သတင်း

ဖြိုးကိုကိုတင့်ဆန်း အမှု ယခုနှစ်အတွင်း အပြီးသတ်နိုင်ဟု ရှေ့နေပြော

Want create site? Find Free WordPress Themes and plugins.

မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိသော ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုကို ယခုနှစ်အတွင်း အပြီးသတ် အမိန့်ချနိုင်ကြောင်း ၎င်း၏ ရှေ့နေ ဖြစ်သူ ဦးမြင့်အောင်က ယနေ့ နေပြည်တော်တွင် ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က “ဒီနှစ်ထဲမှာ ပြီးနိုင်ပါတယ်။ စစ်ဆေးဖို့ ရန်ကုန်က သက်သေ ၄၀ ကျော် ကျန်သေးတယ်။ အဲဒါတွေ ပြီးသွားရင် တရားခံတွေ စစ်မယ်။ ပြီးရင် တရားခံပြ သက်သေတွေ စစ်မှာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက်အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ စစ်ဆေးမှု ပြုလုပ်ရာတွင် အချိန် ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ရုံးချိန်း သတ်မှတ်ရက်တွင် သက်သေ များ၊ နှစ်ဘက် ရှေ့နေနှင့် တရားသူကြီး အားလုံး ဆုံမှ တရားခွင် အတွင်း စစ်ဆေးမှု ပြုလုပ်ရသောကြောင့် သက်သေများ ပျက်ကွက် ပါကလည်း ရုံးချိန်း ပျက်ကွက်မှုများ ရှိကြောင်း ဒက္ခိဏခရိုင်တရားရုံးမှ သိရသည်။

ယနေ့ စစ်ဆေးသည့် တရားခွင်တွင် တရားလိုပြ သက်သေဖြစ်သူ ရဲအုပ်သောင်းနိုင်အား “ယခုအမှုတွင် တရားခံ ဖြိုးကိုကိုတင့်ဆန်း၊ ရဲ မင်းဆွေ၊ ဇော်ဝင်းထိုက် တို့ကို အမှုဖြင့် စစ်ဆေးခဲ့သည့် ကာလအတွင်း၌ မူးယစ်ဆေးဝါးများ၊ လက်နက်များ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းမှုမရှိဟု ဆိုလ ျှင် မှန်ပါသလား” ဟု ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေ ဖြစ်သူက တရားခွင်တွင် မေးခွန်းထုတ်ခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ နှင့် ဇော်ဝင်းထိုက်တို့ ၃ ဦးကို လေယာဉ်ကွင်း တွင် အဖမ်းမခံရခင် ကာလအတွင်း ၎င်းတို့ ၃ ဦး၏ စီးပွားရေး လုပ်ငန်းများ၊ နိုင်ငံ အတွက် ဆောင်ရွက်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အသိအမှတ်ပြု ရွှေတံဆိပ်များအကြောင်း အသေးစိတ် လုပ်ဆောင်ချက်များကိုလည်း မေးခွန်းထုတ်ခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများကို တပေါင်းတည်း စစ်ဆေးရန် တရားလွှတ်တော်ချုပ်ရုံးက ဆုံးဖြတ်လိုက်သည့် အတွက် ရန်ကုန် အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူများကို နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ပြီး အမှုတွဲများကို နေပြည်တော်မှ အမှုတွဲ၊ ရန်ကုန်မှ အမှုတွဲ တလှည့်စီ စစ်ဆေးလျက်ရှိသည်။

ထိုသို့ အပတ်စဉ် အမှုများကို အလှည့်ကျ စစ်ဆေးမည်ဟု ရုံးချိန်းရက် သတ်မှတ်ထားသော်လည်း ရုံးထုတ် စစ်ဆေးရန် ပျက်ကွက်မှုများ ရှိနေကြောင်း တွေ့ရှိရသည်။

ဒက္ခိဏ ခရိုင်တရားသူကြီး ဦးတင့်လွင်က “ ရန်ကုန်အမှုက အရေးကြီးတဲ့ သက်သေတွေ စစ်ဖို့ ကျန်သေးတယ်” သတင်းထောက်များကို  ပြောသည်။

ထိုသို့ ပြန်ခေါ် သက်သေများကို စစ်ဆေးရာတွင် အချိန်ကြန့်ကြာမှုများ ရှိနေသဖြင့် တပတ်လျှင် ပုံမှန် တနင်္လာ တရက် စစ်ဆေးရာမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စတင်၍ တပတ်လျှင် ပုံမှန် တနင်္လာနှင့် အင်္ဂါနေ့များအဖြစ် ၂ ရက် တိုး၍ စစ်ဆေးလျက်ရှိသည်။

တပတ်ကို တရက် စစ်ဆေးရာမှ ၂ ရက်တိုး၍ စစ်ဆေးရခြင်းမှာ အမှု ကြန့်ကြာမှု မရှိစေရန် အတွက် စစ်ဆေးရခြင်း ဖြစ်ကြောင်း ဦးမြင့်အောင်က ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် တုပ သုံးစွဲမှု၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ပုဒ်မ တို့ဖြင့် အမှုပေါင်း ၂၀ ကျော် စွဲဆိုထားခြင်း ဖြစ်သည်။

ထိုသို့ တရားလိုပြ သက်သေများကို စစ်ဆေးရန် ကျန်ရှိနေသော်လည်း ဖေဖော်ဝါရီလ အတွင်းက ကြားဖြတ် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ စွဲချက်တင်ပြီး အမှုကို ပြန်လည် စစ်ဆေးရာ ဥပဒေ လမ်းကြောင်း အရ ပြန်ခေါ် သက်သေများကို ဖေဖော်ဝါရီလ အတွင်းမှ စတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြန်ခေါ်သက်သေ ၆၀ ကျော်ကို စစ်ဆေးခဲ့ရာ ဧပြီ ၂၂ ရက်နေ့တွင် အပြီးသတ် စစ်ဆေး ခဲ့ခြင်း ဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်း အမှု ကြာမြင့်နေရသည်မှာ နေပြည်တော်တရားရုံးများတွင် Case Management Program (CMP) စီမံ ခန့်ခွဲသည့်စီ မံချက်များ မရှိသည့် အတွက်ကြန့်ကြာနေကြောင်း ရှေ့နေ အသိုင်းအဝိုင်းက သုံးသပ်ပြောကြားသည်။

ရန်ကုန်၊ မန္တလေးနှင့် ပဲခူး မြို့ကြီးတို့ရှိ တရားရုံးများတွင် ၂၀၁၇ ခုနှစ်မှ စ၍၊ အဆိုပါ စီမံချက်ရှိခြင်းအားဖြင့် တရားရုံးသို့ အမှုများ ရောက်ရှိလာပါက အမှုများကို အဆင့် ၃ ဆင့်ခွဲ၍ သတ်မှတ်ထားကြောင်း၊ CMP ရှိပါက အကုန်လုံးအတွက် တင်းကြပ်သွား၍ CMP ရှိသည့် နေရာများတွင် ရှေ့နေများလည်း ညည်းကြောင်း၊ ရုံးချိန်း ကို ကြိုချိန်းပြီး သတ်မှတ်ရခြင်းဖြစ်ခြင်းကြောင့် ရုံးချိန်းရက်တွင် မဖြစ်မနေ ရုံးကိုလာရကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

ဆက်စပ်ဖတ်ရှုရန်–  ဖြိုးကိုကိုတင့်ဆန်း အမှု ပြန်ခေါ် သက်သေ အားလုံး စစ်ဆေးပြီး

Did you find apk for android? You can find new Free Android Games and apps.
Loading