သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောသည်။
၎င်းက“အင်မတန် အရည်အချင်း ရှိတဲ့သူတွေကို တိုင်းပြည်အတွက် ဆက်ပြီးတော့ သူတို့ရဲ့လုပ်အားကိုလိုအပ်ပါတယ်။ ကျနော်တို့ လို အပ်ပါတယ်။ ဟုတ်ပါတယ်၊ ဆက်ပြီး အရွေးခံပါမယ်”ဟု နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် ဇွန်လ ၈ ရက် က ပြုလုပ်သော NLD ပါတီ ဗဟို အလုပ်အမှုဆောင် (CEC) အစည်းအဝေး အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဒေါက်တာ မျိုးညွန့်က ပြန်လည် ဖြေကြားခဲ့သည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အနေဖြင့် ၎င်းတို့ ၏ မဲဆန္ဒနယ်များတွင် မဲ ဆွယ်ခွင့် ရှိသဖြင့် မဲဆွယ် စည်းရုံးရေး လုပ်ပိုင်ခွင့် ရှိကြောင်း၊ တပြည်လုံး အနေဖြင့် မဲဆွယ်မည်ဆိုပါက အုပ်ချုပ်ရေး ပိုင်းအရ ထိပ်ပိုင်း တာဝန်များကို စွန့်လွှတ်မည် ဖြစ်ကြောင်း လည်း ဒေါက်တာ မျိုး ညွန့်က ဆက်ပြောသည်။
သို့သော် နိုင်ငံတော် အကြီးအကဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကိုမူ ဒေါက်တာ မျိုးညွှန့်က အတိအကျ ပြောကြား ခြင်း မရှိခဲ့ပေ။
၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံတော် အကြီးအကဲများ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု တရားဝင် ကြေညာလိုက်ခြင်းသည် NLD အနေဖြင့် အနိုင်ရရှိမည်ဟု ယုံကြည်ချက် ရှိသဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူလူထုက တင်မြှောက်သည့် အစိုးရ ကို တည်ဆောက်မည် ဆိုသည့် အချက် ပြချင်၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးရဲထွန်းက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး ပါတီ မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ ကလည်း “သူတို့ရဲ့ ထင်ကြေးက သူတို့ ထင်နိုင်တယ်။ အစ်မတို့ကလည်း ၂၀၂၀ မှာ အစ်မတို့ ပါတီ အောင်နိုင်မယ်၊ အစ်မတို့ ပါတီ ဥက္ကဋ္ဌ ကို သမ္မတ ဖြစ်မယ်လို့ အစ်မတို့ ယုံကြည်တယ်။ ဒါ အစ်မတို့ ယုံကြည်ချက်ပဲ”ဟု ပြောဆိုသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ ဦးဝင်းမြင့် သည် တာမွေမြို့နယ်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်မှ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ဦးရဲထွန်းက “နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ တပြည်လုံးမှာ သွားခွင့်ရှိတယ်။ တပြည်လုံးမှာ လူထုနဲ့တွေ့ဆုံပွဲ ကိစ္စ မျိုးတွေ လုပ်ရင်းနဲ့ အစိုးရရဲ့ ကိစ္စတွေ ဆောင်ရွက်တာမျိုုးတွေ လုပ်နိုင်တယ်။ တကယ် လို့ NLD ကို မဲထည့်ကြပါလို့ ပွင့်ပွင့် လင်းလင်း တိုက်တွန်းလိုက်ရင်တော့ တာဝန်ကနေ နုတ်ထွက်ရမယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း နိုင်ငံတော်သမ္မတ အနေဖြင့် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် တာမွေ မဲဆန္ဒနယ်သို့ ကိုယ်တိုင်သွားရောက် မဲပေးခဲ့သကဲ့သို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ၎င်း၏ မဲဆန္ဒနယ်တွင် ကြိုတင် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုဖြစ်ရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်ပြီး မတရားသော နည်းလမ်းဖြင့် အနိုင်ရခြင်းထက် တရားသဖြင့် ရှုံးနိမ့်ခြင်းကို လက်ခံမည့် စနစ်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ မျိုးညွှန့်က ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်တွင်လည်း NLD ပါတီမှ အမာခံများသာ ထည့်သွင်းထားခြင်း မဟုတ်ဘဲ ယခင် လူဟောင်း များ နှင့် ဖွဲ့စည်းထားကြောင်း၊ ကော်မရှင်ကို သမာသမတ်ရှိသည့် အဖွဲ့အစည်း တခုဖြစ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဒေါက်တာ မျိုးညွှန့်က ဆိုသည်။
ဆက်လက်၍ NLD ပါတီ အနေဖြင့် ပြည်သူလူထု ပါတီဝင်များ နှင့် ဆက်ဆံရာတွင် မောက်မာမှုများ၊ အုပ်ချုပ်ရေး ပိုင်းတွင် ဝင်ရောက် စွက်ဖက်ခြင်းများ အစရှိသည့် အကြောင်းအခြင်းများကြောင့် ပါတီဝင် ၄၅ ဦးကျော်ကို အရေးယူထားကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် အဆိုပါ အရေးယူ ခံထားရသူများ ပြန်ပါလာမည် မဟုတ်တော့ကြောင်းလည်း ဒေါက်တာ မျိုးညွှန့်က ဆက်ပြောသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ နိုဝင်ဘာ လအတွင်း ကျင်းပနိုင်ဖွယ် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
You may also like these stories:
လုပ်ငန်းရှင်များ ပေးသော ကျန်းမာရေး စောင့်ရှောက်မှု သမ္မတနှင့် အတိုင်ပင်ခံတို့ လက်မခံ
ပါတီ စည်းကမ်းဖြင့် အရေးယူခံရသူများ ကိုယ်စားလှယ် ပြန်မဖြစ်နိုင်တော့ဟု NLD ပြော
မဲစာရင်း ပြုစုသည့် UEC အဖွဲ့ဝင်များ အမှားပါလျှင် တာဝန်ယူရမည်ဟု ဆို
သမ္မတ လွတ်ငြိမ်းခွင့် အပေါ် ဝေဖန်မှုများ သေချာ လေ့လာ၍ ပြောရန် သမ္မတရုံး သတိပေး