ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် မုတ္တမပင်လယ်ကွေ့တလျှောက် သဘာဝ ဘေးအန္တရာယ်များ ကာ ကွယ် စောင့်ရှောက်ရန် ဒီရေတော ဧက ၂၀၀၀၀ ကျော်ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကာ ပြန် လည် ပြုပြင်ထိန်းသိမ်းမှူများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းစဉ်ကို လက်ရှိ အစိုးရလက်ထက်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကာ ဒီရေတော ကြိုးပြင်ကာကွယ်တော ၆ ခု စုစုပေါင်း ၂၆၄၇၀ ဧက ဖွဲ့စည်းသတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ဧရာဝတီကို ပြောသည်။
“အဓိကက မုတ္တမပင်လယ်ကွေ့ တလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေ သဘာဝ ဘေးအန္တရာယ် ထိခိုက်မှူ လျော့ နည်း သက်သာစေဖို့ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရွာသားတွေကိုလည်း ရှင်းပြပါတယ်။ ဒီရေတောတွေကနေ သူ တို့လိုအပ်တဲ့ ထင်းတို့ မျောတို့ ထုတ်ယူသုံးစွဲလို့ ရပါမယ်။ ဒီရေတောမှာ လာပြီး ခိုအောင်းနေထိုင်တဲ့ ငါး၊ ပုစွန်တွေ ကိုလည်း ထုတ်ယူရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒီရေတောတွေရှိတာ အသက်မွေးဝမ်းကြောင်းအတွက်လည်း အထောက် အကူပြုပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက ဒီရေတောများကို သစ်တောမြေဖွဲ့ခြင်းသည် အနီးအနားပတ်ဝန်းကျင်ရှိ ဒီရေတောများကို သိမ်းခြင်းမဟုတ်ဘဲ ဒီရေတောများသည် ဒေသခံများအတွက် အကျိုးရှိခြင်းကြောင့် ယင်းအပင်များ မပျက်စီးစေရေး၊ တရားဥပဒေမဲ့ ခုတ် ယူဖျက်ဆီးမှူများ မဖြစ်စေရေးအတွက် သစ်တောဥပဒေအရ ကာကွယ်ပေးနိုင်ရန် ဖွဲ့ပေးရခြင်းဖြစ် သည်ဟု ရှင်းပြသည်။
ဒီရေတော ကြိုးပြင်တောကာကွယ်တောများ သတ်မှတ်ဖွဲ့စည်းရာတွင် ရှိပြီးသား ဒီရေတောများကို ကာကွယ်ထိန်း သိမ်းသွားမည်ဖြစ်ပြီး ကွက်လပ်ဖြစ်နေသည့် နေရာများတွင် နော်ဝေးအခြေစိုက် Worldview International Foundation (WIF) ၏ အကူညီဖြင့် ထပ်ဖြည့် စိုက်ပျိုးသွားမည်ဟု ဦးသိန်းတိုးက ပြောသည်။
WIF အကူအညီဖြင့် ဟက်တာ ၂၀၀၀ (၅၀၀၀ ဧက)ထိ စိုက်ပျိုးရန် စီစဉ်ထားပြီး ယခုနှစ်ထဲတွင် ကွမ်းခြံကုန်း ကန် လျားရှည်ရွာဘက်တွင် ဟက်တာ ၅၀ (၁၂၅ ဧက) ခန့် စိုက်ပျိုးပြီးသွားပြီဖြစ်ကြောင်း၊ လက်ရှိ ပေါက်ရောက်နေသည့် အပင်များမှာ လမု၊ လမဲ့၊ ကန့်ပလာပင်များ အများဆုံးဖြစ်ပြီး WIF အနေဖြင့် ဗြူးခြေထောက်၊ ဗြူး မျိုးများယူလာကာ စိုက်ပျိုးပေးနေကြောင်း၊ ကွမ်းခြံကုန်းတွင် WIF ၏ ပျိုးဥယျာဉ်တခု ရှိကြောင်း ၎င်းက ရှင်းပြသည်။
WIF အဖွဲ့သည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းရှိ ဒီရေတောများကို ပြန်လည် စိုက်ပျိုး ပြုစုမှူများ၊ ထိန်းသိမ်းမှူများ အဓိက ကူညီဆောင်ရွက်ပေးနေပြီး နှစ်စဉ် ဒီရေတော အပင် ၁၀ သိန်းကျော် စိုက်ပေးနေကြောင်း သိရှိရသည်။
ဇွန် ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကလည်း “ကျနော်တို့ မြစ်ကြောင်းတလျှောက်မှာ ဒီရေတောတွေကို ပြန်လည်ထိန်းနိုင်ဖို့အတွက် ဒီရေတော ၂၀၀၀၀ လောက် ပြန်စိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကျနော်တု့ိရဲ့ မုတ္တမပင်လယ်ကွေ့ကို ဝင်လာမယ့် သဘာဝ ဘေးအန္တရာယ် တွေကို ထိန်းသိမ်းနိုင်မယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် နိုင်မယ်။ အဲဒီအတွက် ဒီရေတောတွေကို ပြန်စိုက်ခြင်းအားဖြင့် လေထုညစ်ညမ်းမှူတွေကို ထိန်းသိမ်းနိုင်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း ကွမ်းခြံ ကုန်းမြို့နယ် လက်ခုပ်ကုန်းဘက်တွင် ကန်လျားရှည် တိုးချဲ့ ဒီရေတော ၁၅၀၇ ဧကနှင့် ခရမ်းမြို့နယ် ရေကျော်၊ ဘိုကလေးကျေးရွာရှိ ဒီရေတော ၂၃၀၀ ဧကတို့ကို ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာ ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒီရေတော ကြိုးပြင်ကာကွယ်တောများနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာန၏ သတ်မှတ်ချက်များ ထွက်လာပြီးပါက ယင်းဒီရေတော အနီးနားပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများကို အစုအဖွဲ့ပိုင် သစ်တောအဖြစ် ပြန်လည်ပေး အပ်သွားမည်ဟု ဦးသိန်းတိုးက ပြောသည်။
“သူတို့ကိုယ်တိုင် စီမံအုပ်ချုပ်လို့ရမယ်။ စီမံခန့်ခွဲလို့ရမယ်။ လူဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်းဖြစ်သွားတဲ့အခါ ပရမ်းပတာ မသုံးစွဲတော့ဘူးပေါ့။ ဒီရေတောကို ဘယ်လိုထိန်းသိမ်းမယ်။ သယံဇာတေတွေကို ဘယ်လို ထုတ် ယူ မျှဝေသုံးစွဲမလဲဆိုတာတွေလည်း စနစ်တကျ သင်ကြားပေးမယ်” ဟု ဆိုသည်။
WIF ၏ Project Manager ဦးဝင်းမောင်ကလည်း “ဒါက အများကြီး အကျိုးကျေးဇူး ရှိပါတယ်။ ဒီဒေသမှာရှိတဲ့ ဒီရေတောတွေကို ထိန်းဖို့ဆိုတာဟာ ဒေသခံတွေ မပါဘဲ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒေသခံတွေကလည်း သူတို့တွေအတွက် အကျိုးကျေးဇူးမရှိဘဲနဲ့ ဒီတောတွေကို အလကားနေရင်း ထိန်းမထားနိုင်ပါဘူး။ ဒီတောတွေကနေ သူတို့တွေအတွက် အကျိုးကျေးဇူး ရှိပါမှ သူတို့တွေကလည်း ဒီတောတွေကို အသိအမှတ်ပြုပြီး ထိန်းမှာပါ” ဟု မှတ်ချက်ပြုသည်။
ရန်ကုန်တိုင်း သစ်တောဦးစီးဌာနအနေဖြင့် သုံးခွမြို့နယ်ရှိ မင်းရွာအသင်း ဒီရေတော ကြိုပြင်ကာကွယ်တော ၄၃၁၅ ဧက နှင့် ဘိတ်သိတ်၊ မဟာ၊ သာသာ ဒီရေတော ကြိုးပြင်ကာကွယ်တော ၅၄၇၀ ဧက တို့ကို ထပ်ဖွဲ့ရန်ရှိပြီး တိုင်းအစိုး ရအဖွဲ့၏ သဘောထား မှတ်ချက် တောင်းခံထားပြီးဖြစ်ကြောင်း သိရသည်။
တိုင်းအစိုးရအဖွဲ့၏ သဘောတူကြောင်း ထောက်ခံချက်၊ ခွင့်ပြုချက် ရပြီဆိုပါက ပြည်ထောင်စုကို ဆက်လက် တင်ပြ သွားမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ရပြီဆိုပါက ကြိုးပြင်ကာကွယ်တော သတ်မှတ်သည့် အမိန့် ကြော်ငြာစာများ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဦးသိန်းတိုးက ရှင်းပြသည်။
ထို့ပြင် ကျောက်တန်းမြို့နယ်ဘက်တွင် ရွှေပြည်အေးချမ်းမိုး ဒီရေတော ကြိုးပြင်ကာကွယ်တော ၄၉၀၈ ဧက နှင့် အောင်ချမ်းသာ တိုးချဲ့ ဒီရေတော ကြိုးပြင်ကာကွယ်တော ၇၉၇၀ ဧက တို့ကိုလည်း ထပ်ဖွဲ့ရန် မြို့နယ်အုပ်ချုပ်ရေး မှူး၊ သစ်တော၊ မြေစာရင်း၊ ရပ်မိရပ်ဖ ဒေသခံကိုယ်စားလှယ်များ ပါဝင်သည့် လုပ်ငန်းအဖွဲ့ဖွဲ့ ကာ ဆွေးနွေးမှူများပြုလုပ် နေပြီဟုလည်း ၎င်းက ဆိုသည်။
“နာဂစ်လိုသာ ဖြစ်ခဲ့ပြီဆိုရင် ရန်ကုန်တိုင်းကို ဘာနဲ့ ကာကြမလဲ။ ရန်ကုန်တိုင်း ပြေးစရာနေရာ မရှိဘူး။ သူ့ကို ကာကွယ်ထားနိုင်တာ ဒီရေတာတွေပဲ ရှိတယ်။ ဒါဟာ ရေရှည်အတွက် အင်မတန် အရေးကြီးတယ်။ စားနပ်ရိက္ခာ ဖူလုံဖို့ အတွက်လည်း ဒီရေတောတွေက အင်မတန်အရေးကြီးတယ်” ဟု ဦးဝင်းမောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ခရမ်း၊ သုံးခွ၊ ကျောက်တန်းနှင့် ကွမ်းခြံကုန်းမြို့နယ်များရှိ မုတ္တမ ပင်လယ် ကမ်းတက်မြေများတွင် ဖွဲ့စည်းတည်ထောင်မည့် ဒီရေတော ကြိုးပြင်ကာကွယ်တော အကျယ်အဝန်းသည် ၄၃.၃၄ စတုရန်းမိုင် (အလျား ၃၅.၆၉ မိုင်နှင့် အနံ ၁.၄၈၇ မိုင်) ကျယ်ဝန်းကြောင်း တိုင်းသစ်တောဦးစီးဌာနမှ ထုတ်ပြန်ထား သည်။
You may also like these stories:
သစ်တော သိပ္ပံပညာရပ်ကို အခြေခံပြီး မူတွေ ချမှတ်ဖို့ လိုတယ်
ဖိလစ်ပိုင် ကျောင်းသားတိုင်း ဘွဲ့မယူခင် တယောက်ကို အပင် ၁၀ ပင် စိုက်ရမယ့် ဥပဒေသစ် ပြဌာန်း