ဧရာဝတီတိုင်း ဒေသကြီးတွင် မိုးဦးကျ ကာလ ဖြစ်သည့် မေလမှ ဇွန်လဆန်းပိုင်း အထိ တလကျော် အတွင်း မိုးကြိုး ပစ်ခံရ သည့် အတွက် ၁၅ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက“မေလအတွင်းနဲ့ ဇွန် လတွေမှာ မိုးကြိုးပစ်တာတွေ များတယ်။ ဧရာဝတီတိုင်းထဲမှာတော့ ဟင်္သာတ ခရိုင်ထဲမှာ မိုးကြိုးပစ်ခံရပြီး သေဆုံး တာ အများဆုံးပဲ။ မေလအတွင်းကလည်း ဇလွန်မြို့က ကလေး ၃ ယောက် ကစားနေတုန်း မိုးကြိုးပစ်ခံရလို့ ၃ ဦး စလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပြုစုထားသည့် စာရင်းများတွင် ပြီးခဲ့သည့် မေလ ၃ ရက်မှ ဇွန်လ ၆ ရက် အတွင်း ဟင်္သာတ ခရိုင်တွင် ၅ ဦး၊ ဖျာပုံခရိုင်တွင် ၄ ဦး၊ မအူပင်ခရိုင်တွင် ၂ ဦး၊ မြောင်းမြ ခရိုင် တွင် ၂ ဦး၊ ပုသိမ်ခရိုင်နှင့် လပွတ္တာ ခရိုင်တို့တွင် ၁ ဦးစီ သေဆုံးခဲ့ကြောင်း၊ မိုးကြိုးပစ်ခြင်းကြောင့် ထိခိုက် သေဆုံးသူ အများစုမှာ လယ်ကွင်းပြင်တွင် သွားလာ အလုပ်လုပ်ကြသည့် လယ်ယာလုပ်သားများနှင့် ရေလုပ်သား အများစု ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယမန်နေ့ ညနေ ၃ ခန့်တွင်လည်း ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူမြို့နယ် ဇီးဖြူကုန်းကျေးရွာ အုပ်စု တော်ကြီး ကျေးရွာ မှ ဦးသန့်ဇော်မှာ လယ်ကွင်းအတွင်း လယ်ကန်သင်းများ ပြင်ဆင်နေချိန် မိုးကြိုးပစ်ခံရသဖြင့် ပွဲချင်းပြီး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးကြိုးပစ်ခြင်းမှာ ကြီးမားသည့် မိုးတိမ်တောင်ကြီးများကြောင့် ဖြစ်ပြီး များသောအားဖြင့် မွန်းလွဲနှင့် ညနေပိုင်း အချိန် များ တွင် မိုးကြိုးပစ်လေ့ရှိကြောင်း၊ မိုးကြိုးမပစ်မီ ရှေ့ပြေး လက္ခဏာ အဖြစ် လျှပ်စီးလက်ခြင်း၊ မိုးချိန်းခြင်း၊ လေပြင်း တိုက်ခြင်းများ ဖြစ်လေ့ရှိပြီး အဆိုပါ ဖြစ်စဉ်များပြီးသည့်နောက် မိုးရွာသွန်း၍ မိုးကြိုးပစ်လေ့ ရှိကြောင်း၊ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
ဒေါက်တာ ထွန်းလွင်က“သတိထားဖို့ရာက မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ ကိုယ်အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်မှာ မိုးခြိမ်း သံ ကြားရင် မိုးကြိုးပစ်မယ့် မိုးတိမ်တောင်က ကိုယ်နဲ့ အနီးနားမှာ ရှိနေတဲ့သဘောပဲ။ သိပ္ပံသဘော အရဆို ကိုယ့် ပတ်ဝန်း ကျင် ၄ မိုင် အတွင်း ရှိတယ်။ အဲဒါဆို အန္တရာယ် ရှိနေပြီ။ အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ဘယ်တော့မှ ထီးထီးကြီး မနေနဲ့။ လယ်ကွင်းထဲမှာ တယောက်တည်း မတ်တတ်ရပ်နေတာမျိုးက အလွန် အန္တရာယ်ကြီးတယ်။ မိုးကြိုး လွတ်အောင် ဆိုပြီး သစ်ပင်အောက်လည်း သွားမခိုနဲ့။ မလွတ်နိုင်ဘူး။ မိုးခြိမ်းသံကြားရင် အနီနားက တဲတို့ အိမ်တို့မှာ ခဏနားနေလိုက်တာ အန္တရာယ် ပိုကင်းတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီ မိုးကြိုကာလတွင် ဖြစ်ပေါ်လေ့ ရှိသည့် မိုးတိမ်တောင် များ ကြောင့် မိုးကြိုးပစ်ခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တနှစ်လျှင် မိုးကြိုးပစ်ခြင်းကြောင့် လူ ၁၀၀ ကျော် သေဆုံး နေကြောင်း ဒေါက်တာ ထွန်းလွင် ဦးဆောင်သည့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု စောင့်ကြည့်ရေး အဖွဲ့ (MCCW) ၏ စာရင်းများ အရ သိရသည်။
မိုးကြိုးပစ်ခံရ၍ ထိခိုက် သေဆုံး ဒဏ်ရာရရှိသူများ ရှိခဲ့ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများမှ တဆင့် ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနသို့ တင်ပြလာပါက ဌာန အနေဖြင့် သေဆုံးသူ တဦးလျှင် ၃ သိန်းကျပ်၊ ထိခိုက် ဒဏ်ရာရရှိသူကို ၅ သောင်းကျပ် ကူညီ ထောက်ပံ့ပေးနေကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာနက ဆိုသည်။