ရန်ကုန် အတွင်း မှုခင်း ဖြစ်ပွားလေ့ရှိသည့် မြို့နယ်များတွင် CCTV များ ထပ်မံ တိုးချဲ့ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။
ဗိုလ်မှူးကြီး အောင်စိုးမိုး က “ရန်ကုန်မြို့မှာဆိုရင် ရဲတပ်ဖွဲ့ဝင် အင်အားဟာ ဆောင်ရွက်တဲ့ အပိုင်းမှာ ဝန်နဲ့အားနဲ့ မမျှတဲ့ အတွက် နည်းပညာ အကူအညီနဲ့ ဆောင်ရွက်နေရတာ ရှိပါတယ်။ ဒါမှသာ နိုင်ငံတကာ နည်းတူ နည်းပညာနဲ့ ထိန်းချုပ်မှ သာ တိကျတဲ့ ဆောင်ရွက်မှုတွေ၊ မှုခင်း ဖော်ထုတ်မှုတွေ ရှိမှာ ဖြစ်ပါတယ်။ လက်ရှိမှာ CCTV တပ်ဆင်မှုတွေကို ဆောင် ရွက်လျက် ရှိပါတယ်” ဟု ပြောသည်။
ဇွန်လ ၅ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ တတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များ သတင်း စာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် လှိုင်သာယာမြို့နယ်တွင် စတင် တပ်ဆင်မည် ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း ၃၃ မြို့နယ်လုံးရှိ တပ်ဆင်သင့်သည့် နေရာများကို စိစစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
ဗိုလ်မှူးကြီး အောင်စိုးမိုးက “အဓိကကတော့ လှိုင်သာယာ ဖြစ်ပါတယ်။ လှိုင်သာယာဟာ တကယ့်ကို တရား ဥပဒေ စိုးမိုး ရေး အတွက်ကို အလေးထား ဆောင်ရွက်ရမယ့် နေရာ ဖြစ်တယ်။ ဒါ့အပြင် မလုံလောက်သေးတဲ့ အတွက် ပြစ်မှု ဖြစ်တဲ့နေ ရာ ဒဂုံ ၄ မြို့နယ်တွေ အင်းစိန်၊ ရွှေပြည်သာလို နေရာမျိုးတွေပါ ထပ်မံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံမှ ထောက်ပံ့သည့် CCTV အလုံး ၂၄၀ ထဲမှ မှုခင်း ဖြစ်ပွားမှု အများဆုံး ဖြစ်သည့် လှိုင်သာယာမြို့နယ်တွင် ၁၄၀ တပ်ဆင်မည် ဖြစ်ပြီး ကျန်အလုံး ၁၀၀ ကိုမူ Traffic Control Center က ထိန်းချုပ်ထားသည့် မီးပွိုင့် ၁၅၄ ခုနှင့် ကင်း လွတ်သည့် နေရာများတွင် တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က သိရသည်။
ထိုကဲ့သို့ CCTV များ တပ်ဆင်ခြင်းဖြင့် ရဲတပ်ဖွဲ့ကို အထောက်အကူပြုပြီး တရားဥပဒေ စိုးမိုးရေးတွင် အားကောင်းလာမည် ဟု ယူဆကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဧရာဝတီသို့ ပြော သည်။
ဦးမြတ်မင်းသူ က “CCTV တပ်တယ် ဆိုရင်တော့ ကောင်းကျိုး ပိုများတာပေါ့။ လှိုင်သာယာမြို့နယ်က ကျယ်ပြန့်တဲ့ အခါ ရဲအင်အားကလည်း မလုံလောက်ဘူး။ ဒီလို CCTV သာ တပ်လိုက်မယ် ဆိုရင် ရဲတပ်ဖွဲ့ကို အများကြီး အထောက်အကူ ပြုနိုင်တာပဲလေ။ ဒီလိုမျိုး ဆောင်ရွက်မယ် ဆိုရင် ကျနော်တို့ မြို့နယ်မှာ တရား ဥပဒေစိုးမိုးရေး အတွက် အထောက်အကူ ပြုနိုင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
လက်ရှိတွင် ရွှေတိဂုံဘုရား၊ ကန်တော်ကြီး၊ အင်းလျားကန် တဝိုက်၊ မဟာဗန္ဓုလ ပန်းခြံနှင့် မြို့တော် ခန်းမ စသည့် အရေး ကြီး နေရာများတွင် CCTV များ တပ်ဆင်ထားသည့် အပြင် ယာဉ်ကြော ထိန်းချုပ်ရေး စင်တာ (Traffic control center) က ဆောင်ရွက်နေသည့် CCTV တပ်ဆင်ထားသည့် မီးပွိုင့် ၁၅၄ ပွိုင့် ရှိကြောင်းလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က သိရ သည်။
အဆိုပါ မီးပွိုင့် CCTV များမှ တဆင့် Traffic Control Center က ရရှိသည့် သတင်း အချက်အလက်များကို အသုံးပြုပြီး မှုခင်း ဖော်ထုတ်နိုင်ခဲ့မှုများလည်း ရှိကြောင်း ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။
လှိုင်သာယာမြို့နယ်နေ မမီးမီး က “လှိုင်သာယာ ဘက်မှာက CCTV တပ်တာထက် လမ်းမီးတိုင်တွေ မီးလင်းရေးက ပိုအ ရေးကြီးတယ်။ မှုခင်း ဖြစ်တယ် ဆိုတာက စက်ရုံ အလုပ်ရုံဆင်းတဲ့ အလုပ်သမလေးတွေ ရှိတယ်။ သူတို့တွေ အလုပ်ဆင်း ချိန်က ညဘက် ၇ နာရီ။ အဲဒီအချိန် ပြန်ရင် မှောင်နေပြီ။ လမ်းမီးတိုင်တွေကလည်း တတိုင်နဲ့တတိုင်က ဝေးတယ်။ လမ်းမီး တိုင်တွေက ရပ်ကွက်တွေထဲမှာ သိပ်မရှိဘူး။ တခါတလေ လမ်းမီးတွေ ပျက်ပြီး မှောင်နေတော့ မှုခင်းဖြစ်ဖို့ လွယ်ပါတယ်။ CCTV တပ်ရုံနဲ့တော့ မှုခင်းလျော့မှာ မဟုတ်ဘူး” ဟု ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ အချက်အလက်များ အရ ရန်ကုန် တမြို့လုံးရှိ နေရာ ၁၁၃၈ နေရာတွင် CCTV ကင်မရာ အလုံးပေါင်း ၂၉၉၅ လုံး တပ်ဆင်ပြီး ဖြစ်ကြောင်း သိရသည်။