ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် လုံခြုံရေးယူထားသည့် တပ်မတော်သားများ၏ ပစ်ခတ်မှုကြောင့် ကျေးရွာသားများ ဒဏ်ရာရ၊ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆိုပါဒေသအထိ သွားရောက် စုံစမ်းစစ်ဆေးခဲ့သည့် တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံသို့ ဇွန် ၁၀ ရက်နေ့က အကြံပြုစာပေးပို့လိုက်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကျောက်တန်းကျေးရွာတွင် တပ်မတော်၏ တရားစွဲဆိုခံနေရသည့် ကျေးရွာသား ၈ ဦးနှင့် ၎င်းတို့၏ မိသားစု၊ ဆွေမျိုးများ၊ ဒဏ်ရာရသူများ အပါအဝင် ကျေးရွာသား ၆ ဦး၊ တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ၇ ဦးတို့၏ မိသားစုနှင့် ဆွေမျိုးများ၊ အဆိုပါဒေသတွင် လုံခြုံရေး တာဝန်ယူခဲ့သည့် တပ်ရင်းမှူးအပါအဝင် တပ်မတော်သား ၈ ဦး၊ သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည့် ဆရာဝန်များအားလုံး လူ ၃၀ ကျော်ကို တွေ့ဆုံမေးမြန်း စစ်ဆေးခဲ့သည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးဘုန်းကြွယ်က ပြောသည်။
ဦးဘုန်းကြွယ်က “သမ္မတထံကို ပေးပို့လိုက်တဲ့ စာမှာ အဓိက ကျတာက နောင်မှာ ဒီလိုဒေသမျိုးတွေမှာ အပြစ်မဲ့တဲ့ ဒေသခံတွေ ဒဏ်ရာရတာ၊ ထိခိုက်သေဆုံးတာ၊ နေရပ်ကိုစွန့်ခွာကြရတာ၊ ကြောင့်ကြမှုတွေဖြစ်ရတာမျိုး နောက်ထပ် မဖြစ်အောင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးက ဘယ်လိုလုပ်သင့်သလဲဆိုတာကို ကျနော်တို့ စုံစမ်းစစ်ဆေးချက်တွေပေါ် မူတည်ပြီး အကြံပြုခဲ့ပါတယ်” ဟု ဆိုသည်။
ကျောက်တန်းကျေးရွာသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ အပါအဝင် ရသေ့တောင် မြို့နယ်နှင့် သက်ဆိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များပါ ပူးပေါင်းပြီး အခင်းဖြစ်ပျက်ခဲ့သည့် ကျေးရွာအထိ ၃ ရက်ကြာ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဘက်ကမူ သမ္မတထံ ပေးပို့သည့် အကြံပြုချက်များနှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါ။ နိုင်ငံတော်လျှို့ဝှက်အဆင့်ဖြစ်သည့်အတွက် အများပြည်သူများကို မည်ကဲ့သို့ ထုတ်ပြန်ကာ အသိပေးမည်ကို သက်ဆိုင်ရာ ၎င်းတို့ ကော်မတီဝင်များ အစည်းအဝေးပြုလုပ်ပြီးမှသာ ထုတ်ပြန်ပေးမည်ဟု လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကလည်း မှတ်ချက်ပြုသည်။
သို့ရာတွင် လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကို ၎င်းတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသခံများ ကြောင့်ကြစိတ်မဖြစ်အောင်သာ စီမံဆောင်ရွက်ခဲ့ရကြောင်း ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောသည်။
တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးနေစဉ် မိမိတို့ကလည်း ကျင့်ဝတ်အရ ရှောင်ထွက်ပေးခဲ့ရကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် လျှို့ဝှက်အဆင့် ဖြစ်သည့်အတွက် မှတ်ချက်မပြုလိုဟု သူက ဆက်ပြောသည်။
ဦးတင်မောင်ဝင်းက “နိုင်ငံတော်ရဲ့ အာဏာကို သမ္မတထံကို ကျနော်တို့ ပြည်သူတွေက လွှဲပေးထားတာ။ အစိုးရအဖွဲ့မှာ တာဝန်ရှိတယ်။ ဒီကိစ္စတခုမှ မဟုတ်ဘူး။ သမီးလှကျေးရွာထဲ တပ်က ပစ်ခတ်သွားတာမှာလည်း ဘယ်သူတာဝန်ရှိတာလဲ ဆိုတာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ မှားယွင်းမှုရှိတယ်ဆိုရင် တပ်ဘက်က သက်ဆိုင်သူက အရေးယူရမှာပဲလေ။ အခုက အစိုးရကိုယ်တိုင်က ဒီကိစ္စတွေအပေါ် ခေါင်းရှောင်နေတယ်လို့ ကျနော်တို့ ခံစားရတယ်။ ကျနော်တို့က ကိုယ်စားလှယ်ဆိုပေမယ့် ဘာမှ လုပ်လို့ရတာမဟုတ်ဘူး” ဟု သူက ဆိုသည်။
ယခုလို ကျောက်တန်းကျေးရွာဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်အောင် သမ္မတထံ စာပေးပို့သည်ကို ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် မြေပြင်တွင် ရိုးသားသည့် ကျေးရွာသားများ၏ ရင်တွင်းခံစားချက်၊ အဖြစ်အပျက်များကို မျက်ဝါးထင်ထင် သိမြင်နိုင်ခဲ့သည်ဟု ယူဆကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်သည်။
ကျောက်တန်းဖြစ်စဉ် ဖြစ်ပျက်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများသည် အစိုးရတပ်မတော်ကို မြင်တွေ့လိုက်သည်နှင့် ထွက်ပြေးရန်သာ စဉ်းစားတော့သည်အထိ အကြောက်တရားများ ဖုံးလွှမ်းနေပြီဖြစ်ကြောင်း သူက ပြောသည်။
ဒေါ်ခင်စောဝေက “ကျမတို့က ကျောက်တန်းဖြစ်စဉ်မျိုး နောင်မဖြစ်အောင်၊ ပြည်သူတွေ မနစ်နာမထိခိုက်အောင်၊ ဒုက္ခမရောက်အောင် အမြဲတမ်း တောင်းဆိုနေခဲ့တာ။ ဖြစ်ပြီးတာကတော့ ဖြစ်ပြီးပြီ။ နောင်ဒါမျိုးတော့ ထပ်မဖြစ်စေချင်ဘူး။ တပ်ဘက်ကိုလည်း စုံစမ်းစစ်ဆေးပြီးတော့ လုပ်သင့်လုပ်ထိုက်တာ၊ အရေးယူသင့်တာတွေကို အရေးယူဖို့ တောင်းဆိုတယ်” ဟု ဆိုသည်။
ယခုနှစ် မေလ ၁ ရက်နေ့ ညဉ့်နက်ပိုင်းတွင် ကျောက်တန်းရွာအတွင်းရှိ စာသင်ကျောင်းတွင် ကျေးရွာသား အသက် ၁၅ နှစ်မှ ၅၀ ကြားရှိသူ ၂၇၅ ဦးကို ခေါ်ယူစစ်ဆေးနေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ကာ တပ်မတော်မှ ကျေးရွာသားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ထိုပစ်ခတ်မှုတွင် သေဆုံးသူများ၏ ရုပ်အလောင်းကိုပင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း သရဏဂုံ တင်ခွင့်ပင်မရခဲ့ကြောင်း၊ သေဆုံးသူများကို ကျောက်တန်းကျေးရွာသုဿန်တွင် သဂြိုလ်စဉ် လက်ကိုင်ဖုန်းများယူဆောင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း များကို တပ်မတော်မှ ခွင့်မပြုခဲ့ဟု မိသားစုဝင်များက ပြောကြသည်။
သို့သော် တပ်မတော်ဘက်မှ ဧပြီလ ၂၈ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် ကျောက်တန်း ကျေးရွာနှင့် ၁၅ မိုင်ခန့် ဝေးကွာသောနေရာတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ကြောင်း၊ AA တပ်ဖွဲ့ဝင်များသည် ကျောက်တန်းကျေးရွာသို့ ရောက်ရှိလာကြောင်း သတင်းရရှိသဖြင့် စစ်ဆေးနေစဉ် လူအုပ်စုဖြင့် အော်ဟစ်ကာ မိမိတို့ တပ်မတော်တပ်ဖွဲ့ဝင်များထံမှ သေနတ်လုရန် ကြိုးစားသဖြင့် မလွှဲမရှောင် ပစ်ခတ်လိုက်ရခြင်းဖြစ်သည်ဟု တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက သတင်းမီဒီယာများကို ပြောခဲ့သည်။
ထို့အပြင် သေဆုံးသူများကိုလည်း မိသားစုဝင်များထံသို့ ပြန်အပ်ကာ ဘာသာရေး ထုံးတမ်းဓလေ့နှင့်အညီ သဂြိုလ်ခွင့် ပြုခဲ့သည်ဟု သူက ဆက်ပြောခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ တပ်မတော်ဘက်မှ ထုတ်ပြန်ထားသည့် အတိုင်း ရေးသားကာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေစဉ် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးမှု မဖြစ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် AA တပ်ဖွဲ့ဝင်များအနေဖြင့် အထူးအလေးထားကာ ဂရုပြုရန် တိုက်တွန်းကြောင်း မေလ ၃ ရက်နေ့က ပထမဦးစွာ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်သည် တပ်မတော်ဘက်မှ ပြောဆိုခဲ့သည့်အချက်များကိုပင် အလေးထားကာ မြေပြင်ကွင်းဆင်း လေ့လာပြီးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်မဟုတ်သည့်အတွက် ကန့်ကွက်ရှုံ့ချကြောင်း အရပ်ဘက် အဖွဲ့အစည်း ၂၄ ဖွဲ့မှ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက်အဖွဲ့များ၏ လုပ်ငန်းအဖွဲ့ဟု ဖွဲ့စည်းပြီး မေလ ၁၄ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ရသေ့တောင် ကျောက်တန်းဖြစ်စဉ် လူ့အခွင့်အရေး ကော်မရှင် သွားရောက် စစ်ဆေး
ကျောက်တန်း ဖြစ်စဉ်တွင် အဖမ်းခံရသူ အားလုံး လွှတ်ပေးပြီး ဟု တပ်မတော် ပြော
ရခိုင်တွင် ထိန်းသိမ်းခံရသူ ၆ ဦး သေဆုံးမှု ဥပဒေနှင့်အညီ စစ်ဆေးမည်ဟု ကာကွယ်ရေး ဝန်ကြီး ပြော