မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် အွန်လိုင်း စုမဲ မသမာမှု ဖြစ်ပွားခဲ့သော စုမဲ လုပ်ကိုင်ခဲ့သူ မိခိုင်ယဉ်မွန် (ခ) မိကျဲလာ နှင့် ခင်ပွန်းဖြစ်သူ ကိုတင်ဇော်ဦး တို့ကို လမိုင်း နယ်မြေ ရဲစခန်းတွင် အမှုပေါင်း ၃၀ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညို က ပြောသည်။
မေ ၂၂ ရက်တွင် အွန်လိုင်း လေလံစုမဲကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လေလံစုမဲ ထည့်ထားသည့် ရွာသားများ က မိကျဲလာတို့ ဇနီးမောင်နှံကို ရာဇသတ်ကြီး ဥပဒေမှ ရာဇဝတ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှု ဖြစ်သည့် ပုဒ်မ ၄၀၆၊ လိမ်လည်မှု ဖြစ်သော ပုဒ်မ ၄၂၀ တို့ဖြင့် အမှုပေါင်း ၂၇ မှုဖြင့် အမှုဖွင့်ထားသည့် အပြင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဂ) တို့နှင့် အမှု ၃ မှု ဖွင့်ထားသည်ဟု သိရသည်။
ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညိုက“မိကျဲလာနဲ့ သူ့ယောက်ျားကို ဒီရွာက ရမယ့်သူတွေက ၄၀၆၊ ၄၂၀ နဲ့ အမှုဖွင့်လိုက် တယ်။ ဒါက လက်ရှိရွာက ဖွင့်တဲ့ အမှု ၂၇ မှု၊ အွန်လိုင်းကနေ ငွေကြေး လိမ်လည်တဲ့ အတွက် ၆၆ (ဂ) နဲ့ ၃ မှု ဖွင့်ထား တယ်”ဟု ပြောသည်။
လမိုင်းမြို့တွင် အွန်လိုင်း လေလံစုမဲကို ပြီးခဲ့သည့် သြင်္ကန် မတိုင်ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ကနဦး ငွေကျပ် ၅ သိန်း ခန့် ထည့်ဝင်သူသည် တပတ်ပြည့်ပါက ကျပ် ၇ သိန်းခန့်၊ ကျပ် ၁၀ သိန်းခန့် ထည့်ဝင်သူသည် တပတ်ပြည့်ပါက ကျပ် ၁၅ သိန်းခန့် ပြန်လည် ရရှိသည်ဟု ဆိုကာ တလအတွင်း စုငွေများကို သိန်း ရာ၊ ထောင် ချီ၍ စုမဲ ထည့်သူများလည်း ရှိခဲ့ ကြောင်း သိရသည်။
လမိုင်း မြို့မ (၁) အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က“ကျနော်တို့ မြို့မ (၁) အပိုင်ထဲမှာပဲ စာရင်း ကောက်ကြည့်လိုက်တော့ တရပ်ကွက်တည်းကိုပဲ သိန်းပေါင်း ၆၅၀၀၀ လောက် ရှိတယ်”ဟု ပြောပြသည်။
မေ ၁၉ ရက် မတိုင်ခင် အွန်လိုင်း လေလံစုမဲ လုပ်ကိုင်သူများ ထွက်ပြေးမည်ဟု သတင်းများ ထွက်လာသဖြင့် စုငွေ ထည့် ဝင်ထားသော ရွာသားများက လေလံစုငွေများ ပြန်ထုတ်ကြရာ အမြတ်ငွေများကို သိန်း ၁၀၀ လျှင် ၅ သိန်း ကျပ်နှုန်းဖြင့် မိခိုင်ယဉ်မွန်က ဝေပေးနေရာမှ မေ ၂၂ ရက်၌ မိခိုင်ယဉ်မွန်ထံ ငွေမလုံလောက်မှုများ ရှိခဲ့သဖြင့် ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပွားကာ တချို့သော သူများက မိခိုင်ယဉ်မွန်တို့ လင်မယားကို ဝိုင်းဝန်း ရိုက်နှက်ကာ ကျန်ရှိငွေများ လုယူ၍ နေအိမ် ဖျက်ဆီးခြင်းနှင့် ကားမီးရှို့ခြင်းတို့ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
အွန်လိုင်း လေလံစုမဲကြောင့် ကားမီးရှို့ခြင်းနှင့် နေအိမ်များ ဖြိုဖျက်သည့် အထိ ပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် ပဋိပက္ခ ထပ်မံ မဖြစ်ပွားရေး အတွက် ယနေ့ အချိန်ထိ လုံခြုံရေး အသင့် အနေအထားချထားဆဲ ဖြစ်ကြောင်း ရဲမှူး ခင်ညိုက ပြောသည်။
ရဲမှူး ခင်ညိုက“လုံခြုံရေးက ဆောင်ရွက်နေဆဲ၊ ကျနော်တို့ကတော့ အဓိက ထပ်မဖြစ်အောင် ရဲမှူး ၂ ယောက်၊ ဒုရဲမှူး ၁ ယောက်နဲ့ နောက် အင်အား ၆၇ ယောက်နဲ့ အဲ့ဒီမှာ လက်ရှိ လုံခြုံရေး ချထားတယ်။ ထပ်မဖြစ်အောင်”ဟု ပြောဆိုသည်။
လေလံစုမဲ ပြဿနာကြောင့် မေ ၂၄ ရက် မွန်လွဲပိုင်းက မိခိုင်ယဉ်မွန်နှင့် ဆွေမျိုးတော်စပ်သူ လမိုင်းမြို့မ (၂) ရပ်ကွက်မှ ဦးဖေစန်း နေအိမ်ကိုလည်း အမျိုးသား ၄ ဦး ရောက်ရှိလာပြီး ဦးဖေစန်းကို လက်ထိပ်ခတ် ဖမ်းဆီးသွား၍ ပိုက်ဆံများ မည်သည့် နေရာတွင်ရှိကြောင်း ခြိမ်းခြောက် မေးမြန်းကာ ရိုက်နှက်ခဲ့သဖြင့် ပြန်ပေးဆွဲပုံစံ ပြုလုပ်ခဲ့သူ ၄ ဦးထဲတွင် ၃ ဦး အား ဖမ်းဆီးရ မိထားပြီး လမိုင်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
You may also like these stories:
မြန်မာ့လူငယ် ၉၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေး ပြဿနာ စိုးရိမ်ပူပန်မှု ရှိဟု ဆို
သေဆုံးသွားသည့် ရွာသား ၆ ဦးအား သြင်္ဂိုဟ်ရာတွင် သရဏံဂုံ တင်ခွင့်မရ