ရခိုင် ပြည်နယ်တွင် ARSA အကြမ်းဖက် တိုက်ခိုက်မှုမျိုး ထပ်မံ မဖြစ်ပွားရန် အတွက် ပြင်ဆင်ထားမှု အခြေအနေနှင့် ပတ်သက်ပြီး ရခိုင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တဦးက မေးခွန်းထုတ်သည်။
ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၃)ရက် မြောက်နေ့ တွင် ရခိုင် အမျိုးသား ပါတီ (ANP)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက “ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေသည့် ဘင်္ဂါလီများကို ပြန်လည် နေရာချထားပေးမည့် ကိစ္စနှင့် ပတ်သက်ပြီး နောက်ထပ် ARSA အကြမ်းဖက် တိုက်ခိုက်မှုမျိုး မဖြစ်ပွားရန်၊ မောင်တောမြို့နယ် အတွင်း ဒေသခံ တိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများ၏ ဘဝလုံခြုံမှု ရရှိ ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား ကျေးရွာများ ပြန်လည် ထူထောင်ရေး၊ ရေရှည်တည်တံ့နေထိုင်ရေး တို့အတွက် မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဦးကျော်ကျော်ဝင်းက“မောင်တော မြို့နယ်ရဲ့ ပဋိပက္ခ ဖြစ်တဲ့ အခြေအနေပေါ်မှာ အကြမ်းဖက်မှုနဲ့ ဘဝ လုံခြုံမှု တိုင်းရင်း သားတွေ ရေရှည်နေထိုင်ဖို့၊ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘဝ ရပ်တည်မှု၊ တရားဥပဒေ စိုးမိုးမှုနဲ့ ဒေသရဲ့ လိုအပ်ချက်ကို သိ ချင်လို့ ဒီမေးခွန်းကို မေးတာ ဖြစ်ပါတယ်” ဟု လွှတ်တော် အစည်းအဝေး အပြီး မီဒီယာများကို ပြောသည်။
ထို့ပြင် ဒေသခံ တိုင်းရင်းသားများ ဘဝ လုံခြုံမှု အတွက် ပြင်ဆင်ထားမှုများနှင့် ပတ်သက်၍လည်း ၎င်းက မေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်(ARSA) အကြမ်းဖက်သမားများ ကျူးလွန်ခဲ့သည့် ဖြစ်စဉ်များကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း၊ ပြည်ထဲ ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) တို့ ပူးပေါင်း ဆောင်ရွက်ချက်များကို လူကယ်ပြန်မှ ဒု ဝန်ကြီး ဦးစိုးအောင်က ကိုယ်စားပြု၍ လာရောက် ဖြေဆိုခြင်း ဖြစ်သည်။
ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခြင်း အပြင် အကြမ်း ဖက် တိုက်ခိုက်မှုများ ထပ်မဖြစ်စေရေး တို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့်လည်း လိုအပ်သော လုံခြုံရေးများ တိုးမြှင့် ချထားကြောင်း ဒု ဝန်ကြီးက ဆိုသည်။
ဒေသခံ အမျိုးသမီးများ အတွက်လည်း ပညာရပ်များ ဖြစ်သည့် စက်ချုပ်၊ အချက်အပြုတ်၊ ပန်းအလှပြင်၊ ဇာထိုး ပန်းထိုး၊ မြန်မာ့ ရိုးရာ အစားအစာနှင့် မုန့်လုပ်နည်း အစရှိသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်တန်း ဖွင့်လှစ်ပေးမှု များနှင့် SME လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပညာရေး ဝန်ဆောင်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း ဒု ဝန်ကြီးက ထည့်သွင်း ဖြေကြားခဲ့သည်။
ဝန်ကြီးဌာန ဘက်မှ ထိုကဲ့သို့ ပြန်လည် ဖြေကြားခဲ့သော်လည်း ရခိုင်ပြည်နယ် အတွင်း လက်ရှိ မြေပြင် အနေအထားမှာ ၅၀ ရာခိုင်နှုန်းခန့်သာ မှန်ကန်ကြောင်း၊ အကောင်အထည် ဖော်သည့် အပိုင်းတွင် အားနည်းချက်များ ရှိနေကြောင်း၊ မေး ခွန်းရှင် ဦးကျော်ကျော်ဝင်းက မီဒီယာများကို ပြောသည်။
၎င်းက“သူ့ရဲ့ လုပ်ဆောင်ချက်ကိုတော့ ဖြေသွားတာပဲ။ သူတို့ရဲ့ဘဝ ရပ်တည်မှု အတွက် သူတို့ ရှာဖွေ စားသောက်နေ ရ တယ်။ သူတို့ပေးမယ့် အိမ်မှာတောင် သူတို့ မနေရသေးဘူး ဆိုတော့ ဝန်ကြီး ဖြေတဲ့အပေါ်မှာတော့ ပြန်လည် သုံးသပ်ဖို့ လိုတယ်လို့ ကျနော်ကတော့ မြင်တယ်”ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရေရှည် ပဋိပက္ခ ကင်းဝေးစေရန်မှာ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ရွက်ပေးရမည် ဖြစ်ပြီး လူမှုသဟဇာတ ဖြစ်ရေးကိုလည်း ရေရှည် စီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ဒု ဝန်ကြီး က ပြောဆိုသည်။
နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါ်ပြုံးကေသီနိုင် က အကြမ်းဖက် တိုက်ခိုက်ခံရသည့် အန္တရာယ်မျိုး ထပ်မဖြစ်စေရန် အတွက် နိုင်ငံတော်ဘက်မှ တာဝန်ရှိသူများ၊ သက် ဆိုင်ရာ ဝန်ကြီးဌာနတို့ ကြိုတင်၍ ဦးစားပေး ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် တခုတည်း အတွက် မဟုတ်ဘဲ ပဋိပက္ခများကို ဖြေရှင်းသည့် အခါတွင်လည်း တရားဥပဒေ စိုးမိုးမှုရှိရန် လိုအပ်ကြောင်း ပြောသည်။
ဒေါ်ပြုံးကေသီနိုင် က“ဖြေရှင်းတဲ့ နည်းလမ်းတွေ ရဖို့ ဆိုရင် တရားဥပဒေ စိုးမိုးရေးကလည်း အရေးကြီးပါတယ်။ တရား ဥပဒေ စိုးမိုးရေး အတွက် အဓိက တာဝန်ယူထားတဲ့ ဝန်ကြီးဌာနတွေရော၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရော၊ နိုင်ငံသူ နိုင်ငံသား တွေရော ပေါင်းပြီးတော့ ကြိုးစားဖို့ လိုပါတယ်”ဟုလည်း ပြောကြားသည်။
ARSA သည် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့် မြို့နယ်များ အတွင်းက ရဲကင်း စခန်း ၃၀ ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေ ရှင်းလင်းရေးကို ယနေ့ တိုင် လုပ်ဆောင်နေရပြီး ရဲတပ်ဖွဲ့ဝင်များကလည်း နယ်မြေ တည်ငြိမ်ရေး ကင်းလှည့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရက္ခိုင် စစ်တပ် (AA) နှင့် မွတ်စလင် လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ARSA တို့ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ပူးပေါင်း နှိမ်နင်းရန် နေပြည်တော်တွင် ဧပြီလ အတွင်းက ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် ၂ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၌ သဘောတူညီခဲ့ကြသည်။
အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ နယ်မြေ လုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အထောက် အကူပြုရန် ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက တည်ဆောက်ခဲ့ပြီး အကြမ်းဖက်မှုများ ဖြစ်ပွားချိန် တွင် လုံခြုံရေး ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများကို ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ရန်၊ ပဋိပက္ခဖြစ်ပွားရာမှ ကယ်ထုတ် ရန် အတွက် အခက်ခဲများ ဖြေရှင်းရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု နယ်စပ်ရေးရာ ဝန်ကြီးဌာနက သိရသည်။
You may also like these stories:
AA နှင့် ARSA ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်း နှိမ်နင်းရန် သဘောတူ
လုံခြုံရေး ဆောင်ရွက်သည့် ရဲကားကို ARSA မိုင်းဆွဲ တိုက်ခိုက်ဟုဆို
ARSA အကြမ်းဖက်မှု စုံစမ်းရေး ဥပဒေအကြံပေးအဖွဲ့ တပ်မတော်ဖွဲ့စည်း