညွှန်ချုပ်) အပါအဝင် တခြား လူတွေကို ရွှေ့ပြောင်းတာ ဘာညာ အရေးယူတာ ရှိတယ်လို့ ပြောတယ်။ ဝန်ထမ်း တွေ အတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့်လည်း အဲဒါမျိုး ဝန်ထမ်းတွေ အဆင့်မှာပဲ တာဝန်ရှိသလား။ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးမှာရော တာဝန် မရှိဘူးလားလို့ ကျနော် မေးချင်ပါတယ်”ဟု ဦးမောင်မြင့်က ပြောသည်။
နေပြည်တော် လွှတ်တော်မှ တပ်ကုန်းရှိ မြန်မာအသံနှင့် ရုပ်မြင်သံကြား ရုံးချုပ်သို့ ဖိုင်ဘာ ဆက်ကြောင်းမှ တဆင့် ပေးပို့ ထုတ်လွှင့်နေစဉ် လိုင်းကျ၍ အစီအစဉ် ပြတ်တောက်ခဲ့ရပြီး ဂြိုလ်တု ဆက်ကြောင်းဖြင့် ပြောင်းလဲ ထုတ် လွှင့် ခဲ့ရကြောင်း ပြန်ကြား ရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ဖိုင်ဘာလိုင်း ပြတ်တောက်သည်ဟု ထုတ်ပြန်သော်လည်း တပ်မတော်ကမူ အဆိုပါ နေ့က ဖိုင်ဘာလိုင်း အသုံးပြု မရှိကြောင်း၊ ဖိုင်ဘာလိုင်းနှင့် မသက်ဆိုင်ကြောင်း ဖေဖေါ်ဝါရီ ၇ရက်က သတင်းထုတ် ပြန်ခဲ့ ရာ၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဖြစ်မှန်ကို စုံစမ်းရန် ဖြစ်ပေါ်ခဲ့သည်။
ယင်းနေ့က မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ ရုပ်သံ ထုတ်လွှင့်မှုသည် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ မှ ၂နာရီ ၂၅ မိနစ် အထိ ၅ မိနစ် ပြတ်တောက်ခဲ့ရပြီး ပြတ်တောက်အချိန်အတွင်း အဆိုတော် ဟေမာနေဝင်း အပါ အဝင် တေးသီချင်များ ထုတ်လွှင့် ပေးခဲ့သည်။
ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့် ကမူ MRTV မှ တာဝန်ရှိသူများ ကိုယ်တိုင် ဖိုင်ဘာဆက် ကြောင်း ပြတ်တောက်သွား ခြင်းဟု ရှင်းသဖြင့် ထိုအတိုင်း သတင်းစာတွင် ပြန်လည် ဖော်ပြပေးခဲ့ ခြင်းဖြစ် ကြောင်း၊ နောက်ပိုင်းတွင် တပ်မတော် သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာမှသာ အကြောင်းရင်းမှန်ကို ဖော်ထုတ်ခဲ့ရ ကြောင်း ပြောသည်။
“တမင်တကာ လုပ်စရာ အကြောင်း မရှိပါဘူး။ ပြီးတော့ အောက်ခြေက တင်ပြတဲ့ အပေါ်မှာ ဒီလိုပဲ ဆောင်ရွက် သလားဆိုရင် အောက်ခြေဆိုတာ တော်တော် ခပ်လှမ်းလှမ်းက အောက်ခြေ မဟုတ်ပါဘူး။ အနီးကပ်ပါ။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များက တင်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ တင်ပြချက် အတိုင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က လွှတ်တော်တွင် ပြောသည်။
ကြံ့ခိုင်ရေး ကိုယ်စားလှယ်ကလည်း အောက်ခြေမှ တင်ပြမှု တခုတည်းကို ကြည့်၍ သဘောတူကာ သတင်းစာတွင် ထည့်ရလောက်အောင် လွယ်ကူပါသလားဟု ပြောဆိုခဲ့ပြီး မှားယွင်းခဲ့မှုနှင့် ပတ်သက်၍ သတင်းစာမှ တရားဝင် တောင်းပန် ပေးရန် ရှိ၊ မရှိလည်း မေးခွန်း ထုတ်ခဲ့သေးသည်။
MRTV အနေဖြင့် ပြည်သူများထံသို့ ပြတ်တောက်မှု ဖြစ်ရခြင်း အတွက် အသိပေး တောင်းပန်ခြင်း စာသား လွှင့် တင် ခြင်း၊ ပြတ်တောက်သွားခဲ့ရသည့် အပိုင်းကိုလည်း ထည့်သွင်း၍ အစအဆုံး ပြန်လည် ထုတ်လွှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။
သို့သော် ယင်းဖြစ်စဉ်တွင် တာဝန်ရှိသူ မည်မျှကို အရေးယူသည်၊ မည်ကဲ့သို့ အရေးယူလိုက်သည် ဆိုသည်ကိုမူ ပြန်ကြားရေး ဝန်ကြီး ဌာနက ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အဓိက တာဝန်ရှိသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကို ဌာနပြောင်းခြင်းဖြင့် အရေးယူခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးမြင့် မောင်က ဧရာဝတီသို့ ပြောဆိုထားပြီး ၎င်းကို အမျိုးသား ပြန် လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ ယာယီ တွဲဖက် ပြောင်းပေးထားသည်ဟု သိရသည်။
ယခုအခါ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်၊ သုံးသပ်ချက်၊ ထောက်ခံချက်များအရ ဖြစ်စဉ်အပေါ် မမှန် မကန် တင်ပြမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က လွှတ်တော်တွင် ပြောသည်။
ယင်းနေ့က လွှတ်တော်ရုပ်သံလိုင်းကို ဂြိုလ်တုလိုင်းဖြင့် ပေးပို့နေစဉ် နယ်တနယ်မှလည်း ယင်းလိုင်းဖြင့် ပေးပို့ လာ၍ လိုင်း ၂ ခု တိုက်ဆိုင်ကာ လွှတ်တော်လိုင်း ပြုတ်ကျသွားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စက်ကိုင် တာဝန်ရှိသူက နယ်လိုင်းကို မပို့ရန် ဖုန်းဆက် ပြောသည့်အခါ ပြန်တက်လာရန် ၅ မိနစ်ခန့် ကြာမြင့်သွားခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
You may also like these stories:
ပါတီ၏ ပိုင်ဆိုင်မှုများ နိုင်ငံပိုင် ဆိုသည့် စွပ်စွဲချက် ကြံ့ခိုင်ရေး ပယ်ချ
တပ်မတော်နှင့် ကြံ့ခိုင်ရေး ပူးပေါင်း၍ နယ်လှည့် ဆေးကုသပေးမှု ဝေဖန်ခံနေရ
ကြံ့ခိုင်ရေးနှင့် အခြားပါတီများ နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ကြရန် သမ္မတရုံးပြော