ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာ ၁၀၀၀ ကျော်အနက်မှ ၆၀၀ ကျော်ကို လျှပ်စစ် ဓာတ်အားလိုင်းများ သွယ်တန်းပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် ကျေးရွာပေါင်း ၂၀၀၀ ကျော်ရှိသည့်အနက် လက်ရှိအစိုးရ စတင်တာဝန်ယူချိန်တွင် လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာ ၁၀၀၀ ကျော်ရှိပြီး အဆိုပါ ၁၀၀၀ ကျော်မှ ကျေးရွာ ၅ ပုံ ၃ ပုံခန့်ကို လျှပ်စစ်မီးဓာတ်အားလိုင်းများ သွယ်တန်းပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှသိရသည်။
ဒေါ်နီလာကျော် က “အခု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ၂ နှစ်ရှိပြီပေါ့နော်။ ကျေးရွာတွေ အထိပါ လျှပ်စစ်မီး ရရှိဖို့အတွက် ကျေးရွာတွေကို လျှပ်စစ်ဓာတ်အားလိုင်းတွေ သွယ်တန်းခြင်းကို ဆောင်ရွက်လာတာ ဆိုရင် ၅ ပုံ ၃ ပုံလောက်တော့ ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါတယ်”ဟု ပြောသည်။
တိုင်းအစိုးရရုံးတွင် ဇွန်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျောက်တန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၆၇ ရွာခန့် ရှိသည့်အနက် ၂၀၁၈- ၂၀၁၉ ခုနှစ်အတွင်းတွင် ကျေးရွာ ၈ ရွာခန့်သာ မီးမရရှိသေးသည့် အခြေအနေတွင် ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ဧရာဝတီသို့ ပြောသည်။
ဒေါ်သက်သက်မူ က “၈ ရွာလောက်ပဲ ကျန်တော့တယ် ဆိုတော့ တော်တော်များများတော့ ပြည့်စုံနေပြီ။ ၁၈-၁၉ မှာ တော်တော်များများ မီးရလိုက်တယ်။ အားလုံးပေါင်းမှ ၈ ရွာဝန်းကျင်လောက်ပဲ ကျန်တော့တယ်။ မီးလုံးဝကို မရောက်နိုင်တဲ့ နေရာတွေလည်း ရှိတာပေါ့” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကျေးရွာများအထိ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းပေးနေသည်ဟု ဆိုသော်လည်း လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး တခုလုံးကို လုံလောက်အောင် လျှပ်စစ်မီးပေးနိုင်ခြင်း မရှိသေးပါ။
ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်မီး အလုံအလောက်ရရှိရန် ၁၆၀၀ မဂ္ဂါဝပ် ပေးနိုင်မှ လုံလောက်မည်ဖြစ်ပြီး ယခု လက်ရှိကာလတွင် ၁၃၀၀ နှင့် ၁၄၀၀ မဂ္ဂါဝပ်ကြားတွင်သာ ပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC)၊ ဓာတ်အားဖြန့်ဖြူးရေးဌာန၊ အထွေထွေမန်နေဂျာ ဦးတင်အောင် က ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ခွဲဝေပေးချိန်တွင် အဆင်သင့်ဖြစ်စေရန်အတွက် တိုင်းဒေသကြီးက တည်ဆောက် ပြင်ဆင်ထားရမည့် ၆၆ ကေဗွီဓာတ်အားခွဲရုံများ၊ ၃၃ ကေဗွီဓာတ်အားခွဲရုံများ ကျေးရွာအရောက် ဓာတ်အားလိုင်းများနှင့် ၄၀၀ ဗို့ ထရန်စဖော်မာများကို ဆက်တိုက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ဒေါ်နီလာကျော် က “၂၀၂၀ ကိုတော့ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနကလည်း လုံးပမ်းပေးနေတာဖြစ်တဲ့အတွက် ကျမတို့ လုပ်ရမယ့် တာဝန်တွေကို လုပ်ရင်းနဲ့ စောင့်ဆိုင်းဖို့ဖြစ်ပါတယ်” ဟု ဆိုသည်။
သို့သော်လည်း လက်ရှိအချိန်တွင်ပင် လျှပ်စစ် ဝန်အား လုံလောက်မှု မရှိသည့် အတွက် ရန်ကုန်တိုင်းရှိ မြို့နယ် အသီးသီး၌ အပိုင်း လေးပိုင်း ခွဲကာ ၁ ကြိမ် ဖြတ်လျှင်၂ နာရီနှုန်းဖြင့် အများဆုံး ၃ ကြိမ် အလှည့်ကျ ဖြတ်တောက်လျက်ရှိကြောင်း YESC ၊ ဓာတ်အားဖြန့်ဖြူးရေးဌာနမှ သိရသည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ က “အမတို့ဆီမှာတော့ မီးပြတ်တာနည်းတယ်။ နွေဘက်ကျတော့ ရေအရင်းအမြစ်တွေ ရှားပါးလာတယ်။ အဲလ်နီညိုဖြစ်တော့ ရေတွေက ပိုရှားပါးတော့ နည်းနည်း မီးပြတ်တဲ့ အသံထွက်လာတာပေါ့။ လုံးဝမပြတ်ရင်တော့ ကောင်းတာပေါ့။ ရင်းနှီးမြှုပ်နှံမှုတွေအတွက် လျှပ်စစ် ဓာတ်အားတွေ ထက်ပြီးတော့ ထုတ်နိုင်ရင် ပိုကောင်းတာပေါ့။ အဲဒီအတွက်လည်း သူတို့ လူကြီးပိုင်းတွေ ကြိုးစားနေပါတယ်” ဟု ဆိုသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မီးသုံးစွဲနိုင်မှုဦးရေ (Electrification Ratio) အား တစ်နိုင်ငံလုံး၏ ၅၅ % အထိ တိုးတက်ဖြန့်ဖြူးပေး နိုင်ရေး ဆောင်ရွက်နေသည့်အပြင် ၂၀၂၀-၂၀၂၁ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးကို Electrification Ratio ရာနှုန်းပြည့်သုံးစွဲနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။