ဝရမ်းထုတ်ထားသူ မိုက်ကယ်ကျော်မြင့်အား ဝမ်းတွင်းမြို့နယ်၊ ဖလမ်းကျင်းကျေးရွာရှိ ၎င်း၏ ယောက္ခမဖြစ်သူ နေအိမ် တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်က ဧရာဝတီသို့ အတည်ပြုပြောသည်။
ယောက္ခမဖြစ်သူထံ မိုက်ကယ်ကျော်မြင့် လာရောက်တည်းခိုနေကြောင်း ပြည်သူတဦး၏ သတင်းပေးချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ၎င်းအား မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့တွင် ဖမ်းဆီးထိန်းသိမ်းထားကာ အမှုစွဲထားရာ ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံရဲစခန်းသို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။
မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူများအနေဖြင့် မေလ ၁၅ ရက်နေ့ညနှင့် ၁၆ ရက်နေ့ညများတွင် တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက်၊ ၆၄ ရပ်ကွက်၊ ၁၀၆ ရပ်ကွက်တို့ရှိ ဘာသာရေးဝတ်ပြုနေရာများအား ဝတ်ပြုခြင်းမပြုရန် ဝင်ရောက်တာမြစ်မှုများ ပြုလုပ်ခဲ့သည်။
ထိုလုပ်ဆောင်မှုကြောင့် ဦးဆောင်သူ မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင် ဆိုသူတို့အား အစိုးရအား အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
ဝရမ်းထုတ်ခံရခြင်းနှင့်ပတ်သက်ပြီး သီဟမျိုးနိုင်ဆိုသူက ဇွန်လ ၆ ရက်နေ့က ၎င်းကိုယ်တိုင် ရဲစခန်းသို့လာရောာက်ကာ အဖမ်းခံခဲ့သည်။