၂၀၁၈- ၁၉ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် အကျဉ်းထောင် စာစစ်ဌာန ၉ ခုမှ အကျဉ်းသား/ သူ ၁၇၁ ဦး ဝင်ရောက်ဖြေဆိုရာ ၉၄ ဦး အောင်မြင်ကြောင်း၊ ၇၇ ဦးကျရှုံးကာ အောင်ချက် ရာခိုင်နှုန်းမှာ ၅၄. ၉၇ ရှိကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက “မနှစ်ကထက် အောင်ချက်ရာခိုင်နှုန်းတက်လာတယ်၊ ဖြေတဲ့သူလည်း ပိုများလာတယ်၊ အောင်တဲ့သူတွေအတွက် ဝမ်းသာရသလို ကျရှုံးတဲ့သူတွေ အတွက်လည်း ပို အား ထည့်ရမှာပေါ့၊ စိတ်ဓာတ်ကျမသွားအောင်၊ နောက်နှစ်မှာ အောင်မြင်အောင် လိုအပ်တာတွေ ထပ်လုပ်ပေး ရမှာ ပေါ့” ဟု ပြောသည်။
၂၀၁၈- ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား/သူ ၇၁ ဦး ဖြေဆိုခဲ့ရာ ၅၀ ဦးအောင်မြင်ခဲ့ကာ ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ ရိုးရိုးအောင် ၂၃ ဦး ရှိခဲ့သည်။
မန္တလေး(အိုးဘို)အကျဉ်းထောင်မှ အကျဉ်းသား/သူ ၇၁ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၄၂ ဦး အောင်မြင်ခဲ့ပြီး ၂ ဘာသာဂုဏ်ထူး ရှင် ၃ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ ရိုးရိုးအောင် ၂၈ ဦးရှိခဲ့သည်။
တောင်ငူအကျဉ်းထောင်မှလည်း အကျဉ်းသား/သူ ၄ ဦးဖြေဆိုခဲ့ရာတွင် ၂ ဦး ရိုးရိုးအောင်မြင်ခဲ့ကြောင်း သိရသည်။
အခြားသော စာစစ်ဌာနများဖြစ်သည့် လွိုင်ကော်အကျဉ်းထောင်၊ ဘားအံအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင်၊ ကသာအကျဉ်းထောင်၊ သရက်အကျဉ်းထောင်နှင့် မုံရွာအကျဉ်းထောင်တို့မှ ဝင်ရောက်ဖြေဆိုခဲ့ကြသူများ ထဲမှ အောင်မြင်သူ မရှိခဲ့ကြောင်းလည်း အကျဉ်းဦးစီးဌာနက ပြောသည်။
၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် အကျဉ်းထောင်များအားလုံးမှ ဆယ်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆို ခဲ့သည့် အကျဉ်းသား/သူ ၁၀၄ ဦးရှိခဲ့သည့်အနက် ၄၇ ဦးအောင်မြင်ခဲ့ပြီး အောင်ချက်အနေဖြင့် ၄၅.၁၉ ရာခိုင်နှုန်းရှိခဲ့သည်။
ထိုနှစ် တက္ကသိုလ် ဝင်တန်း အောင်မြင်သူများထဲမှ လက်ကျန် ပြစ်ဒဏ် တနှစ်ကျန် အကျဉ်းသာ/ သူ ၅ ဦးကို ပြစ်ဒဏ်လျော့ပေါ့ရေး မူအရ အပြီးလွှတ်ပေးခဲ့သလို ကျန် အောင်မြင်သူများကို ပြစ်ဒဏ်၏ လေးပုံတပုံ သက်သာခွင့်၊ နှစ်ပုံတပုံ(ထက်ဝက်) သက်သာခွင့် စသည့် မူများအရ ပြစ်ဒဏ်များ လျော့ပေးခဲ့သည်။
ယခုနှစ်အောင်မြင်သူအတွက်မူ ပြစ်ဒဏ်သက်သာခွင့်အား မည်သို့ပေးမည်ကို မသိရသေးသော်လည်း ၎င်းတို့၏ အောင်မြင်မှုအခြေအနေ ရလဒ်များအား ပြည်ထောင်စုဝန်ကြီးဌာနထံ အစီအရင်ခံစာ တင်ပြမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈- ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှုအနေဖြင့် တနိုင်ငံလုံးတွင် ၃၁.၄၄ ရာခိုင်နှုန်းရှိ ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ရခိုင် တိုက်ပွဲကြောင့် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန တချို့ နေရာ ပြောင်းရွှေ့ရ
ဧရာဝတီတိုင်း၌ ၁၀ တန်းစာမေးပွဲ လာမဖြေသည့် ကျောင်းသား ၆ ထောင်ကျော်ရှိ
သိမ်ဇရပ်မြို့က “အိပ်မက်သစ် စာကြည့်တိုက်”သို့ အလည်တခေါက်
ကျရှုံးဘာသာရပ် ပြန်ဖြေခွင့်ပေးရန် နည်းပညာတက္ကသိုလ်ကျောင်းသားများ တောင်းဆို