အရည်အသွေး မမီဟု ဝေဖန်ခံနေရသော နိုင်ငံခြားတက္ကသိုလ် နှစ်ခုတို့နှင့် ပူးပေါင်းခဲ့မှု အပါအဝင် ပြည်ထောင်စု ရာထူး ဝန် အဖွဲ့၏ ဆောင်ရွက်ချက်အချို့နှင့် ပတ်သက်၍ ကော်မတီတရပ်ဖွဲ့ကာ စုံစမ်းစစ်ဆေး နေကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန်လ ၇ရက် ညနေကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ စစ်ဆေးမှု၏ ရလဒ်များကိုလည်း အထက်လူကြီးများထံ ဆက်လက်တင်ပြသွားမည်ဟုလည်း သူက သတင်းထောက်များကို ပြောသည်။
“အစောကြီးကတည်းက၊ ကိုနေယံဦး မရေးခင် ကတည်းက အစိုးရအနေနဲ့ သိပါတယ်။ ဝေဖန်မှုတွေဖြစ်တဲ့အချိန်မှာ အထောက်အထားတွေ ပြန်ပြီး စုပါတယ်။ စုပြီး အဲဒီအပေါ်မှာ ပြည်ထောင်စုဝန်ကြီးတွေပါတဲ့ ကော်မတီဖွဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ပါတယ်။ လုပ်တဲ့ အပေါ်မှာ ပြည်ထောင်စုဝန်ကြီး တချို့ပေါ့၊ နာမည်တော့မပြောတော့ပါဘူး။ အနည်းစု စိစစ်ပြီးတော့မှ လူကြီးတွေဆီ တင်ပြဖို့ ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
သို့ရာတွင် စစ်ဆေးနေသည့် အခြေအနေနှင့် စစ်ဆေးမှု ရလဒ်များအပေါ် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို မူ ပြောကြားခဲ့ခြင်းမရှိပေ။
“အသေးစိတ်တော့ ပြောဖို့ မရှိပါဘူး။ ဘွဲ့ကိစ္စ၊ ဝန်ထမ်း ရွေးချယ်ရေးနဲ့ တွဲလုပ်နေတဲ့ ပြည်ပတက္ကသိုလ်ပေါ့၊ သင်ရိုးတွေ ဘာတွေ အကုန်လုံးပါပါတယ်။ တခုလုံးနဲ့ ဆက်စပ်နေတာတွေကို စိစစ်ဖို့ ခိုင်းထားပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသော အမေရိကန်နိုင်ငံ Akamai University နှင့် မလေးရှား နိုင်ငံမှ EDS Business School တို့သည် သက်ဆိုင်ရာ နိုင်ငံများက အသိအမှတ် ပြုထားသည့် စာရင်းတွင် မပါရှိသော အမည်ခံ တက္ကသိုလ်များ ဖြစ်ကြောင်း၊ ယင်းတက္ကသိုလ်များနှင့် ပူးပေါင်းခြင်းကြောင့် နိုင်ငံ ထိခိုက်နစ်နာရ၍ တာဝန်ရှိသူများကို စုံစမ်းအရေးယူပေးရန် အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်တွင် ပညာသင်ကြားနေသူ ကိုနေယံဦးက နိုင်ငံတော် သမ္မတရုံးသို့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလက တိုင်ကြားခဲ့သည်။
ကိုနေယံဦးသည် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်တွင် ပြည်သူ့ရေးရာ မူဝါဒ တက်ရောက် သင်ကြားနေသူ တဦး ဖြစ်ပြီး လွန်ခဲ့သော ငါးလခန့်မှစတင်ကာ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာနှင့် သတင်းဂျာနယ်များတွင် ရာထူးဝန်အဖွဲ့နှင့် ယင်းတက္ကသိုလ်များ၏ ပူးပေါင်းမှုအပေါ် ဝေဖန်ရေးသားနေသူဖြစ်သည်။
“ကော်မတီဖွဲ့ စစ်ဆေးနေတယ် ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ တွေ့ရှိချက်တွေကို အမြန်ဆုံး အထက်လူကြီးတွေဆီ တင်ပြပြီး၊ အပြစ်ရှိပါက ရာထူးဝန်အဖွဲ့ကို ထိထိရောက်ရောက် အရေးယူပေးဖို့ မျှော်လင့်ပါတယ်”ဟု ကိုနေယံဦးက ဧရာဝတီကို ပြောသည်။
သမ္မတရုံးသို့ ၎င်း၏ တိုင်ကြားမှုအပေါ် စုံစမ်းစစ်ဆေးမှုမှာ အချိန်ကြာမြင့်ခြင်းနှင့် သတင်းထုတ်ပြန်မှုပိုင်းကို အားမရ ကြောင်း ၎င်းက ဝေဖန်သည်။
“စုံစမ်းစိစစ်မှု ပြီးခဲ့ရင်လည်း ရာထူးဝန်အဖွဲ့ကို အရေးယူမှာလား၊ အရေးမယူဘူလားဆိုတာသိရဖို့ နောက်ထပ် ဘယ် လောက်တောင် စောင့်ရမလဲ မသိဘူး။ အစိုးရသည် ပြည်သူတွေရဲ့ တောင်းဆိုမှု၊ တိုင်ကြားမှုတွေကို တုံ့ပြန်တာ အရမ်း နှေးပြီး၊ သတင်းထုတ်ပြန်မှု အားနည်းတာကို တွေ့ရတယ်” ဟု ကိုနေယံဦးက ပြောသည်။
ကိုနေယံဦး၏ သမ္မတရုံးထံ တိုင်ကြားစာ၌ မလေးရှား အစိုးရသည် မလေးရှား အခြေစိုက် တက္ကသိုလ် ဒီဂရီ ကောလိပ် များကို အရည်အသွေး စစ်ဆေးကာ သတ်မှတ်ချက်နှင့် ညီလျှင် တရားဝင် အသိအမှတ်ပြု ထုတ်ပေး သော်လည်း EDS Business Schlool သည် မလေးရှား အစိုးရ၏ အသိအမှတ်ပြုမှုကို ရရှိထားသော အဖွဲ့အစည်း မဟုတ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဟာဝိုင်ယီ အခြေစိုက် Akami University သည်လည်း အမေရိကန် ပညာရေး ဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု ကို မရထားသည့် ပညာရေး အဖွဲ့အစည်း ၁၂ ခုတွင် တခု အပါအဝင် ဖြစ်ပြီး ဟာဝိုင်ယီ ဒေသခံများ၏ ဓာတ်ပုံ ဗီဒီယို မှတ်တမ်း များအရ တက္ကသိုလ် အဆင့် မရှိဘဲ သင်တန်းကျောင်း သာသာ အဖွဲ့အစည်း ဖြစ်ကြောင်း ရေးသားထားသည်။
ပြည်ထောင်စု ရာထူးဝန် အဖွဲ့သည် ခိုင်မာမှု မရှိသည့် အဆိုပါ တက္ကသိုလ် နှစ်ခုနှင့် ၂၀၁၇ ခုနှစ်မှ စတင် ပူးပေါင်းကာ နိုင်ငံ့ ဝန်ထမ်းများအား သင်တန်းနှင့် မာစတာဘွဲ့များ ပို့ချပေးခြင်း၊ ဝန်ထမ်းများကို မလေးရှားရှိ EDS School သို့ စေလွှတ် သင်ကြားစေခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သင်တန်းကျောင်း သာသာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက် ခြင်းကြောင့် နိုင်ငံ့ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ ပြည်သူ့ ဘဏ္ဍာများ လေလွင့် ဆုံးရှုံးခြင်းတို့ ဖြစ်ရသည့် အတွက် နောက် ကွယ်တွင် အဂတိလိုက်စားမှု ရှိမရှိ စုံစမ်း စစ်ဆေးစေလိုခြင်း ဖြစ်ကြောင်း ကိုနေယံဦးက ဆိုထားသည်။
ယင်းကဲ့သို့သော ဝေဖန်မှုများကြောင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံတော် သမ္မတရုံးထံ တင်ပြပြီး တက္ကသိုလ်နှစ်ခုနှင့် ပူးပေါင်းမှုကို ဇန်နဝါရီလ ၄ ရက်တွင် ရပ်ဆိုင်းခဲ့သည်။
ရာထူးဝန်အဖွဲ့က ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဖွင့်လှစ်ပြီးနောက် ဆရာ ဆရာမများကို အရည်အသွေး မြှင့် တင်ပေးရန် အတွက် နိုင်ငံတော် တာဝန်ရှိသူများထံ အဆင့်ဆင် တင်ပြပြီး ၂၀၁၇ ခုနှစ်တွင် အဆိုပါ တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းကာ သင်ကြားစေခဲ့ခြင်း ဖြစ်ကြောင်း၊ အခြားသော နိုင်ငံ့ ဝန်ထမ်း အဆင့်မြှင့်တင်သည့် သင်တန်းများနှင့် သက်ဆိုင်ခြင်း မရှိ ဟုလည်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေက ဧရာဝတီသို့ ပြောဆိုထားသည်။
ယင်းတက္ကသိုလ် ၂ခုနှင့် ပတ်သက်ပြီး ဘဏ္ဍာငွေသုံးစွဲရာတွင် အလေအလွင့် မရှိခဲ့ဟုလည်း ၎င်းက ပြောဆိုထားသည်။
လက်ရှိ အခြေအနေများနှင့် ပတ်သက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ အမြဲတမ်း အတွင်းဝန် တဦးထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပဲ၊ ဒုတိယညွှန်ကြားရေးမှူးချုုပ် တဦးထံ ထပ်မံ ဆက်သွယ် ခဲ့သော်လည်း ၎င်းအနေဖြင့် မှတ်ချက်ပြု ပြောကြားနိုင်ခြင်းမရှိဟုသာ ပြောဆိုခဲ့သည်။
ကိုနေယံဦးက အထက်ပါကိစ္စနှင့်ပတ်သက်ပြီး သမ္မတရုံးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံရုံးသို့ တိုင်ကြားမှုမှာ သုံးလကြာ သည်အထိ ထူးခြားမှုမရှိ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ထပ်မံတိုင်ကြားထားသည်ဟုလည်း ဇွန်လ ၅ရက်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
၎င်းအနေဖြင့် တစုံတစ်ဦး နစ်နာစေရန် ရည်ရွယ်တိုင်တန်းခြင်း မဟုတ်ဘဲ တရားဝင်အသိအမှတ်ပြုမှု မရှိသော ပြည်ပ တက္ကသိုလ် နှစ်ခုဖြင့် ပူးပေါင်းလုပ်ဆောင်မှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေတွေ ဆုံးရှုံးခဲ့ခြင်းနှင့် အကျိုးစီးပွားဆက်နွှယ်မှု၊ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုများ ပါဝင်နိုင်၍ ပြည်သူများကိုယ်စား တိုင်တန်းရခြင်းဖြစ်ကြောင်း ရေးသားထား သည်။
ဆက်စပ်ဖတ်ရှု့ရန် – ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို အရေးယူရန် သမ္မတရုံးသို့ တိုင်ကြား
ပြည်ပ တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းမှု ရပ်ဆိုင်းပြီးဖြစ်ဟု ရာထူးဝန် အဖွဲ့ အတည်ပြု
ရာထူးဝန်အဖွဲ့ ကို စုံစမ်းစစ်ဆေးရေး ဖိအားတွေ တိုးလာနေ
ပြည်ပ တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းမှု ရပ်ဆိုင်းခြင်း ရာထူးဝန် အဖွဲ့ အတည်မပြု