အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ၏ ပါတီ စည်းကမ်း ထိန်းသိမ်းရေးဖြင့် အရေးယူခံထားရသည့် လွှတ်တော် ကိုယ် စားလှယ်များကို ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီ၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တော့မည် မဟုတ်ကြောင်း သိရသည်။
ပြည်သူလူထုနှင့် ဆက်ဆံရာတွင် မောက်မာသူများ၊ စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူခံထားရသူများကို ပါတီ ကိုယ်စားလှယ် အဖြစ် ရွေးချယ်တော့မည် မဟုတ်ဘဲ တင်းတင်းကျပ်ကျပ် စိစစ်မည် ဖြစ်ရာ လက်ရှိတွင် ကိုယ်စားလှယ် ၄၅ ဦးခန့် ရှိနေပြီ ဖြစ် ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ဒေါက်တာ မျိုးညွှန့်က“ကျနော်တို့က ပြည်သူနဲ့ ဆက်ဆံတဲ့အခါမှာ မောက်မာတဲ့ နောက် စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူ ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုတော့ ကျနော်တို့ ပြန်ပါလာမှာ မဟုတ်ပါဘူး။ ဒါကိုတော့ တင်းတင်းကျပ်ကျပ်ကို ကျနော်တို့ စိစစ်မှာပါ”ဟု ပြောသည်။
သို့သော် အရေးယူခံရသူများသည် အကြောင်းချင်းရာ ဖြစ်ရပ်တခုတည်းကိုသာ ကြည့်၍ အရေးယူခံသူများ ဖြစ်သဖြင့် ၎င်းတို့၏ နိုင်ငံရေး လုပ်ဆောင်ချက်များ၊ ပြည်သူလူထု၏ ထောက်ခံမှုများကိုမူ နောက်ပိုင်းတွင် ပြန်စဉ်းစားပေးရမည်ဟု NLD ပါတီ တာဝန် ရှိသူများက ပြောသည်။
“ပြည်သူနဲ့ ဆက်ဆံရာမှာ ပါတီဝင်တွေနဲ့ ဆက်ဆံရာမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတာ။ အလုပ်မှုဆောင်အဖွဲ့ နဲ့ ဆက်ဆံရာမှာ အဆင်မပြေတာ။ နောက်အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်တာ အဲဒါတွေမှာ ကျနော်တု့ိက အရေးယူတာ များပါတယ်။ ပါတီကို ဝေဖန်ရုံသက်သက်နဲ့တော့ ဘယ်တော့မှ အရေးမယူပါဘူး”ဟု ဒေါက်တာ မျိုးညွှန့်က ပြောသည်။
ပါတီက ကိုယ်စားလှယ်များနှင့် ပတ်သက်၍ စဉ်းစားသည်မှာ စည်းကမ်းချိုးဖောက်သူကို ပြန်ရွေးချယ်မည်ဆိုပါက နောက်ထပ် စည်းကမ်း ချိုးဖောက်မှုများ ပိုများလာနိုင်ကြောင်း၊ ထို့ကြောင့် ယခုလို ထုတ်ပြောခြင်း ဖြစ်နိုင်ကြောင်း NLD ပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
“အတိုင်ပင်ခံနဲ့ ကျနော်တို့ တွေ့ခဲတုန်းက သိပ်မကြာခင်က ပြောတာကတော့ ပြည်သူလူထုက အရေးကြီးတယ်ပေါ့။ ပြည်သူလူထုကို မျက်နှာမူရမယ်။ ကိုယ်စားလှယ် ပြန်ဖြစ်ချင်တယ်ဆိုရင် အပေါ်ပိုင်းမှာ လာပြီးတော့ တွယ်ကပ်နေတဲ့ ကိုယ်စားလှယ်မျိုး မလိုချင် ဘူး။ အောက်ခြေက ပြည်သူကို မျက်နှာမူတဲ့ ပြည်သူကြိုက်တဲ့ ကိုယ်စားလှယ်မျိုးမှ ပါတီက စဉ်းစားမယ်ပေါ့။ ဒီလိုမျိုး ကျနော်တို့ကို တိုက်ရိုက် ပြောခဲ့ဖူးတယ်”ဟု မင်္ဂလာဒုံမြို့ နယ် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအောင်လှိုင်ဝင်းက ပြောသည်။
NLD ပါတီ အနေဖြင့် ကိုယ်စားလှယ် ရွေးချယ်ရေးတွင် တိကျသည့် မူဝါဒ အပေါ်တွင် အခြေခံပြီး ကျောသားရင်သား မခွဲခြားဘဲ ဆရာတပည့် မခွဲခြားဘဲ ရွေးချယ်နိုင်ရန် လိုအပ်ကြောင်း၊ ကိုယ်စားလှယ်လောင်းများသည် အောက်ခြေ ပြည်သူလူထုမှ ရွေးချယ်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
“မြို့နယ် အဆင့်မှာ နာမည်ကောင်းတဲ့ အများပြည်သူသိတဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်”ဟု ၎င်းက ပြောသည်။
NLD ပါတီ အာဏာရစဉ် ၂၀၁၆ အစောပိုင်း ကတည်းကပင် နှုတ်ဖြင့်၊ စာဖြင့် သတိပေးခံရသည့် ကိုယ်စားလှယ်များလည်း ရှိပြီး ယခင်က ယင်းသို့ အရေးယူမှု တာဝန်ကို NLD ပါတီတွင် သြဇာရှိသူ တဦးဖြစ်သည့် ဦးဝင်းထိန်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဦးဝင်းထိန်သည် NLD ပါတီ၏ သဘာပတိ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက် ရှိသည်။
NLD အနေဖြင့် ပါတီစည်းကမ်းထိန်းသိမ်းရေး ပိုမိုကောင်းမွန်လာစေရန် ပါတီဝင်ကတ်များကို စနစ်တကျ ပြန်စိစစ်နိုင်ရေး ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း၊ ကတ်စနစ်ကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲနိုင်ရန် ယနေ့ ကျင်းပသည့် ပါတီ ဗဟို အလုပ်မှုဆောင် အ စည်းအဝေး တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“နောက်ကျနော်တို့ ပါတီ စည်းကမ်းထိန်းသိမ်းရေးနဲ့ လွှတ်တော် ကိုယ်စားလှယ် တိုင်ကြားစာဌာန ကတော့ စာပေါင်း ၂၄ စောင် တင်ပါတယ်။ ကျနော်တို့ ၃ ခု ကိုတော့ ကျနော်တို့ အရေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ”ဟု NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာ မျိုးညွှန့်က ပြောသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီး သီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
အမျိုးသမီများ နိုင်ငံရေးတွင် ပါဝင်မှု NLD အစိုးရလက်ထက် အားနည်းလာ
ပါတီ၏ ပိုင်ဆိုင်မှုများ နိုင်ငံပိုင် ဆိုသည့် စွပ်စွဲချက် ကြံ့ခိုင်ရေး ပယ်ချ
လွှတ်တော် ရုပ်သံလိုင်း ပြတ်တောက်မှု ပြန်ကြားရေး ဝန်ကြီး တာဝန်ခံရန် ကြံ့ခိုင်ရေးပါတီ ပြော