ရန်ကုန်တိုင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နေရာ အတွက် ဆိပ်ကမ်းမဲ ဆန္ဒနယ်မှ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) မှ ရှုံးနိမ့်ခဲ့မှု အပေါ် အယူခံ ဆက်တက်မည်ဟု ကြံ့ခိုင်းရေး ပါတီ မှ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
နေပြည်တော်ရှိ ရတနာသိင်္ဃ ဟိုတယ်၌ ဇွန်လ ၅ ရက်က ပြုလုပ်သော ကြံ့ခိုင်ရေး ပါတီ သတင်းစာ ရှင်းလင်းပွဲတွင် ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ နန္ဒာလှမြင့်က“ချေးငွေ ကိစ္စက ငွေချေးတဲ့ ကုမ္ပဏီက ဆိပ်ကမ်း မြို့နယ်မှာ ငွေလာချေးတယ်။ ကုမ္ပဏီက ချေးတယ်။ ပြည်သူက ချေးတယ်။ ကိုယ်စားလှယ်နဲ့ ဘာမှမဆိုင်ဘူး။ အဲဒီ ကုမ္ပဏီနဲ့ ကိုယ်စားလှယ်နဲ့ သိလို့ ဆိုပြီး ရွေး ကောက်ပွဲ မသမာမှု ဆိုပြီး ကိုယ်စားလှယ်ကို ဖယ်ရှားလိုက်တယ်။ ဒါပေမယ့် ကျနော်တို့ ၁၅ ရက် အတွင်း အယူခံ ပြန် ဝင်ပါမယ်။ ပြန်ရှင်းပါမယ်”ဟု ပြောသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်က ကျင်းခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ် စားလှယ်၊ ဆိပ်ကမ်း မဲဆန္ဒနယ် အမှတ်(၂) နေရာ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးသန်းထိုက် အောင် က ၃၅၆ မဲ ရရှိခဲ့ပြီး ကြံ့ခိုင်ရေး ပါတီ မှ ဦးနေမျိုးအောင် က ၅၁၅ မဲဖြင့် အနိုင်ရခဲ့သည်။
သို့ရာတွင် ဦးနေမျိုးအောင်နှင့် ပတ်သက်ပြီး ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေး ပါတီ ရုံးသည် နိုင်ငံပိုင်မြေပေါ်တွင် တည်ဆောက် ခြင်း၊ ရွေးကောက်ပွဲ မတိုင်ခင် ကာလတွင် ငွေချေးလုပ်ငန်း လုပ်ကာ ပြည်သူများကို ငွေချေးခဲ့ခြင်း၊ ဘာသာရေးကို အခြေခံကာ မဲဆွယ် စည်းရုံးခြင်းနှင့် ရွေးကောက်ပွဲ အသုံးစရိတ် ကိစ္စ စသည့် အချက်များကြောင့် ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှု ပြုလုပ်ခဲ့သည်ဟု ဆိုကာ ဦးသန်းထိုက်အောင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) သို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် UEC က ယင်းကိစ္စကို ၅ လခန့် စစ်ဆေးခဲ့ပြီးနောက်၂၀၁၉ မေ ၃၀ ရက်၌ NLD ပါတီ ကိုယ်စားလှယ် လောင်း ဦးသန်းထိုက်အောင်ကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အငြင်းပွား ကိစ္စကို ခုံရုံးဖွဲ့ စစ်ဆေး၍ နှစ်ဖက်စလုံးကို လွတ်လပ်စွာ တင်ပြခွင့် ပြုခဲ့ ပြီး မှန်မှန်ကန်ကန် စစ်ဆေးခဲ့ခြင်း ဖြစ်သောကြောင့် ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း NLD ပါတီမှ ဦးသန်းထိုက်အောင်က ပြောသည်။
၎င်းက“ကျနော်တို့ဘက်ကတော့ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ဥပဒေ အတိုင်းပဲ ဆက်ဆောင်ရွက်သွားဖို့ပဲ ရှိပါ တယ်။ အမိန့့်ချပြီးကတည်းက အယူခံ ဆက်တက်ဖို့ အလားအလာ ရှိတယ်ဆိုတာ သုံးသပ်ပြီးသားပါ”ဟုလည်း ပြော ဆိုသည်။
ကြံ့ခိုင်ရေး ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အငြင်းပွားမှုများတွင် ဘက်လိုက် ဆုံးဖြတ်မှုများ ရှိနေသည် ဟု စွပ်စွဲထားပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် စိုးရိမ်မှုများ ရှိနေကြောင်း၊ ယင်းကိစ္စကို ရှင်းပြရန် ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံခွင့် တောင်းဆိုထားကြောင်းလည်း မီဒီယာများကို ပြောကြားထားသည်။
ဒေါက်တာ နန္ဒာလှမြင့်က“၂၀၁၈ မှာလည်း ကျနော်တို့ ၁၀ နေရာ ဝင်ပြိုင်တယ်။ ၃ နေရာ ပြတ်ပြတ်သားသား နိုင် တယ်။ နိုင်တဲ့ အထဲကမှ အခု ဆိပ်ကမ်းကို အမိန့်ချလိုက်တယ်။ ကျနော်တို့ ဆိပ်ကမ်း ကိုယ်စားလှယ် ရှုံးသွားတယ်။ အဲဒီ ဆုံးဖြတ်ချက်တွေကို ကြည့်လိုက်ရင် ရွေးကောက်ပွဲ ကော်မရှင်က ဘက်လိုက် ဆုံးဖြတ်တယ်လို့ ကျနော်တို့က တောက်လျှောက် ပြောလာတယ်”ဟု ပြောဆိုသည်။
UEC အဖွဲ့ဝင် ဦးမြင့်နိုင်ကမူ ကော်မရှင် အနေဖြင့် အငြင်းပွားမှုများကို ဘက်လိုက် ဆုံးဖြတ်ခဲ့ခြင်း မရှိဘဲ ဥပဒေနှင့် အညီသာ ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။
၎င်းက“ပြဋ္ဌာန်းထားတဲ့ ဥပဒေ နည်းဥပဒေနဲ့ အညီ ဆုံးဖြတ်တာပေါ့။ ဆုံးဖြတ်ချက်တွေ မှန်တယ် မှားတယ် ဆိုတာ၊ ဘက် လိုက်သလား မလိုက်သလား ဆိုတာ ဘယ်သူမဆို ဆုံးဖြတ်ချက်တွေကို ကြည့်လို့ ရတယ်”ဟု ဆိုသည်။
ထို့အပြင် ကြံ့ခိုင်ရေး ပါတီက ကော်မရှင်နှင့် တွေ့ဆုံခွင့် တောင်းဆိုထားသည့် အပေါ်တွင်လည်း လတ်တလော ဆုံးဖြတ် ထားခြင်း မရှိသေးကြောင်း ဦးမြင့်နိုင်က ပြောဆိုသည်။
ကြားဖြတ် ရွေးကောက်ပွဲ၌ NLD ပါတီနှင့် ကြံ့ခိုင်ရေး ပါတီ ရွေးကောက်ပွဲ အငြင်းပွားမှု ၆ ကြိမ် ဖြစ်ခဲ့ရာတွင် အစိုးရ ခန့်အပ်ထားသော ကော်မရှင်က ကြံ့ခိုင်ရေး ပါတီဘက်ကို ၆ မှုစလုံး အရှုံးပေးခဲ့ကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ပြော သည်။
ထို့ပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေး ပါတီ ဘက်က NLD ကို ကန့်ကွက်ခဲ့သည့် အမှု ၁၈ မှုတွင်လည်း ကြံ့ခိုင်ရေး ကို အရှုံးပေးကြောင်း၊ NLD က ကြံ့ခိုင်ရေး ကို ကန့်ကွက်သည့် ၇ မှုတွင်လည်း ကြံ့ခိုင်ရေးက ၅ မှု ရှုံးခဲ့ ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေး က ကန့်ကွက်သည့် အမှု ၅ မှုတွင် အားလုံး ရှုံးနိမ့်ကြောင်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ်တွင်လည်း ၃ နေရာ ဝင်ပြိုင်ခဲ့ရာ ယခု ၁ မှု ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။