နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်း အထုတ်ခံထားရသည့် အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူကို “ဖမ်းမမိသေးဘူးလား” ဟု သမ္မတရုံးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံသို့ စုံစမ်း မေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က “ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို မေးပါတယ်။ နောက်ဆုံး အခြေ အနေကို ရဲချုပ်လည်း ပါပါတယ်။ အသေးစိတ်တော့ သူတို့ ပြည်သူလူထုကို ထုတ်ပြန်လို့ မရဘူး။ ဘယ်နေရာမှာ ရှိနိုင်တယ်။ ဘယ်နေရာမှာ သတင်းပေါ်တယ်ဆိုရင် ဒါမျိုးဆိုရင် သူတို့က လိုက်လံပြီးတော့ ရှာဖွေတာ ရှိပါတယ်” ဟု ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သမ္မတရုံး၏ လစဉ် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို သမ္မတရုံး တာဝန်ရှိသူတဦး ဖြစ်သူ ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သမ္မတရုံးက ဦးဝီရသူကို ဖမ်းဆီးရမိရေး မည်သို့ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ကို မေးသည့်အခါ ရဲက ဝရမ်းထုတ်ထားကြောင်း၊ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် တရားရုံးတွင် အမှုကို စတင်ကြားနာခဲ့ရာ ရဲတပ်ဖွဲ့မှ ဝရမ်း အတည်ပြု အရာရှိ တဦးနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး ထွက်ဆိုချက်ကို ရယူပြီး ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။
ဦးဝီရသူကို အရေးယူရန် ဆုံးဖြတ်ရခြင်းမှာ ရန်ကုန်မြို့ တွင် ဟောပြောခဲ့မှုနှင့် သက်ဆိုင်ကြောင်း၊ အသေးစိတ်ကိုမူ ထုတ်မပြောရ ခြင်းမှာ တရားရုံးက ဆုံးဖြတ်မည့် ကိစ္စ ဖြစ်ကြောင်း သမ္မတရုံး တာဝန်ရှိသူက နေပြည်တာ်တွင် သတင်းထောက်များကို ပြောသည်။
ဦးဝီရသူအား ရာဇဝတ် အထွေထွေမှု ထပ်ဖွင့်ကာ ဝရမ်းပေးထားသည့် ဇွန် ၁၁ ရက်နေ့ အထိ ဖမ်းမမိပါက တရားခံပြေးအဖြစ် ကြေ ညာကာ မျက်ကွယ်အမှု စစ်ဆေးခြင်း ဆောင်ရွက်ဖွယ်ရှိကြောင်း ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုလျက် ရှိသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဝရမ်းထုတ်ခံရသည့် ဦးဝီရသူအား ဝရမ်းပြန်အပ်ရန် နောက်ဆုံးရက် ဇွန်လ ၄ ရက်နေ့အထိ ဖမ်းမိခြင်း မရှိသည့်အတွက် အနောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ ၁၂၄(က)/ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၂ အရ ရာဇဝတ် အထွေထွေမှု ဖွင့်လှစ်ကာ ဇွန်လ ၁၁ ရက်နေ့အထိ ဝရမ်းထပ်မံ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဦးဝီရသူကို ဖမ်းဆီး အရေးယူရန် ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းက နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် တရားလို ပြုလုပ်တိုင်ကြားလာသဖြင့် အနောက်ပိုင်းခရိုင် တွဲဖက် တရားသူကြီး တဦးက ဖမ်းဝရမ်းထုတ်ပေးသည့်အခါ ရဲတပ်ဖွဲ့ က ဖမ်းဆီးရန် ကြိုးစားနေသည်ဟု သိရသည်။
ဦးဝီရသူသည် ကိုယ်တိုင် အဖမ်းခံမည်ဟု မီဒီယာတချို့ သို့ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လေသံပြောင်းလာပြီး ဓမ္မစက်ဖြင့် အရေးယူခံပြီးမှ အာဏာစက်ဖြင့် အရေးယူခံမည်ဟု ရုရှားလူမှုကွန်ရက်တခု ဖြစ်သည့် VK မှ တဆင့် ထုတ်ဖော် ပြောဆို လာသည်။
ဦးဝီရသူက လက်ရှိ အစိုးရသည် ဒီမိုကရေစီကို ချီတက်သော်လည်း အာဏာရှင် လမ်းကြောင်းကို ပြန်ရောက် သွားကြောင်း၊ မလျော် သြဇာ သုံးကာ ဘုရားသားတော် ရဟန်းများကို မခြိမ်းခြောက်ရန် လိုကြောင်းနှင့် သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုအား သတိထားနေရန် VK တွင် မိန့်ဆိုသွားခဲ့သည်။
ဦးဝီရသူနှင့် ပတ်သက်၍ နောက်ရုံးချိန်းကို ဇွန်လ ၁၁ ရက်နေ့၌ ထပ်မံ ချိန်းဆိုထားပြီး တရားရုံးက ကာယကံရှင် လာသည် ဖြစ်စေ၊ မလာသည် ဖြစ်စေ ၎င်း၏ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း၊ ယခု ကိစ္စကို တရားဥပဒေ စိုးမိုးရေး အ တွက် ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သမ္မတရုံးမှ သိရသည်။
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ သူ့ရဲ့ တာဝန်အရ သူ့ရဲ့ စည်းမျဉ်း စည်းကမ်းတွေ အရ ဆက်လက်ပြီးတော့ လုပ်ဆောင်နေတယ်လို့ ဖြေကြားလိုပါတယ်။ နောက်ဘယ်နေရာတွေတော့ သူလာတတ်တယ်ပေါ့နော်။ ရဲရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ ဆောင်ရွက် နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ အချိန်တွင် ဦးဝီရသူသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကရင်ပြည်နယ်တို့တွင် ရှိကြောင်း သတင်းများ ထွက်ပေါ်နေ သော်လည်း ရဲတပ်ဖွဲ့ က လိုက်လံ အတည်ပြုသည့်အခါ မည်သည့်နေရာတွင်မှ မတွေ့ရသေးဟု အာဏာပိုင်တို့က ပြောဆိုသည်။
ဧရာဝတီက ဦးဝီရသူနှင့် နောက်ဆုံး ရရှိခဲ့သည့် အင်တာဗျူးတွင် ဆရာတော် က “ကျုပ်အရင်ကတောင် ဒီထက်နှစ် အများကြီး ကျခဲ့တယ်၊ ထောင်ထဲလည်း နေခဲ့ဖူးတာပဲ၊ မကြောက်ပါဘူး။ ရင်ဆိုင်မှာပဲ။ အခုက ဒီမိုကရေစီ အစိုးရဆိုတော့ နှစ်အများကြီးနဲ့ ရက် ရက်စက်စက်တော့ လုပ်မယ် မထင်ပါဘူး”ဟု မိန့်ကြားခဲ့သည်။
You May Also Like These Stories:
တိမ်းရှောင်နေသည့် ဦးဝီရသူ အမှု ထိရောက်စွာ ကိုင်တွယ်မည်ဟု ရန်ကုန် ဝန်ကြီးချုပ်ပြော< ဦးဝီရသူကို တပတ်အတွင်း မမိပါက တရားခံပြေး ကြေညာကာ မျက်ကွယ်အမှုစစ်ဖွယ်ရှိ
ဦးဝီရသူ အရေး ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဟု သမ္မတရုံး ပြော
ရဲတပ်ဖွဲ့က ဦးဝီရသူကို ရန်ကုန်မြို့တွင် လိုက်လံ ရှာဖွေနေ