ရန်ကုန်မြို့တွင် ဦးဝီရသူကို ထောက်ခံ ဆန္ဒပြခဲ့ကြသည့် အဖွဲ့မှ ဘုန်းတော်ကြီး ၄ ပါးနှင့် လူ ၅ ဦးကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှုဖြင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၁၉ တို့နှင့် ဗဟန်း ရဲစခန်းက အမှုဖွင့်လိုက်ကြောင်း သိရသည်။
ဇွန်လ ၁၀ ရက် ညနေပိုင်းက သံဃာတော်များနှင့် လူ ၅၀၀ ကျော်သည် ဗဟန်းမြို့နယ် ရွှေတိဂုံ ဘုရား အရှေ့ဘက်မုခ် အ နီး ရေခဲဆိုင် မှတ်တိုင်မှ ဆူးလေ ဘုရားရှေ့ အထိ ချီတက်ကြပြီး မြို့တော် ခန်းမရှေ့ ကွက်လပ်၌ ဆုတောင်းပွဲ ကျင်းပခဲ့ သည်။
ထိုသို့ ကျင်းပမှုသည် တည်ဆဲ ဥပဒေ ဖြစ်သည့် ငြိမ်းစုစီ ဥပဒေနှင့် ငြိစွန်းနေသည့် အတွက် ယခုလို အမှုဖွင့်ရခြင်း ဖြစ် ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်မှူး ဖြစ်သူက ယနေ့(ဇွန် ၁၁) တွင် အတည်ပြုပြောဆိုသည်။
တာဝန်မှူးက “သူတို့ကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပါတယ်။ လက်ရှိတော့ သူတို့ကို ဖမ်းတာ ဆီးတာ မရှိသေးပါဘူး။ သံဃာ တော်ထဲက ဦးပညာဝံသကိုပဲ ဖမ်းမိသေးတယ်။ ကျန်တာ စုံစမ်းနေဆဲပါ။ သက်ဆိုင်ရာ အဆင့်ဆင့်ကိုလည်း ကျနော်တို့ သတင်းပေးပို့ထားပါတယ်။ ကျနော်တို့ စခန်းအနေနဲ့ ကတော့ အတိအကျ ပြောခွင့် မရှိပါဘူး” ဟု ဆိုသည်။
အမှုဖွင့်ခြင်း ခံထားရသည့် သူများသည် ဦးတေဇဝန္တ၊ ဦးပညာဝံသ၊ ဦးဇနိတ၊ ဦးဝီရတေဇော၊ သက်မျိုးဦးနှင့် တင်ထွဋ်ဇော် တို့ အပါအဝင် လူပုဂ္ဂိုလ် ၅ ဦး ဖြစ်ကြောင်း ယနေ့ထုတ် 7Day News နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ခံထားရသူထဲတွင် ဦးပညာဝံသသည် ၂၀၁၇ ခုနှစ် ကတည်းက ရွှေတိဂုံ အရှေ့ဘက်မုခ်ရှိ ကြေးသွန်း ဘုရားကြီးတွင် အစိုးရ ဖြုတ်ချရေးနှင့် သာသနာရေး ဝန်ကြီး နုတ်ထွက်ပေးရေး အတွက် သပိတ်စခန်း ဖွင့်ခဲ့မှု ဖြင့် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်း ထုတ်ခံထားရသူ တဦး ဖြစ်သည်။
ဦးပညာဝံသကို ဗဟန်းမြို့နယ် တရားရုံးမှ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဝရမ်း ထုတ်ထား ခြင်း ဖြစ်ကာ ၎င်းအား ယမန်နေ့(ဇွန် ၁၀) ရက် ညနေပိုင်းက ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကြီး လှရီက အတည်ပြုသည်။
ဒုရဲမှူးကြီး လှရီက “သူ့ကိုက အရင်ကတည်းက ဗဟန်းမြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ပြီးသားပါ။ အဲဒီအတွက် အခု တွေ့လို့ ဖမ်းလိုက်တာပါ။ ကျနော်တို့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာ မဟုတ်ဘူး။ တရားရုံးကို ၅၀၅(ခ) နဲ့ ဦးတိုက် လျှောက် ထားတဲ့ အမှု အတွက် တရားရုံးကနေ ဖမ်းဝရမ်း ထုတ်ထားတဲ့ သူပါ” ဟု ဆိုသည်။
ထို့အပြင် ဦးပညာဝံသကို ယမန်နေ့က ဖမ်းဆီးပြီး ညနေပိုင်းတွင်ပင် ရုံးထုတ် ရမန်ယူကာ အင်းစိန် အကျဉ်းထောင်သို့ ပို့ ဆောင်ထားလိုက်ပြီ ဖြစ်ကြောင်း ဗဟန်း ရဲစခန်းက တာဝန်မှူးက ပြောသည်။
ဦးပညာဝံသသည် လွန်ခဲ့သော ၂ နှစ်ခန့် အချိန်ကတည်းက ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ်သော်လည်း အမျိုးသားရေး လှုပ်ရှားမှုများတွင် ပါဝင်နေခဲ့ခြင်းကြောင့် ပြည်သူတချို့က ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကို ပြောဆို ဝေဖန်ခဲ့ကြသည်။
အထင်အရှားဆုံး အဖြစ် ပြီးခဲ့သည် လအတွင်းက ဒဂုံမြို့သစ် တောင်ပိုင်း ၁၀၆ ရပ်ကွက်၊ ၆၄ ရပ်ကွက်နှင့် ၂၆ ရပ်ကွက် တို့တွင် ရန် ကုန်တိုင်း အစိုးရမှ ခွင့်ပြုချက်ပေးခဲ့သည့် အစ္စလာမ် ဘာသာဝင်တို့၏ ဥပုသ်လ အတွင်း ဝတ်ပြုခွင့် ပေးခဲ့သည့် နေအိမ်များကို လူအုပ်စုဖြင့် ပိတ်ပင် တားဆီးရန် ကြိုးပမ်းမှုတွင် ဝရမ်း ထုတ်ခံရသူ ကိုယ်တိုင် ပါဝင် ဦးစီးခဲ့သည်။
ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် တရား ဥပဒေ စိုးမိုးရေး အတွက် ရန်ကုန်တိုင်းတွင် အမျိုးသားရေး တက်ကြွ လှုပ်ရှားသူ ၆ ဦးကို ဖမ်းဝရမ်း ထုတ်ခဲ့သော်လည်း ဖမ်းဆီး အရေးယူမှု မရှိသေးခြင်းကို ကြည့်ခြင်းဖြင့် ထိရောက်စွာ ဆောင်ရွက်မှု အား နည်းနေသေးသည် ဟု ယူဆကြောင်း အဓမ္မဝါဒီ တိုက်ဖျက်ရေး ကော်မတီမှ ဦးမြတ်ကျော်က သုံးသပ်သည်။
ဦးမြတ်ကျော်က “ရဲတပ်ဖွဲ့ဘက်က အမြဲပြောလေ့ ရှိတာက တပ်ဖွဲ့ဝင် အင်အား မလုံလောက်တာတို့၊ နည်းပညာ အားနည်း နေသေးတာတို့ပဲ။ ဒါက တပိုင်း။ တဖက်မှာ ဒီလောက် အမျိုးသားရေး လှုပ်ရှားမှုတွေထဲ ပါဝင်ပတ်သက်တဲ့သူတွေကို ဖမ်း ဝရမ်း ထုတ်ထားပေမယ့် အခုထိ ဖမ်းဆီးတာ မရှိသေးတာကတော့ မေးခွန်း ထုတ်ရမယ်။ အခု ဦးပညာဝံသကိုပဲ မိသေး တယ်။ ကျန်တဲ့သူတွေ ရှိနေသေးတယ်။ ဒါပေမယ့် အဲ့ဒီသူတွေ ကိုယ်တိုင်က လှုပ်ရှားမှုတွေထဲ ပါဝင်နေမြဲ ဖြစ်နေတာ ဘာ လို့လဲ” ဟု ဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
ဦးဝီရသူကို “မမိသေးဘူးလား” ဟု သမ္မတရုံးက ရဲတပ်ဖွဲ့ကို မေးနေရဟုဆို
ဝရမ်းထုတ်ထားသူ မိုက်ကယ်ကျော်မြင့်အား ယောက္ခမ အိမ်တွင်ဖမ်းမိ