စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာကို အရပ်သား ဝန်ကြီးချုပ်အဖြစ် ဗုဒ္ဓဟူးနေ့တွင် ထိုင်းလွှတ်တော်သစ်က အတည်ပြုကြေညာခဲ့သည်။ ၎င်းသည် စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေရင်း ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းယူပြီးနောက် ၅ နှစ်တာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးဖြစ်သည်။
မတ်လ ၂၄ ရက်၊ အထွေထွေရွေးကောက်ပွဲ အပြီးတွင် မဲရလဒ် ၅၀၀-၂၄၄ ထွက်ရှိလာခဲ့သဖြင့် ယင်း ရွေးကောက်ပွဲသည် အစိုးရအပေါ် စစ်တပ်လွှမ်းမိုးမှု ချဲ့ထွင်ရန်နှင့် တရားဝင်စေရန် ဖန်တီးခဲ့ကြောင်း အတိုက်အခံ ပါတီများက ဝေဖန်ကြသည်။
အကြိတ်အနယ် ဒူးတိုက် ဆွေးနွေးကြပြီးနောက် ယခုအခါ စစ်ဦးစီးချုပ်အဖြစ်မှ အငြိမ်းစား ယူသွားပြီဖြစ်သည့် ဗိုလ်ချုပ်ကြီးသည် လွှတ်တော်နှစ်ရပ်စလုံး၌ ဝန်ကြီးချုပ်ဖြစ်လာစေရန် လုံလောက်သည့် ပေါင်းစည်းမဲ အရေအတွက် ၃၇၅ မဲရရှိခဲ့ပြီး ယင်းရာထူး ခန့်အပ်ရေး လုပ်ငန်းစဉ် တခုလုံးကို စစ်တပ်က ထိန်းချုပ်ခဲ့သည်။
အတိုက်အခံ ဒီမိုကရက်တစ်တပ်ဦးမှ အမည်စာရင်း တင်သွင်းသည့် ဆွဲဆောင်မှုကောင်းသော နိုင်ငံရေးသမားသစ် သနာသောင် ဂျူအန်ဂရုန်ရောင်ကစ်ကို ပရာယုဒ်က အလွယ်တကူ အနိုင်ရ ခဲ့သည်။ ယင်းဒီမိုကရက်တစ် တပ်ဦးသည် စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားရန် ပါတီ ၇ ခု စုစည်းထားခြင်း ဖြစ်သည်။
ပရာယုဒ်သည် ၁၉ ပါတီပေါင်းစည်း၍ ကိုင်တွယ်ရ ခက်သော ညွန့်ပေါင်းအစိုးရ တရပ်ကို ယခု ဦးဆောင် ရတော့မည်ဖြစ်ပြီး အောက်လွှတ်တော် ကိုယ်စားလှယ်အများစုမှာ ကျစ်လစ်သိပ်သည်းစွာ ရပ်တည် နေသော်လည်း ဘက်ပြောင်းခြင်းနှင့် ပူးကပ်သတ်ခြင်း ဖြစ်ပေါ်နိုင်သည့် အားနည်းချက် ရှိနေသည်။
ပရာယုဒ်သည် ဝန်ကြီးချုပ် အရိုက်အရာနှင့် မကိုက်ညီကြောင်း အတိုက်အခံအမတ်များက နာရီများစွာကြာအောင် ငြင်းခုံခဲ့ကြသည်။
“သူ (ပရာယုဒ်) က အာဏာသိမ်းတယ်။ ပြီးတော့ သူ ဆက်နေလို့ရအောင် စည်းမျဉ်းနဲ့ အခြေအနေတွေ အကုန်လုံး ပြင်လိုက်တယ်။ သူ့ကိုယ်သူ ဝန်ကြီးချုပ်လောင်း ဖြစ်လာဖို့ အသွင် ပြောင်းလိုက်တယ်” ဟု အတိုက်အခံ ဖွေ့ထိုင်းပါတီမှ ခွန်လာနန်စရီကေရူးက မှတ်ချက်ချသည်။
သို့သော် အာဏာသိမ်း စစ်အစိုးရလက်ထက် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ရွေးကောက်ပွဲ စည်းမျဉ်းများ အရ အထက်လွှတ်တော်အတွက် မဲအရေအတွက် ၂၅၀ ပြည့်မီရေးမှာ အတိုက်အခံ များအတွက် ဖြစ်နိုင်ချေ နည်းစေရန် ဖန်တီးထားသည်။
ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ထောက်ခံသူများနှင့် ကန့်ကွက်သူများ အပြိုင်အဆိုင် လမ်းပေါ်ထွက် ဆန္ဒပြ၍ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေများ အကြိမ်ကြိမ် ဖြစ်ပွားမှုကို အဆုံးသတ်စေရေး ပရာယုဒ်အနေဖြင့် အာဏာ ဆက်ယူထားခြင်း ဖြစ်ကြောင်း ပရာယုဒ်၏ ပလန်ပရာ ချာရက်ပါတီက ပြောသည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ်က အစောပိုင်း အာဏာသိမ်းမှုကြောင့် ရာထူးမှ အဖယ်ရှားခံခဲ့ရသည်။
“ပရာယုဒ်ဟာ ပဋိပက္ခ ဖြေရှင်းနိုင်ဖို့ ခြေလှမ်းတွေ လှမ်းနေပါတယ်။ ခေါင်းဆောင်မှု အခန်းကဏ္ဍ အတွက် အထူး သဘောတူညီချက် တရပ်ကိုလည်း ပြသနေပါတယ်။ အရင်က တခြား ခေါင်းဆောင် တွေထက် သူဟာ ပိုပြီး ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးနိုင်ခြေ ရှိနေပါတယ်” ဟု ပလန်ပရာ ချာရက် လွှတ်တော်အမတ် ကိုရန်နစ်နဂမ် စူကွန်ရက်တနာက ပြောသည်။
၂၀၁၄ ခုနှစ်က ဖြုတ်ချခံရပြီး သက်ဆင်နှင့် မဟာမိတ်ပြုလုပ်ထားသည့် ဖွေ့ထိုင်းပါတီ ဦးဆောင်သော ဒီမိုကရက်တစ် တပ်ဦးသည် ပါတီများ စုစည်းထားခြင်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကတည်းက ယခုနှစ်အထိ ရွေးကောက်ပွဲတိုင်း အောင်ပွဲဆင်ခဲ့သည်။
မတ်လက ဖွေ့ထိုင်းပါတီသည် ရွေးကောက်ခံ လွှတ်တော်အမတ်နေရာ ၅၀၀ ဖြင့် နေရာအများစု အနိုင်ရခဲ့သည်။ ပရာယုဒ်၏ ပလန်ပရာချာရက် ပါတီက ဒုတိယနေရာအများစုရပြီး သန်နာသောင်၏ Future Forward ပါတီက တတိယနေရာရရှိခဲ့သည်။
မတ်လ ရွေးကောက်ပွဲ ပဏာမ ရလဒ်များ ထွက်ပေါ်ပြီးနောက် ဒီမိုကရက်တစ်တပ်ဦးက လွှတ်တော်တွင် နေရာအများစု ရလာခဲ့သည်။
သို့သော် ရွေးကောက်ပွဲ ကော်မရှင်က ပါတီငယ် ၁၀ ခုကို နေရာတနေရာစီ ပေးသည့် လွှတ်တော်နေရာ ခွဲဝေပုံနည်းလမ်းကို အပြောင်းအလဲ ပြုလုပ်ကြောင်း နောက်ပိုင်းတွင် ကြေညာခဲ့ရာ သန်နာသောင်၏ Future Forward ပါတီမှာ အထိအနာဆုံး ဖြစ်ခဲ့သည်။ ပါတီငယ် ၁၀ ခုသည် ပရာယုဒ်ကို မဟာမိတ်ပြုလုပ်ကြရသည်။
ဗုဒ္ဓဟူးနေ့က မဲရလဒ်ထွက်ပေါ်ပြီးနောက် ပလန်ပရာ ချာရက်ပါတီခေါင်းဆောင် အတ္တမာ ဆာဗာနာယာနက ၎င်း၏ Facebook တွင် “မိမိပါတီအနေဖြင့် လူထုကို စောင့်ရှောက်သွားမည် ဖြစ်ပြီး ထိုင်းနိုင်ငံ အနာဂတ်ကို ဆက်လက် ဦးဆောင်သွားမည် ဖြစ်ကြောင်း” ရေးသား လွှင့်တင်ခဲ့သည်။
လွှတ်တော်အပြင်ဘက်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ သန်နာသောင်က “၎င်းပါတီသည် စစ်တပ် လွှမ်းမိုးမှု အဆုံးသတ်စေရေး ဆက်လုပ်သွားမည်” ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
“ဒီနေ့အတွက်တော့ ကျနော်တို့ မရှုံးပါဘူး။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းကြောင့် ကျနော်တို့ အောင်ပွဲကို လုယူခံလိုက်ရပြီ ဖြစ်ပါတယ်။ တကယ်လို့ ကျနော်တို့ ရှေ့ဆက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နေမယ်ဆိုရင် တနေ့ကျ သူတို့ ရှုံးရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား။ ။ Reuters