သတင်း

ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်စခန်း တပ်မတော် ဝိုင်းထား

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ပေါက်တောပြင် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ထားသော စစ်ဘေး ရှောင် စခန်းအား တပ်မတော်က လာရောက် ဝိုင်းထားကြောင်း သတင်း ရရှိသည်။

အဆိုပါ စစ်ဘေးရှောင် စခန်းကို ယနေ့ ဇွန်လ ၁၀ ရက် မနက်ပိုင်း၌ တပ်မ ၂၂ တံဆိပ်ပါ တပ်မတော်သားများက အထက် အမိန့်အရ ဟု ဆိုကာ စစ်ဆေးရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ယင်း စစ်ဘေးရှောင်အရေးကို ကူညီ ဆောင်ရွက် ပေးနေ သူ သဘာဝ နဒီ ဆရာတော်က မိန့်သည်။

သဘာဝနဒီ ဆရာတော်က “ဒီနေ့ မနက်ပိုင်းမှာ တပ်က အထက် အမိန့်အရ ဆိုပြီးတော့ စစ်ဘေးရှောင်တွေကို စစ်ဆေးဖို့ လာတယ်။ စစ်ဆေးမယ် ဆိုရင် အရပ်ဝတ်နဲ့ ဝင်စစ်ဆေးပါ။ ယူနီဖောင်း ဝတ်ပြီး သေနတ်တွေနဲ့ ဆိုရင် ကြောက်လို့ ပြေးလာတဲ့ လူတွေက ကြောက်စိတ်တွေ ပိုကြီးသွားမယ်။ ပြီးရင် ဒီနယ်မြေက သာသနာ့မြေ ဖြစ်တယ်။ ပုဆိုး၊ အင်္ကျီတွေ မပါရင် ကိုယ်တော်တို့ ပေးမယ်၊ သေနတ်ကိုင်ပြီး ဝင်စစ်မှာကိုတော့ ခွင့်မပြုနိုင်ဘူးလို့ ပြောထားပါတယ်”ဟု ဧရာဝတီသို့ မိန့်သည်။

တပ်မတော်သားများနှင့် အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၆ ဦးလည်း ပါဝင်လာကြောင်း၊ လက်ရှိ အချိန်တွင် ဘုန်းကြီး ကျောင်းဝင်းတံခါးအား ပိတ်ထားသည့် အတွက် တပ်မတော်သားများ ကျောင်းပတ်လည်၌ ဝိုင်းထားပြီး ကျောင်းအနီးရှိ တောင်ကုန်းများတွင်လည်း နေရာယူထားကြောင်းလည်း သိရသည်။

ဆက်လက်၍ ဆရာတော်က “တပ်က အဖွဲ့တွေ ရွာကို ရောက်တာက ဒီလ ၅ ရက်ကတည်းက စာသင်ကျောင်းထဲမှာ ရောက်နေကြတာ။ တခြားနေ့တွေမှာဆို တပ်က အဖွဲ့တွေ အရပ်ဝတ်နဲ့ လာပြီးတော့ ဒုက္ခသည်တွေက ဘယ်က လာကြ တာလဲ၊ စာရင်းတွေ ယူပြီး ပြန်သွားတယ်။ ဒီနေ့မှ ယူနီဖောင်းတွေနဲ့ ဝင်ပြီး စစ်ဆေးမယ် ဆိုတော့ ခွင့်မပြုနိုင်ဘူး” ဟု ဆက်လက် မိန့်ကြားသည်။

ပေါက်တောပြင်ရွာရှိ စစ်ဘေးရှောင် စခန်းအား စစ်ဆေးမည့် ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ အခြေအနေကို မသိရသေးကြောင်း ပြောဆိုသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ရာ “တိုက်ပွဲ ဖြစ်တဲ့နေရာက တိုက်ပွဲရှောင် အဖွဲ့တွေ အဲဒီနေရာကို ရောက်နေတယ်။ အဲဒီနေရာမှာ ရက္ခိုင်စစ်တပ် (AA) အဖွဲ့တွေ အရပ်သား အသွင် ယူပြီးတော့ နေထိုင်ခြင်း ရှိ မရှိ ဆိုတာကို သိချင်လို့ စစ်ဆေးမှုတွေ လုပ်တာပါ။ အချိန်အားလို့ စစ်နေတာ မဟုတ်ဘူး။ လိုအပ်ချက် အရ စစ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ တပ်မတော်က စစ်ဆေးရန် သွားရောက်ရာတွင် ဘုန်းကြီးကျောင်းထဲသို့ ဝင်ခွင့် မပြုဘဲ တံခါး ပိတ်ထားသည့် အတွက် နှစ်ဖက် အခြေအနေ တင်းမာလျက် ရှိကြောင်းလည်း သိရသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ “စစ်ဆေးရေး အဖွဲ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပါလာတဲ့ အတွက် အဲဒီအပေါ် ရဲတပ်ဖွဲ့က ဆက်လုပ်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပုဏ္ဏားကျွန်း မြို့နယ် အတွင်း တပ်မတော်နှင့် AA တို့ နှစ်ဘက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဂန့်ဂါ၊ အဘောင်တောင်၊ စေတီပြင်၊ ရဟတ်တောင်၊ ကန်ချောင်း၊ ခနောင်းကြီး၊ ဖောင်ဆိတ် စသည့် ကျေးရွာ ၇ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်လာကြ သဖြင့် ဇွန်လ ၂ ရက်တွင် အဆိုပါ စစ်ဘေးရှောင် စခန်းကို ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင် စခန်း စတင်ဖွင့်သည့် အချိန်တွင် လူပေါင်း ၃၀၀၀ ကျော် အထိ ရှိခဲ့သော်လည်း ရွာသား တချို့မှာ အိမ်ပြန် သွားကြ သဖြင့် လက်ရှိ အချိန်တွင် ၈၀၀ နီးပါး ခိုလှုံလျက်  ရှိသည်။
ဇွန်လ ၅ ရက်ကလည်း ပုဏ္ဏားကျွန်း မြို့နယ် ဂဏန်းမဲကျေးရွာ အတွင်းသို့  လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲသောကြောင့် ရွာသား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်ပုဏ္ဏားကျွန်း ဂဏန်းမဲရွာထဲ လက်နက်ကြီးကျ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ 

Did you find apk for android? You can find new Free Android Games and apps.
Loading