လူမှုကွန်ရက် Facebook စာမျက်နှာတွင် အကောင့်တုများသုံး၍ ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)ကို အားပေးနေ သော ပလက်ဝဒေသရှိ အစိုးရဝန်ထမ်းများကို ဖော်ထုတ် အရေးယူသွားရန် စီစဉ်ထားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ဧရာဝတီသို့ ပြောသည်။
ပလက်ဝဒေသတွင် တပ်မတော်နှင့် AA အကြား ၂၀၁၅ ခုနှစ်မှ စတင်၍ ယနေ့အထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာရာ ဒေသတွင်းရှိ အစိုးရဝန်ထမ်းအချို့မှာ အကောင့်အတုများဖြင့် AA ထောက်ခံမှုများ ပြုလုပ်နေ သကဲ့သို့ ခြိမ်းခြောက်စာများပင် ရေးသား ဖြန့်ဝေလာသည့်အတွက် ထိုသို့ အရေးယူရန် စီစဉ်လာရခြင်း ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်က “AA ကို အားပေးနေတဲ့ လူတွေ ကျနော် သိပါတယ်၊ ဝန်ထမ်းတွေထဲ ကလည်း ပါတယ်၊ ပလက်ဝမှာဆိုရင် ဝန်ထမ်း တော်တော်များများက အရေးယူရ မယ့် အထဲမှာ ရှိတယ်။ တပ်နဲ့ ဆက်စပ်တဲ့ သတင်းတွေရော၊ တခြားသတင်းတွေရော ပေါက်ကရတွေ တင်လာ တာများတယ်။ အကောင့်တုတွေနဲ့ လုပ်နေတာသိပါတယ်။ လူလည်း သိတယ်၊ တကယ်တမ်း ပြော ရင် ဒီလူ တွေကိုလည်း တိတိကျကျ သိတယ်”ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် လူဦးရေ ၁ သိန်းဝန်းကျင်ရှိပြီး ခူမီး၊ ဒိုင်း၊ မာရာ မြို ၊ ရခိုင်၊ ဗမာ(အနည်းငယ်)တို့ စုပေါင်း နေထိုင်လျက်ရှိပြီး၊ ချင်းတိုင်းရင်းသားများက ၈ သောင်း ကျော်ရှိကာ ရခိုင်တိုင်းရင်းသားများက ၁၈,၀၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။
ပလက်ဝဒေသရှိ အစိုးရဌာနဆိုင်ရာများတွင် ချင်းတိုင်းရင်းသားနှင့် ရခိုင်တိုင်းရင်းသားများ တာဝန်ထမ်းဆောင် လျက်ရှိကြပြီး ပလက်ဝမြို့နယ် အတွင်း AA အဖွဲ့ လှုပ်ရှားလာခြင်းအပေါ် ဝန်ထမ်းတချို့က အကောင့်တုများဖြင့် ထောက်ခံ အားပေးလုပ်နေခြင်းကြောင့် အရေးယူသွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။
“ပလက်ဝမြို့ပေါ်မှာတင် ၁၀ ယောက်လောက် ရှိတယ်၊ အဲဒီ ၁၀ ယောက်လောက်ကိုသာ ဖမ်းချုပ်လိုက်ရင် တော့ ဒီကိစ္စတော့ ငြိမ်းသွားမှာပါ။ ပလက်ဝမြို့ပေါ်မှာတင်ပဲ AA ကို အားပေးနေတဲ့ အင်အားစုက ဝန်ထမ်းတွေ ထဲမှာပဲ ရှိနေတယ်။ အဲဒါတွေကို အရေးယူဖို့ ကျနော်တို့လည်း ဆက်လက် ဆောင်ရွက်သွားမယ်”ဟု ၎င်းက ပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဖမ်းဆီး အရေးယူရန် ကြိုးပမ်းနေသော ဝန်ထမ်းတချို့သည် ပလက်ဝဒေသရှိ ကျန်း မာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး စသည့် ဌာနဆိုင်ရာများတွင် တာဝန်ယူနေသူများ ဖြစ်ကြောင်း၊ ထိုဝန်ထမ်းများ ကို အရေးယူနိုင်ရန် ဆိုက်ဘာလုံခြုံရေး အဖွဲ့ဖြင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း၊ မည်သည့် ပုဂ္ဂိုလ်များ ဆိုခြင်းမှာ သိရှိသော်လည်း ထုတ်ဖော်မပြောလိုသေးကြောင်း ဝန်ကြီး ဦးစိုးထက်က ဆိုသည်။
ပလက်ဝဒေသရှိ အစိုးရ အရာရှိတဦးက “ ဘယ်သူဘယ်ဝါလို့တော့ ကျနော်လည်း မပြောချင်ဘူး။ ဒါက သူတို့ အတွင်းစိတ် ဆိုတော့ ကျနော်တို့လည်း မမြင်နိုင်ဘူး၊ အကောင့်တုတွေသုံးပြီးတော့ AA ထောက်ခံ အားပေး တာတွေ လုပ်နေတာတော့ ရှိပါတယ်။ စကားပြော ဆင်ခြင်ရတယ် နံရံတိုင်းမှာ နားတွေရှိတယ် ဆိုတော့လေ”ဟု ပြောသည်။
လက်ရှိတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်နှင့် ယခင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်တို့ကို Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှနေ၍ ခြိမ်းခြောက်ခံ နေရကြောင်း ကာယကံရှင်များက ဆိုသည်။
ပလက်ဝဒေသအတွင်းသို့ AA အဖွဲ့ စတင်လှုပ်ရှားလာသော ၂၀၁၅ ခုနှစ်မှ စပြီး ယခုနှစ်အတွင်းထိ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများ နေရပ်စွန့်ခွာ ထွက်ရှောင်နေရသော တိုက်ပွဲရှောင် ဒုက္ခသည် ၂၀၀၀ ကျော်ထိ ရှိလာခဲ့သည်။
ထို့ပြင် AA အဖွဲ့သည် ကုလားတန်မြစ်ကြောင်း တလျောက်မှာ လုံခြုံရေးဆောင်ရွက်သည်ဟုဆိုကာ ဒေသခံများ လိုက်ပါ စီးနင်းနေသော စက်လှေများကို တားဆီး စစ်ဆေးမှုများ ပြုလုပ်နေသကဲ့သို့ စားနပ်ရိက္ခာများကို သိမ်း ဆည်းသွားမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုကြသည်။
အဆိုပါ အခြေအနေများကြောင့် ပလက်ဝဒေသအတွင်းရှိ ချင်းတိုင်းရင်းသားများက AA အဖွဲ့ ပလက်ဝဒေသမှ ထွက်ခွာသွားရန်နှင့် AA အဖွဲ့ ပလက်ဝဒေသ၌ အခြေစိုက် လှုပ်ရှားမှုကိုလည်း လက်မခံကြကြောင်း ဆိုနေကြ သော်လည်း တချို့သော ရခိုင်တိုင်းရင်းသားများကတော့ AA အဖွဲ့ကို လက်ခံကြိုဆိုမှုများ ရှိကြကြောင်း ဒေသခံများက ဆိုသည်။
စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က “စစ်မဖြစ်တာ အကောင်းဆုံးပဲလေ၊ စစ်ကို အားပေးနေမယ် ဆိုရင် ကျနော်တို့ ပလက်ဝက အရင်က အရမ်း အေးချမ်းတာ ဘာမှမဖြစ်ဘူး။ ပြောရရင်တော့ AA မရှိရင် စစ်ပွဲ မဖြစ်ဘူး၊ AA ရှိရင် စစ်ပွဲ ရှိနေအုံး မှာပဲ။ တိုက်ပွဲတွေ ဖြစ်နေအုံးမှာပဲ ဆိုတော့ AA ကလည်း သူနေသင့်တဲ့ နေရာမှာနေ ကျနော်တို့ ပလက်ဝဒေသမှာ မနေရင် အကောင်းဆုံးပဲ”ဟု ပြောသည်။
You May Also Like These Stories:
တပ်မတော်နှင့် AA ကြား Bilateral စာချုပ် ချုပ်ဖြစ်နိုင်မလား
ပလက်ဝ ဒေသခံများ၏ ဆန်အိတ် ၁၀၀ ကျော် AA အဖွဲ့ လုယူသွား