မန္တလေး ခရိုင် ပုသိမ်ကြီး မြို့နယ် အောင်သပြေ ကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်း ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်သည်ဟုဆိုကာ အိုးဘိုထောင်အတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် ဒေသခံတဦး၏ရုပ်အ လောင်း၌ ဒဏ်ရာများ တွေ့ရှိခဲ့သည်ဟု သိရသည်။
ကိုထွန်းမြင့်ဝင်း (ခ) ကိုထွန်း (အသက် ၃၈ နှစ်) ဆိုသူသည် မန္တလေး ဗဟို အကျဉ်းထောင် (အိုးဘို) သို့ ဇွန်လ ၃ ရက်က ရောက်ရှိခဲ့ကာ အရက် ကြောင်ကြောင်နေ၍ ဇွန်လ ၄ ရက်တွင် အကျဉ်းထောင် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ဇွန်လ ၅ ရက်၌ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု မိသားစုသို့ ပေးသည့် ထောင် အမိန့်ပြန်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူ၏ အစ်ကို အရင်းဖြစ်သူ ဦးပဉ္ဇင်း ဦးဝိမလက“အရက်ကြောင်ကြောင်ပြီး သေတယ် ဆိုရင် ဘာဒဏ်ရာမှ မရှိရ ဘူး လေ။ အခုဟာက မျက်နှာက ရိုးရိုးသားသား သေဆုံးတာကြောင့် ဖူးယောင်နေတာမျိုး မဟုတ်ဘူး။ ဘယ်ဘက် နားထင် ရင်း မှာ ဒဏ်ရာ တွေ့တယ်။ နားတွေထဲကနေ သွေးတွေတအား ထွက်နေတာ တွေ့ခဲ့ရတယ်။ ဒါတောင် ခန္ဓာကိုယ် တခုလုံး ကို ကြည့်ခဲ့ရတာ မဟုတ်ဘူး”ဟု မိန့်ကြားသည်။
အိုးဘို အကျဉ်းထောင် ဆေးရုံမှ သေဆုံးသူသည် အဖျားကြီးခြင်း၊ အရက်ကြောင်ခြင်း စသည်တို့ဖြင့် သေဆုံးခဲ့ခြင်းဟု ဇွန်လ ၆ ရက်က အကျဉ်းသား သေဆုံး အမိန့်ပြန်တမ်းတွင် ဖော်ပြထားပြီး သေဆုံးသူအား မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ရှိ ရင်ခွဲရုံသို့ စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇွန်လ ၇ ရက်၌ အောင်သပြေ ကျေးရွာ သုသာန်၌ မိသားစုက ဂူသွင်း သဂြိုဟ်ခဲ့သည်။
အဆိုပါ ဒဏ်ရာများ တွေ့ရှိခဲ့ရခြင်းသည် သေဆုံးသူအား ရင်ခွဲ၍ စစ်ဆေးချက်များ မယူမီ မိသားစုဝင်များအား ခေါ်ယူ ပြသ ခဲ့ခြင်းကြောင့် သိရှိခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။
သေဆုံးသူသည် အထိန်းသိမ်းမခံရခင်က ရောဂါမရှိဘဲ ကျန်းကျန်းမာမာဖြင့် လုပ်ကိုင် စားသောက်နေသူ ဖြစ်ပြီး မြင့် ကုမ္ပ ဏီ က လမ်းဖောက်ရာတွင် လမ်းမပေးခဲ့ဘဲ ကန့်ကွက်သဖြင့် လမ်းတံတား ဥပဒေဖြင့် အမှုဖွင့်ခံထားရသော အသက် ၇၀ ကျော် အဘွားဒေါ်အေး၏ သား ဖြစ်ကြောင်း သိရသည်။
သေဆုံးသူကို ဇွန်လ၂ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး လက်သမား လုပ်ငန်း လုပ်ကိုင်ရန် လုပ်ငန်းရှိရာသို့ သွား ရောက်စဉ် ကျောက်မီးသွေး စွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခ ဖြစ်စဉ် စက်ရုံ မီးရှို့မှုတွင် ပါဝင် သည်ဟု ဆိုကာ ဖမ်းဆီးခြင်း ခံခဲ့ရပြီး၂ ရက်မြောက်တွင် အိုးဘိုထောင်သို့ လွှဲပြောင်း ထိန်းသိမ်းခဲ့ရာမှ သေဆုံးသွားခြင်း ဖြစ်သည်။
ဦးဝိမလက“အိမ်မှာလည်း အရက်မသောက်ဘဲ ၃၊ ၄ရက် ဒီအတိုင်းနေတာ ဘာမှဖြစ်တာ မရှိဘူး။ အခုဟာက လုပ်ငန်း သွားလုပ်ချိန်မှာ အပြစ်မရှိဘဲ ဖမ်းဆီးခဲ့ရတာ။ သူတို့ စဖမ်းတုန်းက ဘာအထောက်အထားမှ မပြနိုင်ခဲ့ကြပါဘူး၊ သူ့ကို မေး မြန်းစရာရှိလို့ မေးမြန်းပြီးရင် ပြန်လွှတ်မှာပါလို့ ကြာနီကန် ရဲစခန်းက ပြောတယ်။ ဦးပဉ္ဇင်း ပြောချင်တာက အခုလို ဘာအ ထောက်အထားမှ မပါဘဲ လမ်းမှာ တွေ့တဲ့သူကို ဖမ်းလို့ရသလား ဆိုတာ သိချင်ပါတယ်”ဟု ဆက်လက် မိန့်ကြားသည်။
အဆိုပါ သေဆုံးမှု အတွက် မိသားစုဝင်များက သေဆုံးရခြင်း အကြောင်းအား ဥပဒေနှင့်အညီ စစ်ဆေး၍ အမှန်အတိုင်း ဆောင်ရွက်ပေးစေလိုကြောင်း သိရသည်။
ဦးဝိမလက“မိသားစုဝင်တွေ အနေနဲ့ကတော့ အခုအချိန်မှာ အားလုံး ကြောက်လန့်နေရတဲ့ အချိန်ဆိုတော့ ဘာမှတော့ ပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီအပေါ်မှာတော့ အမှန်အတိုင်း ဖြစ်စေချင်တယ်။ အခြေအနေအပေါ် မူတည်ပြီး ဘာ ဆက်လုပ်မယ် ဆိုတာကို တိုင်ပင်ကြရမှာပါ”ဟု ဆက်လက် မိန့်ကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) တာဝန်ခံထံသို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေဆိုမှု မပြုခဲ့ပေ။
ကိုထွန်းမြင့်ဝင်း သေဆုံးရခြင်း၏ အကြောင်းရင်းမှန်ကို ရင်ခွဲ စစ်ဆေးချက်များ အရ မှုခင်း ဆရာဝန်၏ ဆေးစစ်ချက် ရရှိ မှ သာ သိရှိနိုင်မည်ဟု ရင်ခွဲစစ်ဆေးရာသို့ ရောက်ရှိလာသည့် အိုးဘိုထောင်မှ ထောင်အရာရှိတဦးက ပြောသည်။
သေဆုံးသူ ကိုထွန်းမြင့်ဝင်းအား အောင်သပြေ ကျေးရွာတွင် ဖြစ်ပွားသည့် ရဲတပ်ဖွဲ့နှင့် ဒေသခံတို့၏ ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည် ဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဟု ရဲတပ်ဖွဲ့ မှတ်တမ်းများ အရ သိရသည်။
ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်းကို ၂၀၁၂ ခုနှစ်ကတည်းက လျာထားခဲ့ရာ ဒေသခံများ ကန့် ကွက်မှု ရှိခဲ့ခြင်းကြောင့် ရပ်နားထားခဲ့သည်။
ယင်းစီမံကိန်းကို လက်ရှိ အမျိုးသား ဒီမိုကရစေီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ဥပဒေနှင့် ညီညွှတ်မှု ရှိသည်ဟုဆိုကာ ပြန်လည် ခွင့်ပြုပေးခဲ့ခြင်းကြောင့်၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့၌ ကန့်ကွက် ဆန္ဒပြမှုများ ပြင်းထန်ခဲ့ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံများကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။