ရေကြည်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့် မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် တိုက်မိသဖြင့် လူတဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဦးမျိုးညွန့်မောင်းနှင်လာသည့် Ford အမျိုးအစား အနက်ရောင် မော်တော်ယာဉ်မှာ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ပိုင်းက ပုသိမ် – ချောင်းသာ – ငွေဆောင်ကားလမ်းပေါ်ရှိ တဲကြီးကုန်း ကျေးရွာအနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုသိမ်ကြိုးတံတားဘက်မှ ပုသိမ်မြို့တွင်းသို့ မောင်းနှင်လာစဉ် “နိုက်တင်ဂေး” လက်ဖက် ရည်ဆိုင် အနီး လမ်ဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ် တစီးအား ဝင်တိုက်မိပြီးနောက် အမျိုးသား ၂ ဦးစီးနင်းလာသည့် ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်လာသူတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဧရာဝတီတိုင်း ရဲတပ်ဖွ့ဲမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “ဦးမျိုးညွန့် မောင်းလာတဲ့ကားက ပထမဆုံး ကားတစီးကို ဝင်တိုက်ပြီးတော့ လမ်းဘေးက မောင်းလာတဲ့ ဆိုင်ကယ်တစီးကို ထပ်တိုက်မိတာ ဖြစ်ပါတယ်။ ဆိုင်ကယ်မောင်းသူရဲ့ ဒဏ်ရာက စိုးရိမ်ရတဲ့ အနေအထား ရှိတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သူ့ကို ဥပဒေအရ အရေးယူဆောင်ရွက်ထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဒဏ်ရာရရှိသူများကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး) မှ လူနာတင်ကားဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကား ၂ စီးနှင့် ဆိုင်ကယ်များမှာ မောင်းနှင်၍ မရတော့သည်အထိ ထိခိုက်ပျက်စီးခဲ့သဖြင့် ကရိန်ကားဖြင့် သယ်ထုတ်ကာ ပုသိမ်မြို့၊ ရွှေမုဌောဘုရား အနီးရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးသို့ သယ်ယူခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၏ကားဖြင့် ထိခိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ ဦးမောင်ကြီး အသက် (၃၅ နှစ်) တွင် ဝမ်းဗိုက်ညာဘက် ပေါက်ပြဲဒဏ်ရာ၊ မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပေါင် ပေါက်ပြဲ ဒဏ်ရာ၊ ညာခြေဖဝါးပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် ယနေ့တွင် ပုသိမ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွဲှပြောင်းကာ ကုသမှုခံယူနေကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့် က “ကျနော်က လွှတ်တော်အပြီးမှာ ကြိုးတံတားဘက်ကနေ ထမင်းစားပြီး ပြန်လာတာ။ နိုက်တင်ဂေး လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ကားရဲ့နောက်ကနေ ဆိုင်ကယ်က ရုတ်တရက်ထွက်လာတော့ မျက်စိပြာသွားပြီး စတီယာရင်ကို ဆွဲလှည့်လိုက်ချိန်မှာ ကားတစီးရဲ့ဖင်နဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်မိ သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းကဆက်၍ “နစ်နာတဲ့သူတွေအကုန်လုံးကို သူတို့စိတ်တိုင်းကျ အဆင်ပြေအောင် ဆောင်ရွက် ပေးသွားမှာပါ။ ဒဏ်ရာရတဲ့သူကိုတော့ ပုသိမ်ဆေးရုံကြီးကနေ ဒီနေ့ပဲ ရန်ကုန်ဆေးရုံကြီးကို လွဲှပြောင်းကုသ နိုင်အောင် အကုန်လုံးစီစဉ်ပေးထားပါတယ်။ ကျနော့်ကိုတော့ အခုရဲစခန်းမှာ လုပ်ထုံးလုပ်နည်း အရ အမှုဖွင့်ထားပါတယ်။ အစိုးရရဲ့မျက်နှာ၊ လွှတ်တော်ရဲ့မျက်နှာနဲ့ ကျနော်အခွင့်အရေးတခုမှ မယူပါဘူး။ အကုန်လုံးကို ဖြေရှင်းသွားမှာပါ” ဟု ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သူ ရေကြည်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်ကို ဒုရဲအုပ်သန်းနိုင်မှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ ပုသိမ်မြို့မရဲစခန်းမမှ ယာဉ်(ပ) ၃၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈ (တခြားသူ၏ အသက်ကိုဘေးဖြစ်စေသော ပြုလုပ်မှုတစ်ခုခုကိုပြုခြင်းဖြင့် အပြင်းအထန် နာကျင်စေမှု) ဖြင့် အမှုဖွင့်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
You may also like these stories:
ကားစီးတဲ့အခါ မလုပ်သင့်တဲ့ အပြုအမှုများ