ချင်းပြည်နယ် စည်ပင် ဝန်ကြီးနှင့် ဝန်ကြီးဟောင်းတို့ ခြိမ်းခြောက်ခံရ
ချင်းပြည်နယ် အစိုးရ အဖွဲ့တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်နှင့် စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနတွင် ဝန်ကြီး အဖြစ် တာဝန်ယူခဲ့ဖူးသည့် ဆလိုင်း အိုက်ဇက်ခင်တို့ နှစ်ဦး အွန်လိုင်း စာမျက်နှာမှတဆင့် ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။
၎င်းတို့ ၂ ဦးကို Paletwa Township News အမည်ဖြင့် ဖွင့်ထားသည့် Facebook စာမျက်နှာတွင် ပုံနှင့်တကွ တင်၍ “ခွေး၂ ကောင်ထဲက ခမီး တကောင်ကို ငရဲပြည်ပို့ပေးရမယ်” ဆိုသော စာကို ခေါင်းစဉ်တပ် ရေးထားပြီး အောက်တွင် “မကြာမီ မျှော်” ဟုလည်း ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
ထို ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရ အဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်က ဆိုက်ဘာ လုံခြုံ ရေး အဖွဲ့ဖြင့် ချိတ်ဆက်ကာ ဖော်ထုတ် အရေးယူမှုများ ပြုလုပ်သွားရန် ဆောင်ရွက်နေကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးစိုးထက် က “အွန်လိုင်းပေါ်မှာ သူတို့က ကျနော်တို့ အပေါ် မကျေနပ်တာတွေ တင်လာတာ။ တိုက်ရိုက် ခြိမ်းခြောက် တာတော့ မရှိဘူး။ ကျနော်လည်း ဒီနေ့ မနက်မှ ဖတ်မိတာ။ သူတို့ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ မင်းမဲ့တိုင်းပြည်မှ မဟုတ်တာ။ အခု အသက်အန္တရာယ်မျိုးပါ ခြိမ်းခြောက်တာ ဖြစ်တဲ့ အတွက် ဆိုက်ဘာ လုံခြုံရေးပေါ့နော်။ ဒီလုံခြုံရေး အဖွဲ့တွေနဲ့ ချိတ်ပြီးတော့ ဒီအကောင့်ကို လိုက်ခိုင်းပြီး အရေးယူခိုင်းမယ်” ဟု ဆိုသည်။
ဝန်ကြီး ဦးစိုးထက်သည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း ရက္ခိုင် စစ်တပ် (AA) လှုပ်ရှားမှုကို မထောက်ခံသူ ဖြစ်ပြီး AA လှုပ်ရှားလာခြင်းကြောင့် ပလက်ဝ ဒေသ မအေးချမ်း ဖြစ်ရကြောင်းနှင့် AA ထောက်ခံသူများ အနေဖြင့်လည်း စစ်ရေး ကို အားမပေးရန် ပြောဆိုလေ့ ရှိသူ ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်က ပလက်ဝမြို့သို့ သွားရောက်စဉ် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာရေးများအား တွေ့ဆုံ၍ စစ်ရေးကိစ္စနှင့် ပတ်သက်ပြီး မပါကြရန် တိုက်တွန်း ပြောဆိုခဲ့ဖူးသည့် အတွက် ယခုလို ခြိမ်းခြောက်လာခြင်း ဖြစ်နိုင်ကြောင်း ဝန်ကြီး ဦးစိုးထက်က သုံးသပ်ပြောဆိုသည်။

ဦးစိုးထက် က “AA နဲ့ နီးစပ်တဲ့လူတွေလည်း ဒေသအကျိုး မဖျက်စီးဘဲနဲ့ ဒေသရဲ့အကျိုးကို ဝိုင်းဝန်းလုပ်၊ စစ်ရေး အားပေး နေရင် နောက် နှစ်ပေါင်း ၇၀ တောင် ငြိမ်းချမ်းမှာ မဟုတ်ဘူး။ အခု လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ လုံးလုံး စစ်ရှိတဲ့ နေရာ မှာ ဒုက္ခရောက်သလို ကျနော်တို့က အခု ငြိမ်းချမ်းနေတာကနေ စစ်ရေးဘက်ကို ဝင်လာပြီ။ ဒါကြောင့် ဒီလူကို အားပေးနေ မယ်ဆိုရင် နောက် နှစ်ပေါင်း ၇၀ လောက်တောင် ကြာတဲ့အထိတောင် အေးချမ်းမှာ မဟုတ်ဘူး။ အဲဒါကြောင့်မလို့ စစ်ရေး နဲ့ ပတ်သက်ပြီး မပါကြဖို့၊ နားမယောင်ကြဖို့ ပလက်ဝ ရောက်တုန်းက ကျနော် ရှင်းပြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လုပ်တာ ထင်တယ်” ဟု ပြောသည်။
အလားတူ စည်ပင်ဝန်ကြီး ဦးစိုးထက်နှင့် အတူ ခြိမ်းခြောက်ခံရသော ဆလိုင်းအိုက်ဇက်ခင်သည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလ အထိ ချင်းပြည်နယ် အစိုးရ အဖွဲ့တွင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနမှ ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ထို့နောက်၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်တွင် နိုင်ငံတော် သမ္မတက ဆလိုင်းအိုက်ဇက်ခင်အား ဝန်ကြီး အဖြစ်မှ နုတ်ထွက် ခွင့်ပြုကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိ စည်ပင် ဝန်ကြီး ဦးစိုးထက်နှင့် ဆလိုင်းအိုက်ဇက်ခင် တို့သည် ပလက်ဝ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေသူများ ဖြစ်ပြီး ပလက်ဝ ဒေသတွင် တပ်မတော်နှင့် AA တိုက်ပွဲ ဖြစ်ပွားမှုကို မလိုလားသူများ ဖြစ်ကြသည်။
ဆလိုင်း အိုက်ဇက်ခင် က “ပလက်ဝမြို့နယ်နဲ့ လက်ရှိ တာဝန်ယူနေတဲ့ ချင်း ခေါင်းဆောင်တွေကို ခြိမ်းခြောက်တာဟာ ပလက်ဝ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်နေတာကို မနှစ်သက်လို့ ဖြစ်မှာပေါ့။ ဒါကို ဥပဒေနဲ့ အညီ သက်ဆိုင်ရာ ကာယ ကံရှင်ကို ပြန်ဖြုတ်ဖို့ လုပ်မယ်၊ မလုပ်ရင် ဥပဒေနဲ့ အညီ အရေးယူသွားနိုင်အောင် လုပ်မယ်။ ဘယ်သူဘယ်ဝါ ဆိုတာ မပြောချင်ဘူး လေ့လာရင် သိမှာပါ။ တယောက်နဲ့ တယောက် လေးစားဖို့ လိုပါတယ်” ဟု ပြောသည်။
အထက်ပါ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ တချို့က AA မှ ဆောင်ရွက်ခြင်းဟု ပြောဆိုမှုများ ရှိသည့် အပေါ် AA ၏ သတင်း ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ ကတော့ မိမိတို့ မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးခိုင်သုခ က “ကျနော်တို့ဘက်က အဲဒီလိုမျိုး လုပ်တာ လုံးဝ မရှိဘူး။ အဲဒီကိစ္စကတော့ တခြား ဘယ်လိုပြောမလဲ။ ကျနော်တို့ကို ပြည် သူလူထုနဲ့ နိုင်ငံတကာမှာ အထင်လွဲအောင် အဲဒီလိုမျိုး လုပ်ကြံပြီးတော့ လုပ်ဆောင်နေတဲ့ အုပ်စုတွေ ရှိပါတယ်” ဟု ပြောသည်။
တပ်မတော်ဘက်ကလည်း မိမိတို့ အနေဖြင့် ခြိမ်းခြောက်မှုများ မည်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမှ မလုပ်ကြောင်း ဆိုသည်။
AA အဖွဲ့သည် ရခိုင်ပြည်နယ် အတွင်းရှိ ၎င်းတို့အား မထောက်ခံသော အုပ်ချုပ်ရေးမှူးများ၊ ရဲစခန်းမှူးများ၊ အရပ်သားများ နှင့် လုပ်ငန်းရှင်များကို စာတစောင်နှင့် ကျည်ဆန် တတောင့်ဆီ ပေးပို့၍ ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ ရှိသကဲ့သို့ လုပ်ကြံ သတ်ဖြတ်မှုများလည်း ပြုလုပ်လေ့ ရှိကြောင်း၊ ဥပဒေမဲ့ ဖမ်းဆီး ရိုက်နှက်မှုများ ရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ (AI)က မေလထဲတွင် ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် သံတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးချာဟော်နှင့် သံတောင်နယ်မြေ ရဲစခန်းမှ ရဲစခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဗာ တို့ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ဖမ်းဆီး ခေါ်ဆောင်သွားကာ ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ် အပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လွှတ်ပေးခဲ့ဖူးသည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ အတွင်းက ဧရာဝတီ သတင်းဌာန အပါအဝင် 7 Day News၊ The Voice၊ Eleven Media Group၊ Mizzima Media၊ MCN Tv News၊ ရန်ကုန်ခေတ်သစ် စသည့် သတင်းမီဒီယာများ ဖုန်း၊ မက်ဆင်ဂျာ၊ email များက တဆင့် ပေးပို့သည့် ခြိမ်းခြောက်စာ၌ ရက္ခိုင့် တပ်မတော် (AA) အကြောင်း ရေးသား ဖော်ပြရာတွင် မဟုတ်မမှန် ဖော်ပြခြင်း၊ အကြမ်းဖက် သောင်းကျန်းသူ ဟု သုံးနှုန်းခြင်းနှင့် အစိုးရဘက်သို့ ဘက်လိုက် ဖော်ပြခြင်းများ ပြုလုပ်လျှင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။
ထိုသို့ မီဒီယာများသို့ ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီးလည်း တပ်မတော် အပါအဝင် AA မှ တာဝန်ရှိသူများက မလုပ် ကြောင်း ဆိုကြသည်။
You may also like these stories:
ဧရာဝတီ သတင်းဌာန ခြိမ်းခြောက်ခံရ
အမျိုးသမီးအရေးဆောင်ရွက်သည့်အဖွဲ့များကို ခြိမ်းခြောက်မှုများ ရှိနေ