နိုင်ငံအဝန်း ဖြစ်ပွားမှုမြင့်မားနေသော ကင်ဆာရောဂါ ဖြစ်ပွားမှု လျော့ကျစေရန်အတွက် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်စေနိုင်သော ကိစ္စများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးကာကွယ်စောင့်ရှောက်ရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တေ်ာ အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
ယင်းအဆိုကို စေတုတ္တရာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဝိသမစီးပွားရေးသမားများ၏ စည်းကမ်းမဲ့လုပ်ရပ်များကြောင့် စားသုံးသူ ပြည်သူလူထု အနေဖြင့် ကင်ဆာရောဂါ ရရှိခံစားရပြီး အသက်သေဆုံးမှုများရှိနေသည့်အတွက် ဥပဒေနှင့်အညီ တားဆီးကာကွယ်ပေးရန် အဆိုတင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဦးကျော်အောင်လွင် က “ဝိသမလောဘသားတွေရဲ့ ဘယ်သူသေသေ ငတေမာလုပ်ရပ်ကြောင့် အပြစ်မဲ့စားသုံးသူတွေ ကင်ဆာရောဂါဆိုး ဖြစ်ပွားသေဆုံးကြရတာကို တားဆီးကာကွယ်နိုင်ဖို့ပါ။ အဖြစ်အများဆုံး ကင်ဆာရောဂါရဲ့ ၃ ပုံ ၁ ပုံကို ကာကွယ်လို့ရတာကြောင့် တာဝန်ရှိသူတွေက ပြည်သူလူထုအတွက် ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာပါ” ဟု ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် စာရင်းများအရ ကမ္ဘာ့တဝှမ်းတွင် လူပေါင်း ၁၈ ဒသမ ၁ သန်း ကင်ဆာရောဂါဖြစ်ပွားကာ ၉ ဒသမ ၆ သန်း သေဆုံးခဲ့ပြီး ကမ္ဘာပေါ်တွင် သေဆုံးမှု ဒုတိယအများဆုံး ရောဂါဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်စာရင်းအရ အသစ်ဖြစ်ပွားသူ ၆၉၅၅၄ ဦးရှိပြီး ၅၁၀၅၉ ဦး သေဆုံးခဲ့ကာ သုတေသန ပြုချက်များအရ အမျိုးသား ၅ ယောက်တွင် ၁ ယောက်၊ အမျိုးသမီး ၆ ယောက်တွင် ၁ ယောက် ကင်ဆာဖြစ်ပွားလျက်ရှိသည့်အပြင် ကင်ဆာကြောင့် သေဆုံးမှုသည် အမျိုးသား ၈ ယောက်တွင် ၁ ယောက်၊ အမျိုးသမီး ၁၁ ယောက်တွင် ၁ ယောက်သေဆုံးနေကြောင်း အဆိုရှင် ဦးကျော်အောင်လွင်က ပြောသည်။
ကင်ဆာကို ဖြစ်ပွားစေသော အကြောင်းရင်းများစွာရှိသည့်အနက် ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်း ကွမ်းစားခြင်း၊ လုပ်ငန်းခွင်တွင် ဓာတုဗေဒပစ္စည်းများ၊ ဆိုးဆေးများ၊ စွန့်ပစ်ပစ္စည်းများဖြင့် ကြာရှည်ထိတွေ့ခြင်း၊ တလင်တမယားစနစ် မကျင့်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ ကျန်မာရေးနှင့် မညီညွတ်သောအစားအစာများ စားသုံးခြင်း စသည်တို့ကြောင့် ဖြစ်ပွားမှုကို ဥပဒေများဖြင့် ထိန်းချုပ်ကာကွယ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။
မြန်မာနိုင်ငံတွင် ပြဌာန်းထားသော ဥပဒေများဖြစ်သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်မှုဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ မြန်မာနိုင်ငံယစ်မျိုးဥပဒေ၊ အမျိုးသား အားကစားဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေ၊ အမျိုးသား အစားအသောက်ဥပဒေ၊ တလင်တမယားစနစ်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေတို့ဖြင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မည့်ကိစ္စများကို အသိပညာပေးခြင်း၊ အရေးယူခြင်းတို့ဖြင့် တားဆီးကာကွယ် နိုင်မည်ဟု ဒလ မဲဆန္ဒနယ်မှ ဒေါက်တာ စိန်မြအေးက ပြောသည်။
ယင်းဥပဒေများဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့က ထိထိရောက်ရောက် တားဆီးကာကွယ်ပေးရန် အရေးကြီးကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ဒေါက်တာ စိန်မြအေး က “နိုင်ငံတော်အစိုးရက သက်ဆိုင်ရာဥပဒေများ၊ အထောက်အကူပြုနှီးနွယ်ဥပဒေများအတိုင်း ပညာပေးကာလ သတ်မှတ်၍ ဥပဒေကို ဖောက်ဖျက် ကျူးလွန်သူများကို အသေအချာ အရေးယူနိုင်ရန် စီမံဆောင်ရွက်ပေးနိုင်ရန် အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်” ဟု ဆိုသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေပြဌာန်းပြီးသည်မှာ ၁၃ နှစ် ရှိပြီဖြစ်သော်လည်း ကင်ဆာဖြစ်စေနိုင်သော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကို ကွမ်းယာအပါအဝင် ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်းလည်း ၎င်းက ထောက်ပြ ဆွေးနွေးခဲ့သည်။
ယင်းအဆိုကို အတည်ပြုရန် ကျန်းမာရေးဝန်ကြီးဌာနကလည်း သဘောတူခဲ့ပြီး ကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျစေရေး အတွက် နယ်စပ်မှ ကင်ဆာဖြစ်စေနိုင်သော အစားအသောက်၊ ပိုးသတ်ဆေး စသည့် များစွာသော သွင်းကုန်တို့ကို စနစ်တကျ စစ်ဆေးတားဆီးရန် လိုအပ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ ကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ပြောသည်။
ကျောင်းများ စက်ရုံအလုပ်ရုံများ လူစုဝေးရာနေရာများတွင် ဆေးလိပ်လုံးဝမသောက်ရန် ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီး ရောင်းဝယ်ဖောက်ကားမှုကို နိုင်ငံ၏ စီးပွားရေးကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ ထိန်းချုပ်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကို အခွန်တိုးကောက်ပြီး ရသည့်အခွန်ကို ပညာရေးကျန်းမာရေး အားကစား လူမှုရေးကဏ္ဍများသို့ ခွဲဝေပေးသည့် ကိစ္စများကို ထိရောက်စွာ စနစ်တကျဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ကင်ဆာရောဂါသည် သဘာဝပတ်ဝန်းကျင်နှင့် ဆိုင်သည့် လေထုညစ်ညမ်းမှု၊ စားသောက်နေထိုင်မှု စရိုက်နှင့် အန္တရာယ်ရှိသည့် အစားအသောက်များနှင့် မျိုးရိုးဗီဇတို့ကြောင့် ဖြစ်ပွားကြောင်း၊ ကင်ဆာ ရောဂါဖြင့် သေဆုံးသူများ၏ ၇၀ ရာခိုင်နှုန်းသည် ဝင်ငွေနိမ့်ကျသူများ၊ ဝင်ငွေအလယ်အလတ် ရှိသူများဖြစ်ကြောင်း၊ အဖြစ်အများဆုံး ကင်ဆာရောဂါများမှာ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာနှင့် အသည်းကင်ဆာတို့ ဖြစ်ကြောင်း ဦးကျော်အောင်လွင်က WHO ၏ အချက်အလက်များကို ကိုးကား ပြောဆိုသည်။
You may also like these stories:
နေ့စဉ် တာရှည်ခံအသားနဲ့ အနီရောင်အသား စားသူတွေမှာ အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများ
ပူလွန်းတဲ့ အစားအသောက်တွေစားသုံးပါက ကင်ဆာဖြစ်နိုင်ခြေကို ၂ဆမြင့်တက်စေနိုင်
၂၀၂၀ တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်