အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရန်အတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က အဆိုပြုချက် တရပ် ရေးဆွဲနေပြီး ယင်းအဆိုပြုချက်ပေါ် မူတည်၍ ထပ်မံ တွေ့ဆုံရန် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့တွင် “ဝ” ဘက်မှ ဒုတိယတန်းခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် မည်သို့ ပါဝင်နိုင်မည်ကို ဆွေးနွေးသည့်အခါ UWSA ဘက်က အဆိုပြုချက်တခု အစိုးရဘက်သို့ ပေးပို့ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ဦးဇော်ဌေးက “၀ ဘက်က အဆိုပြုချက်တခု အစိုးရဘက်ကို ပို့ဖို့ သဘောတူတယ်။ သဘောတူတော့ “ဝ” ဘက်က ပို့တဲ့ Proposal ပေါ့။ အဲ့ဒီ အပေါ်မှာ အစိုးရက ပြန်လည်သုံးသပ်ပြီး နောက်တကြိမ် ပြန်တွေ့မယ်။ ပြန်တွေ့ ပြီးရင် ငြိမ်းချမ်းရေး အခုသွားနေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေပေါ်မှာ “ဝ” အနေနဲ့ ဘယ်လို ပါနိုင်မလဲပေါ့။ ကျနော်တို့ အပြီးသတ် ဆွေးနွေးဖို့ ရှိပါတယ်”ဟု ပြော သည်။
ထို့ကြောင့် “ဝ” ဘက်မှ ယင်းအဆိုပြုချက် အခြေအနေကို ယနေ့ မေးကြည့်သည့်အခါ လောလောဆယ် ပြုစုနေဆဲဟု အကြောင်း ပြန်လာကြောင်း၊ ယင်းပြုစုချက် ပြီးပါက အစိုးရက ပြန်လည် သုံးသပ်ပြီး သဘောတူညီမှု ရရှိပါက ၂၁ ပင်လုံ လမ်းကြောင်းထဲသို့ “ဝ” အဖွဲ့ကို ဆွဲခေါ်မည် ဖြစ်ကြောင်း သမ္မတရုံးမှ သိရသည်။
ယခုလို “ဝ” ၏ အဆိုပြုချင် တင်ပြနိုင်ရေး သဘောတူနိုင်ခဲ့ခြင်းမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားသို့ ဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်များ တက်ရောက်စဉ် “ဝ” ခေါင်းဆောင်များနှင့် အလွတ်သဘော ဆွေးနွေးနိုင်ခဲ့ခြင်းကြောင်း ဖြစ်သည်ဟု သိရသည်။
UWSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရမ်း ကမူ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဌာနချုပ်မှ တစုံတရာ ပြောဆိုထားခြင်း မရှိသေးသဖြင့် ၎င်းအနေဖြင့် မသိရှိရသေးကြောင်း ဧရာဝတီသို့ ပြောသည်။
တပ်မတော်ကမူ “ဝ” အဖွဲ့၏ ဧပြီလလယ်ပိုင်းက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားတွင် လက်နက်နှင့် စစ်အင်အား ပြသမှုကြောင့် စင်ပြိုင် အစိုးရ၊ စင်ပြိုင် တပ်မတော်ပုံစံ ပေါက်နေ၍ မြန်မာ့ တပ်မတော်က အဆုံးစွန် သည်းခံနေရသည့် အနေအထားဟု တပ်မတော် တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။
UWSA စစ်သေနာပတိချုပ် ဦးပေါက်ယူချန်းက “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို ခဲ့သည့် ယင်းအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို ဖိတ် ကြားသော်လည်း တက်ရောက်ခြင်း မရှိပါ။
“ဝ” အနေဖြင့် အစိုးရမှ ကမ်းလှမ်းထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပါဝင်ရန် လိုကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
UWSA သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ၊ ပုဒ်မ ၅၆ (စ) အရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင် ၂ခုခွဲ၍ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် အုပ်ချုပ်ခွင့် ရရှိထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗဟိုအစိုးရလက်အောက်တွင် ရှိရမည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တခုဖြစ်သာ ဖော်ပြထားသော်လည်း လက်ရှိတွင် ၎င်း၏ ဒေသများကို ဗဟိုအစိုးရ၏ စွက်ဖက်မှု မရှိဘဲ အပြည့်အဝ စီမံခန့်ခွဲလျှက် ရှိသည်။
နိုင်ငံရေး လေ့လာသူများကမူ တရုတ်၏ စောင့်ရှောက်မှုဖြင့် “ဝ” သည် တရားမဝင် လွတ်လပ်ရေး ရနေသည်ဟု ထောက်ပြမှုများလည်း ရှိသည်။
You May Also Like These Stories:
ပြည်ပရန် ကျူးကျော်လာလျှင် တပ်မတော်နှင့်အတူ ပူးပေါင်း ကာကွယ်မည်ဟု UWSA ပြော
ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်
မြောက်ပိုင်း မဟာမိတ်နှင့် အစိုးရတို့ တွေ့ဆုံနိုင်ရေး နေရာညှိမရ၍ ကြန့်ကြာနေ