နိုင်ငံကို ပြည်ပရန်သူ ကျူးကျော်ဝင်ရောက်မှု ခံရပါက “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)မှ ပြည်ထောင်စုအစိုးရ၊ တပ်မတော်နှင့် တခြားသော တိုင်းရင်းသားပေါင်းစုံတို့နှင့် အတူ ခုခံ ကာကွယ်သွားမည်ဟု UWSA က ဇွန် ၆ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
UWSA ၏ ငြိမ်းချမ်းရေး နှစ်သုံးဆယ်ပြည့် အခမ်းအနားတွင် စစ်ရေးပြမှုများနှင့် ပတ်သက်ပြီး စင်ပြိုင်အစိုးရ သဖွယ် ဖြစ်နေ၍ သီးခံနေရကြောင်း တပ်မတော်က ပြောဆိုပြီးနောက် UWSA က ၎င်းတို့အနေဖြင့် ရန်သူမဟုတ်ကြောင်း ပြသရန် ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။
UWSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရန်း က “ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့က မြန်မာနိုင်ငံရဲ့ တစိတ် တဒေသပဲလေ၊ ဘယ်လိုပဲ ပြောပြော ကျနော်တို့ အိမ်တွင်းရေးကိစ္စလေ။ ဒါကို ပြည်ပက လာပြီး ကျူးကျော်တာမျိုး လုပ်ရင်တော့ ဒါကိုတော့ ကျနော်တို့ ဝိုင်းဝန်းပြီး တိုက်ထုတ်ရမယ့် သဘောမျိုးကို ဆိုလိုတာပါ။ အရင်ကတော့ MTA နဲ့တိုက်တုန်းက လည်း ပူးပေါင်း တိုက်ခိုက်ပေးခဲ့ဖူးတယ်” ဟု ပြောသည်။
UWSA သည် ဧပြီ ၁၇ ရက်က ၎င်းတို့ ထိန်းချုပ်ထားသော ပန်ဆန်း(ပန်ခမ်း)မြို့မှာ ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် အခမ်းအနားကို ကျင်းပခဲ့ပြီး စစ်သည်အင်အား ၇၆၀၀ ဝန်းကျင်နှင့်အတူ လေယာဉ်ပစ် စက်သေနတ်များ၊ ဒုံး တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်များ၊ အမြောက်တပ်များ၊ လက်နက်ကြီးတပ်များ၊ သစ်လွင် တောက်ပ နေသော စက်နှိုက်ပါနှင့် လက်နက်ငယ်များ ခင်းကျင်း ပြသသွားခဲ့သည်။
အဆိုပါ စစ်ရေးပြခြင်းကို တပ်မတော်ဘက်က “ဝ” အဖွဲ့သည် စင်ပြိုင်အစိုးရ တရပ်ဖြစ်နေသလို စင်ပြိုင် တပ်မတော် တရပ်ပုံစံ ဖြစ်နေကြောင်း၊ ထိုစစ်ရေးပြ အခမ်းအနားကို ငြိမ်းချမ်းရေး လိုချင်သည့်အတွက် သည်းခံနေရကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဇွန် ၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ဗိုလ်ချုပ်စိုးနိုင်ဦး က “စစ်ရေးပြ အခမ်းအနားမှာ လက်နက်ကိုင်ဆောင်ပြီးတော့ စစ်ရေးပြခဲ့တာ ရှိပါတယ်။ ဒါကြောင့်မိုလို့ စစ်ရေးပြ အခမ်းအနားကို ကြည့်ခြင်းအားဖြင့် “ဝ” အနေနဲ့တော့ ဒါဟာ စင်ပြိုင်အစိုးရ သဘောမျိုး၊ စင်ပြိုင် တပ်မတော် ပုံစံမျိုး ဆောင်ရွက်တာ တွေ့ရပါတယ်။ ဒါသည် တပ်မတော်အနေနဲ့ အဆုံးစွန် သည်းခံထားတဲ့ အနေအထား ဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ဆိုသည်။
တပ်မတော်၏ ပြောစကားနှင့် ပတ်သက်ပြီး UWSA က ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ်(၃၀) ပြည့် ဂုဏ်ပြုခြင်းသာ ဖြစ်ကြောင်း၊ အစိုးရနှင့် တပ်မတော်ကို ယှဉ်ပြိုင်သည့် သဘောမျိုး မရှိကြောင်း၊ သမိုင်းစဉ်ဆက်အရ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့၏ အရေးကြီးသည့် ပွဲတော်များကို ဂုဏ်ပြုရာတွင် အလားတူ စစ်ရေးပြ အခမ်းအနား ကျင်းပလေ့ရှိကြကြောင်း ဇွန် ၆ ရက် ထုတ်ပြန်ချက်မှာ ဆိုထားသည်။
UWSA က “တပ်မတော်၏ ဆီလျော်မှုမရှိသော ပြောဆိုမှုသည် ၎င်းတို့၏ အပိုင်းကဏ္ဍသာဖြစ်ပြီး ကျနော်တို့ အနေနှင့် ဝင်ရောက်စွက်ဖက်၍မရပါ။ သို့ပေမယ့် ကျနော်တို့ “ဝ” ဒေသအနေနှင့် တပ်မတော်ကို ရန်သူလို သဘော မထားပါ။ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ရန်သူလိုသဘောမထားပါ။ တပ်တော်နှင့် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးကို “ဝ” ဒေသမှ မိတ်ဆွေလို သဘောထား ပါသည်”ဟု ဆိုထားသည်။
UWSA သည် ၂၀၀၁ ခုနှစ်၊ ၂၀၀၂ ခုနှစ်တွင် တပ်မတော်နှင့်အတူ ပြည်ပရန်သူ ကျူးကျော်မှုကို လက်တွဲခုံခံ တိုက်ထုတ်ခဲ့ သကဲ့သို့ နောက်နောင်တွင်လည်း ပြည်ပရန်သူ ဝင်ရောက် ကျူးကျော်မှုများနှင့် ကြုံတွေ့ရသည့် အခါ ဤကဲ့သို့အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန် ၆ ရက်က ထုတ်ပြန်ချက်တွင် ပါရှိသည်။
UWSA ဆိုလိုသော ၂၀၀၁ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်များအတွင်းက ပြည်ပရန်သူ ကျူးကျော်မှုကို တပ်မတော်နှင့် အတူ တိုက်ခိုက်ခဲ့ခြင်းမှာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ စစ်ဖြစ်ခဲ့သော ကာလကို ရည်ညွန်းခြင်းဖြစ်ကြောင်း သိရသည်။
UWSA ၏ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်း က “ဟုတ်ပါတယ်၊ ထိုင်းနဲ့ ကျနော်တို့ မြန်မာ့ တပ်မတော်နဲ့ ပဋိပက္ခဖြစ်တုန်းက ကျနော်တို့ အတူလက်တွဲခဲ့တယ်။ အဲကိစ္စကို ပြောတာပါ၊ မှန်တယ် မယ်ဆိုင်နဲ့ တာချီလိတ် တိုက်ပွဲပေါ့။ အသေးစိတ်တော့ ကျနော်လည်း မသိဘူး။” ဟု ပြောသည်။
ထိုင်းနိုင်ငံ စစ်တပ်နှင့် ရိန်ဂျားတပ်ဖွဲ့တို့သည် တင့်ကားများ၊ အမြောက်ကြီးများဖြင့် မြန်မာနိုင်ငံ၏ တာချီလိတ်မြို့ အနီးရှိ O7 တောင်ကုန်းကို ဝိုင်း၍ တပ်ဆွဲထားသော မြန်မာတပ်မတော်သားများကို ဆုတ်ခွာပေးရန် ဖိအားပေးခဲ့ ရာမှာ ၂၀၀၁ ခုနှစ်က နှစ်နိုင်ငံ စစ်ဖြစ်ပွားခဲ့ဖူး သကဲ့သို့ ထိုင်းနယ်စပ်အနီး လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့ တခုကို မြန်မာပိုက်နက်အတွင်းသို့ ဝင်ရောက် လှုပ်ရှားစေနိုင်ရန် လက်နက်ထောက်ပံ့မှုများ ပြုလုပ်ခဲ့ခြင်းနှင့် ထိုင်းစစ်တပ်က ပူးပေါင်းတိုက်ခိုက်ပေးခဲ့ခြင်းကြောင့် ၂၀၀၂ ခုနှစ်မှာ တဖန် စစ်ဖြစ်ခဲ့ကြဖူးကြောင်း သိရသည်။
UWSA သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကနေ ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ပုန်ကန် ခွဲထွက်ကာ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို ၁၉၈၉ ခုနှစ်မှာဘဲ ဖွဲ့စည်းကာ တပ်မတော် အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့သည်။
ထို့နောက် တပ်မတော်အစိုးရက UWSA ကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ “ဝ” ဒေသတချို့ကို အထူးဒေသ ၂ အဖြစ် သတ်မှတ်ပေးခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၅၆ (စ) အရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင် (၂)ခုခွဲ၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ် ပေးထားသည်။
လက်ရှိတွင် UWSA သည် ၎င်းထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ကိုင်တပ်ဖွဲ့ကို ထားရှိပြီး “ဝ” ပြည်နယ်အစိုးရအဖွဲ့ဟုဆိုကာ အုပ်ချုပ် စီမံခန့်ခွဲလျက်ရှိကြောင်း သိရသည်။