နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်ကျခံနေရသော ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး အပေါ် စွဲဆို ခဲ့သည့် အခြေခံ ဥပဒေ စာအုပ် ဆိုင်ရာ အမှုကို တရားရုံးက တရားသေ လွှတ်ပေးခဲ့သော်လည်း ထပ်မံ တရားစွဲဆိုနိုင်ရန် ဆက်လက် ကြိုးပမ်းနေကြောင်း သိရသည်။
လွတ်လပ်သော အာရှအသံ RFA သတင်းဌာနက ကိုအောင်ကိုထွေး ကလေးစစ်သား ဘ၀ အတွေ့အကြုံများကို မေးမြန်း တင်ဆက်ခဲ့မှုနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် တရားစွဲခဲ့သည်။
ထိုသို့ တရားစွဲနေစဉ် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ကို ခြေဖြင့် နင်းသည်ဟု ဆိုကာ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေ ပုဒ်မ ၇ ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်တထောင် မြို့နယ် တရားသူကြီးက အဆိုပါ အမှုကို တရားသေ လွှတ်ပေးခဲ့သည်။
သို့သော် ရန်ကုန်တိုင်း ဥပဒေအရာရှိ ဦးအုန်းသန်းက အခြေခံဥပဒေ စာအုပ် ဆိုင်ရာ အမှုနှင့် ပတ်သက်၍ တိုင်း တရား လွှတ်တော် သို့ ယခုနှစ် မတ်လက အယူခံ တင်သွင်းခဲ့ပြီး လာမည့် ၁၇ ရက်နေ့တွင် စတင်ကြားနာမည်ဟု ကိုအောင်ကို ထွေး ရှိရာ အင်းစိန်ထောင်သို့ ဇွန်လ ၇ ရက်နေ့ ပေးပို့လိုက်သည့် အကြောင်းကြားစာ အရ သိရသည်။
ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်းက“ကျမမောင်လေးက အခုနှစ် ၁၂ လပိုင်းဆိုရင် သူအရင် ကျခံနေရတဲ့ ထောင်ဒဏ် ၂ နှစ်ခွဲက ပြည့်ပြီး လွတ်တော့မယ်။ လွတ်ခါနီးမှ သူ့ကို မလွှတ်ချင်လို့ အကြောင်းအမျိုးမျိုးရှာပြီး တရား ထပ်စွဲ နေကြတာ။ သူတို့တင်တဲ့ အယူခံက ထောင် လွတ်ရက်ပြည့်တဲ့ အချိန်တောင် မပြီးဘူးဆိုရင် ကျမမောင်လေးက ထောင်ထဲ မှာပဲ အချုပ်သားအဖြစ်နဲ့ ဆက်နေနေရဦးမယ်။ ကျမတို့မိသားစုကို ဘယ်လိုအငြိုးတွေနဲ့ လုပ်နေကြတာလဲ”ဟု ဆိုသည်။
ယနေ့မှပင် မိမိ၏ မောင် တရားသေ လွှတ်ပေးခဲ့သည့်အမှုကို အယူခံတင်ကြောင်း သိခဲ့ရပြီး အဆိုပါ အကြောင်းကြားစာကို လည်း ဇွန်လ ၇ ရက်နေ့ ညနေအချိန်က အင်းစိန်ထောင်မှ ထုတ်ယူခွင့်ရခဲ့သည်ဟု မနေဇာထွန်းက ဆက်ပြောသည်။
အခုလို အယူခံတင်သွင်းကာ ကြားနာမည့် အကြောင်းကို နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေဖြင့် တရားစွဲခံရစဉ်က လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း မသိရှိသေးကြောင်း ပြော သည်။
ဦးရောဘတ်စန်းအောင်က“ဒါက မူလ တရားစွဲဆိုသူဘက်ကနေ အထက်ကို တက်လာတဲ့အတွက် တိုင်းဥပဒေ အရာရှိ ကနေ ဆောင်ရွက်ရတဲ့ သဘော ဖြစ်တာကို တွေ့ရတယ်။ လတ်တလောမှာတော့ ဒီအယူခံမှုအတွက် ကျနော်က ကိုအောင်ကိုထွေး ဘက်ကနေ အမှု ဆက်လိုက်ပေးဖို့ ကတော့ ရှေ့နေပါဝါ သွားယူရဦးမယ်။ ရက်ကလည်း ကပ်နေပြီ ဆိုတော့ ပြင်ဆင်ဖို့တော့ နည်းနည်း ခက်သွားတာပေါ့”ဟု ဆိုသည်။
ကိုအောင်ကိုထွေးသည် အသက် ၁၄ နှစ်အရွယ် ၂၀၀၅ ခုနှစ် ကတည်းက ရန်ကုန်ဘူတာကြီးတွင် ကလေးစစ်သား အဖြစ် စတင် စုဆောင်းခြင်း ခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ် ပြတ်သွားကာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ရင်း သူ၏ သူငယ်ချင်း ၂ ဦးနှင့်အတူ တပ်ရင်းမှ ထွက်ပြေးခဲ့ရာ ၎င်းတို့အဖွဲ့သည် ဆိုင်ကယ်လုယူရင်း လူသတ်မှုတခုတွင် အတူတူ ပါဝင်ခဲ့သည်ဆိုပြီး တပ်တွင်း အကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံခဲ့ရသည်ဟု သိရသည်။
ကလေးစစ်သားအဖြစ် စုဆောင်းခံရမှုကို ပြည်တွင်းတက်ကြွလှုပ်ရှားသူများနှင့်အတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်(ILO) တို့ထံသို့ မိသားစုဝင်များဘက်က ဆက်သွယ် ဆောင်ရွက်ခဲ့မှုကြောင့် ကိုအောင်ကိုထွေးနှင့် အဆက် အသွယ် ပြန်ရခဲ့ပြီး ကိုအောင်ကိုထွေး အသက် ၂၆ နှစ်အရွယ် ၂၀၁၇ ခုနှစ် ဇူလိုင်လထဲတွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။
တပ်မတော်အတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခံရပုံ၊ တပ်တွင်း အကျဉ်းထောင်တွင် နေခဲ့ရပုံတို့ကို RFA သတင်း ဌာနတွင် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၀ ရက်န့က အင်တာဗျူး ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီးနောက် နိုင်ငံတော် အကြည်ညို ပျက် စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် တရားရုံးထုတ်စဉ် တရားရုံးကို သပိတ်မှောက်ခဲ့သည့် အတွက် တရားရုံး မထီမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆ လ အပြစ်ပေးခံထားရကာ အင်းစိန် အကျဉ်းထောင်ထဲတွင် ပြစ်ဒဏ်ကျခံနေရသူ ဖြစ်သည်။
You may also like these stories:
ကချင်လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်နန်ပူ လွှတ်မြောက်
စိန့်မာတင်ကျွန်းတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ ချထား
ကျောက်တန်း ဖြစ်စဉ်တွင် အဖမ်းခံရသူ အားလုံး လွှတ်ပေးပြီး ဟု တပ်မတော် ပြော