သတင်း

အမေရိကန် Free Burma Rangers အဖွဲ့ ရခိုင်သို့ အဝင်မခံဟု တပ်မတော် ပြော

အမေရိကန် စစ်ပြန်ဟောင်းများဖြင့် ဦးဆောင် ဖွဲ့စည်းထားသည့် Free Burma Rangers အဖွဲ့ ရခိုင်ပြည်နယ်သို့ ဝင်၍ စစ်ရှောင် ဒုက္ခသည်များကို ကူညီမည်ဟု ပြောဆိုလာသည့် အပေါ် ရခိုင်သို့ အဝင်ခံမည် မဟုတ်ကြောင်း တပ်မတော် ၏ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

Free Burma Rangers ဆိုသည့် အဖွဲ့ ရခိုင်ကို ဝင်မည်ဟု RFA သတင်းဌာနတွင် လွှင့်သွားကြောင်း၊ ယင်းအဖွဲ့သည် ကရင်ပြည်နယ်သို့လည်း ဝင်ခဲ့ဖူးပြီး ဒုက္ခသည်များကို ကူညီမည် အကြောင်းပြ၍ လက်တွေ့၌ ကရင်အမျိုးသား အစည်း အရုံး (KNU) နှင့် ပူးပေါင်းကာ စစ်သင်တန်းများ ပေးခဲ့သည့် ဖြစ်စဉ်မျိုး ရှိကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောဆိုသည်။

၎င်းက“အဲဒီအဖွဲ့ကို ထောက်ခံဖို့ ရခိုင်လူမှုကွန်ရက်တွေမှာ တက်နေတာ တွေ့တယ်။ ဒါကတော့ အန္တရာယ်များတဲ့ အလုပ် တွေပဲ။ ပိုပြီးတော့မှ ဆိုးသွားနိုင်တဲ့ အလားအလာ ရှိတယ်။ အဲဒီအဖွဲ့လာလို့ ပိုကောင်းလာစရာ အကြောင်းတော့ မရှိပါ ဘူး။ အစိုးရကလည်း ခွင့်ပြုစရာ အကြောင်းမရှိဘူး။ ဒီအဖွဲ့က တရားဝင် INGO အဖွဲ့အစည်းလည်း မဟုတ်ဘူး”ဟု ဆက်ပြောသည်။

Free Burma Rangers အဖွဲ့မှ ညွှန်ကြားရေးမှူး David Eubank က ၎င်းတို့အဖွဲ့ အနေဖြင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲ များကြား ဒုက္ခရောက်နေသူများကို အကူအညီ ပေးမည် ဖြစ်ပြီး ယခုအခါ ၎င်းတို့၏ ရခိုင် အဖွဲ့ခွဲက လုပ်ငန်းများ လုပ် ဆောင်နေပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၇ ရက်က RFA သတင်းဌာနကို ပြောဆိုခဲ့သည်။

ညွှန်ကြားရေးမှူး David Eubank က“ကျနော်တိုရဲ့ အခန်းကဏ္ဍကတော့ ဒီဒုက္ခသည်တွေကို ကူညီပေးဖို့ပါပဲ။ သူတို့ တွေဟာ ဘယ်ကပဲ ဖြစ်ဖြစ်၊ ဘယ်သူတွေပဲ ဖြစ်ဖြစ်၊ ကူညီပေးသွားမှာပါ။ Free Burma Rangers အဖွဲ့ရဲ့ရခိုင်အဖွဲ့ခွဲက လုပ်ဆောင်နေပါပြီ”ဟု ပြောကြားသွားသည်။

ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ယင်းအဖွဲ့သည် ဒုက္ခသည်များကို ဆေးဝါးကုသမှု အပါအဝင် လိုအပ်သည့် အကူ အညီများ ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ထူထောင်ထားသည်မှာ ၂၅ နှစ်ရှိခဲ့ပြီ ဖြစ်ပြီး အမေရိကန် အထူးတပ်ဖွဲ့ ဝင်ဟောင်းများ ကိုယ်တိုင် လေ့ကျင့်ပေးထားသည့် Free Burma Rangers အဖွဲ့ ခွဲပေါင်း ၃၀၀ ဝန်းကျင်တွင် အဖွဲ့ ၇၀ က လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်၍“ဗီယက်နမ်က စစ်ပြန်တွေနဲ့ ဖွဲ့ထားတာ။ ပြောရရင်တော့ စစ်သွေးကြွတွေပါပဲ။ KNU အဖွဲ့ကိုလည်း စစ်သင်တန်းတွေ ပေးတယ်။ တချို့ဟာတွေကတော့ တရားဝင် သတင်း ရရှိတာတွေက တချို့ဟာ တွေကို ဝင်ပြီး စမ်းသပ်ခိုင်းတာပေါ့လေ။ စမ်းသပ်ခိုင်းတယ် ဆိုတာက စခန်းတွေကို ဝင်တိုက်ခိုင်းတာတို့ ဝင်ပြီး လုပ် ခိုင်းတာတို့ အဲဒါတွေ ခိုင်းတာတွေ ရှိတယ်။ သူတို့က ငွေကြေး ထောက်ပံ့ သင်တန်းပေးတာတွေ လုပ်တယ်။ အဲဒီလို လုပ်တဲ့ အခါမှာ ပိုပြီးတော့ ပဋိပက္ခ ကြီးထွားလာတယ်”ဟု ပြောသည်။

Free Burma Rangers အဖွဲ့ အနေဖြင့် ရခိုင်ပြည်နယ်သို့ ကူညီလိုပါက ရခိုင်တွင် ကူညီနေပြီးသား ဖြစ်သည့် ကုလသ မဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ ဒုက္ခသည်ဟု ဆိုရာတွင် ဘင်္ဂါလီ သို့မဟုတ် ရခိုင် မည် သည့် ဒုက္ခသည်များကို ကူညီမှာလဲ ဆိုသည်ကလည်း မရှင်းလင်းသေးကြောင်း ရခိုင် အမျိုးသား ပါတီ (ANP) မှ တာဝန်ရှိသူ ဦးဖေသန်း က ပြောဆိုသည်။

မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် ဦးဖေသန်းက“ဘယ်လိုပဲလာလာ ရခိုင်စစ်မီး ပိုတောက်လာမယ့် ဟာမျိုး ဆိုရင်တော့ လက်မခံနိုင်ဘူး။ စစ်ရေး အကူအညီတွေ ပေးတယ် ဆိုပြီး နာမည် ထွက်နေတဲ့ အဖွဲ့အစည်း တခု အနေနဲ့တော့ ရိုးသားတယ် ဆိုရင် တခြား အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်သင့်တယ်။ ဒီဘက် က စိုးရိမ်ရတဲ့ ပုံစံမျိုး မြင်ရရင်တော့ ဒီအပေါ်မှာ ကျနော်တို့ ပါတီအနေနဲ့ရော၊ လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ပါ စောင့်ကြည့်ပါမယ်”ဟု ပြောသည်။

Free Burma Rangers အဖွဲ့ ဝင်ရောက်လာပါက ပြည်သူ လူထု အနေဖြင့် သတိပြုသင့်ပြီး အားပေးအားမြှောက် မလုပ် သင့်ကြောင်း၊ ၎င်းတို့ အဖွဲ့သည် IS စစ်သွေးကြွ နှိမ်နင်းရေး လုပ်ငန်းစဉ်တွင် ပါခဲ့သည် ဆိုသော်လည်း မယုံကြည် ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အပြီးတွင် ယခုအခါ ရခိုင်ပြည်နယ်သို့ ဦးတည်နေသည်ဟု တရားဝင် ထုတ်ပြန်လာ ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောဆိုသည်။

Free Burma Rangers အဖွဲ့မှ ဒါရိုက်တာ David Eubank ကမူ“မြန်မာပြည်မှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက တက်လာပေမယ့် တပ်မတော်က တကယ် အာဏာ ရှိနေတာပါ။ မြန်မာ ပြည်သူတွေ လိုအပ်နေသေးတဲ့ အပြောင်းအလဲတွေ ဒေါ်အောင်ဆန်းစုကြည် မဖော်ဆောင်နိုင်သေးပါဘူး။ ကျနော် သူ့အတွက် ဆုတောင်းပေးပါတယ်”ဟု RFA ကို ပြောကြားသွားသည်။

လက်ရှိ အချိန်တွင် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက် ဦး၊ မင်းပြား စသည့် မြို့နယ် ၇ ခုအတွင်း စစ်ဘေးရှောင် စခန်း ၆၆ ခု ရှိပြီး စစ်ရှောင်ဦးရေ ၃၄၀၀၀ ကျော် ဘေးဒုက္ခ နှင့် ကြုံတွေ့နေရကြောင်း အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ပလက်ဝ မြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား ၂၀၁၈ ခုနှစ် နိုဝင် ဘာ ၃၀ မှ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများ လျှော့ချနိုင်ရေးနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက် ရမည်ဟု အစိုးရနှင့် AA တို့ ၂ဖက်စလုံးက ပြောဆိုနေသော်လည်း လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါ။

တပ်မတော်နှင့် AA အဖွဲ့တို့ကြား တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှုများလည်း တိုးပွားလာနေပြီး အစိုးရကမူ AA အဖွဲ့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲသို့ ပါဝင်လာစေရန် မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှု များ တဆင့် ကြိုးစားလျက် ရှိကြောင်း သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့် တပတ်က မီဒီယာများသို့ ထုတ်ဖော် ပြောဆိုထားသည်။

You may also like these stories:

ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်စခန်း တပ်မတော် ဝိုင်းထား

တပ်မတော်နှင့် AA ကြား Bilateral စာချုပ် ချုပ်ဖြစ်နိုင်မလား

ပလက်ဝ ဒေသခံများ၏ ဆန်အိတ် ၁၀၀ ကျော် AA အဖွဲ့ လုယူသွား

အင်းဒင် လူသတ်မှုမှ တပ်မတော်သားများ လွှတ်ပေးမှု သမ္မတရုံးသို့ ကြိုတင် အသိပေးခဲ့ခြင်း မရှိ

Loading