ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာဝန်များ မောင်းနှင်လာသော ယာဉ်မှာ ကျိုက်လတ် – ဖျာပုံ လမ်းဘေးတွင် ရပ်ထားသည့် ၁၀ ဘီးယာဉ်အား ဝင်တိုက်မိ သဖြင့် ဆရာဝန် ၃ ဦး သေဆုံးခဲ့ပြီး အခြား ဆရာဝန် ၃ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့် အချိန်က ဖျာပုံ ဆေးရုံမှ ဆရာဝန် ဒေါက်တာ ဝေယံမျိုးထက် မောင်းနှင်လာသော မစ်ဆူ ဘီရှီ အဖြူရောင် ယာဉ်မှာ ဖျာပုံမြို့ အဝင် ချောင်းတွင်း တံတား၏ ညာဘက်အခြမ်းတွင် ရပ်ထားသော ကွန်ကရစ်တိုင်များ တင်ဆောင်ထားသည့် ၁၀ ဘီးယာဉ်ကို အနောက်ဘက်မှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
အဆိုပါ ယာဉ် မတော်တဆမှု ဖြစ်စဉ်ကြောင့် မစ်ဆူဘီရှီ ကားအတွင်း ကွန်ကရစ်တိုင် ၃ တိုင် ထုတ်ခြင်းပေါက် ဖောက်ဝင် သွားခဲ့ကာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မောင်း ဒေါက်တာ ဝေယံမျိုးထက်နှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဒေါက်တာ အေးမြတ်သူ၊ ဒေါက်တာ ပန်ဂျာထွယ်တို့ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဒေါက်တာ ဝေယံမျိုးထက်၏ ညာဘက် မျက်ခုံး၊ ပါး၊ မေးရိုးနှင့် လည်ပင်းတို့တွင် လည်း ကောင်း ဒေါက်တာ အေးမြတ်သူတွင် မျက်နှာနှင့် ဦးခေါင်းတွင် လည်းကောင်း ဒေါက်တာ ပန်ဂျာထွယ်တွင် မျက်နှာညာ ဘက်ခြမ်းနှင့် ဦးခေါင်း ညာဘက်ခြမ်း တို့တွင် ထိခိုက် ဒဏ်ရာများ ပြင်းထန်စွာ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာကြသည့် တခြားသော ဆရာဝန်များဖြစ်သည့် ဒေါက်တာ နေမျိုးဆု၊ ဒေါက်တာ လှမျိုးသူနှင့် ဒေါက်တာ နှင်းအိစိုးတို့ ၃ ဦးတွင် စိုးရိမ်ဖွယ်ရာ မရှိသည့် ဒဏ်ရာများသာ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ယနေ့ နံနက်ပိုင်း၌ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် မစ်ဆူဘီရှီကားကို ကရိန်ကားဖြင့် ဆွဲယူကာ ဖျာပုံမြို့မ ရဲစခန်းသို့ သယ်ဆောင်သွားကြောင်း ဒေသခံများထံက ပြောဆိုသည်။

ဖျာပုံ ဒေသခံ တဦး ဖြစ်သူ ဦးချမ်းသာက “၁၀ ဘီးကားက တံတား အလယ်လောက်မှာ ရပ်ထားတယ်။ ကားပေါ်တင်ထားတဲ့ ကွန်ကရစ် ဓာတ်တိုင် အများကြီးထဲက ဓာတ်တိုင် ၃ ချောင်းက ကားမှန်ကို အရှေ့ကနေ အနောက်အထိ ဖောက်ထွက်သွားတယ်။ မနက် ၉ နာရီလောက်မှာ ကားထဲကို ဖောက်ထွက်သွားတဲ့ ဓာတ်တိုင်တွေ ကရိန်းကားနဲ့ ဆွဲထုတ်ပြီး သက်သေခံ အနေနဲ့ ရဲက သိမ်းဆည်းပြီး၊ တိုက်တဲ့ ကားလေးကို ကရိန်းနဲ့ပဲ ရဲစခန်းကို သယ်သွားတာ တွေ့ပါတယ်” ဟု ဆိုသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဖျာပုံမြို့ အခြေစိုက် အမှတ် ၈၀ ယာဉ်ထိန်း တပ်ဖွဲ့စုမှူး ခေတ္တ တပ်ဖွဲ့စုမှူး ရဲအုပ် ဇာနည်ထွန်းမှ တရားလို ပြုလုပ်၍ ဖျာပုံမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ရေကြည် လွှတ်တော်ကိုယ်စားလှယ်၏ ကားနှင့်တိုက်မိသူ ဒဏ်ရာပြင်းထန်