သတင်း

ရခိုင်တွင် လုံခြုံရေးအရ နယ်မြေ ပြန်စိုးမိုးနိုင်ပြီဟု တပ်မတော် ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ လျော့ကျသွားကြောင်း ထိုသို့လျော့ကျသွားခြင်းမှာ တပ်မတော် အနေဖြင့် လုံခြုံရေး အရ နယ်မြေ စိုးမိုးမှု ပြန်ရရှိလာခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော်ထံမှ သိရသည်။

မြန်မာ့ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်လာသည်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်၊ ဇွန်လသည် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံး အခြေအနေသို့ ရောက်ရှိသွားကြောင်း ၂ ဖက်စလုံးက ဧရာဝတီ သို့ ပြောသည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ပလက်ဝဘက်မှာပဲ တိုက်ပွဲက နည်းနည်း ကျန်တော့တယ်။ တိုက် ပွဲတွေ လျော့သွားတဲ့ သဘော ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ တပ်အနေနဲ့ကတော့ လုံခြုံရေးအရ ပြန်လည် စိုးမိုးနိုင်တဲ့ သဘော တော့ ရှိတယ်။ AA လှုပ်ရှားတဲ့နေရာမှာ တပ်မတော်က နေရာယူ လာနိုင်တာပဲ။ နယ်မြေစိုးမိုးမှု ရအောင် လုပ်မယ်ဆိုတာ အဲဒါကို ပြောတာ”ဟု ပြောသည်။

သို့သော် အဓိက နေရာတချို့ ဖြစ်သည့် ကျောက်တော်နှင့် မြောက်ဦး နယ်မြေတို့တွင်မူ ဆက်ရှိနေဆဲ ဖြစ်ပြီး ဖြစ်ရသည့်အကြောင်း မှာ AA အဖွဲ့က ထုတ်ပြန်ထားသည့် Arakan Dream ၂၀၂၀ ကို ယခုနေရာမှ စတင်ပြီး လုပ်ဆောင်မည်ဆိုသည့် အယူအဆမျိုး ရှိ နေခြင်းကြောင်း ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူက ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့ တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ ယခုအခါ စစ်ဘေးရှောင် ပြည်သူ ၄ သောင်းနီးပါးအထိ များလာပြီ ဖြစ်သည်။

ယခု လတ်တလော တိုက်ပွဲ ၂ ရက်ခန့် ငြိမ်နေသည်မှာ တပ်မတော်ဘက်မှ အင်အားပြန်ဖြည့်နေ၍ ဖြစ်ကြောင်း၊ ထပ်မံ ထိုးဆင် စစ်လာပါ တိုက်ပွဲများ ပြန်ပြင်းထန်ဦးမည် ဖြစ်ကာ ယခုလ နောက်ဆုံးတိုက်ပွဲများတွင် တပ်လန်သွားသဖြင့် ပြန်လည် ပြင်ဆင်နေ သည့် သဘော ဖြစ်ကြောင်း AA မှ ပြောခွင့်ရသူ ခိုင်သုခက ပြောသည်။

ဦးခိုင်သုခ က “မေလထဲမှာနဲ့ ဇွန်လ ပထမအပတ်မှာ သူတို့ဘက်က အကျအဆုံးတွေ တော်တော်များတယ်။ အဲဒါကြောင့် အင်အားတွေ ဖြည့်ပြီး တော့မှ လိုအပ်တာတွေ ပြင်ဆင်နေတဲ့သဘောမျိုး တွေ့ရတယ်။  အဓိက ဖြစ်နေတာကတော့ မင်းပြားရယ်၊ မြောက်ဦးရယ်။ နောက် ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ နောက်ပြီးတော့ ပလက်ဝမှာ အဓိက ဖြစ်နေတာ” ဟု ပြောသည်။

ထို့ပြင် AA အဖွဲ့ ၏ လက်ချက်ဖြင့် မြန်မာ တပ်မတော်ဘက်မှ ကျဆုံးသူ ၁၂၀၀ ကျော် ရှိကြောင်း၊ တိုက်ပွဲအကြိမ်ပေါင်း ၅၀၀ ကျော်တွင် တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမှာ ၂၀၁၉ ဇန်နဝါရီလတွင် ၈၈ ဦး၊ ဖေဖော်ဝါရီမှာ ၉၂ ဦး၊ မတ်လတွင် ၂၂၀၊ ဧပြီတွင် ၂၅၄ ဦးနှင့် မေလတွင် ၄၉၀ ရှိသဖြင့် စုစုပေါင်း ၁၁၄၄ ဦး ရှိကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၉ ဇွန်လ ကျဆုံးစာရင်းကို ထည့် လိုက်ပါက ၁၂၀၀ ကျော်ရှိသည်ဟု ခိုင်သုခက ပြောသည်။

တိုက်ပွဲ အကြိမ်ရေပေါင်းမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှ စ၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့အထိ မိနစ် ၃၀ အထက် ဖြစ် ခဲ့သည့် တိုက်ပွဲပေါင်း ၂၃၇ ပွဲ ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ အထိ တိုက်ပွဲ ၃ ကြိမ်၊ ၂၀၁၉  ဇန်နဝါရီတွင် ၂၉  ကြိမ်၊ ဖေဖော်ဝါရီတွင် ၃၁ ကြိမ်၊ မတ်လတွင် ၆၁ ကြိမ်၊ ဧပြီတွင် ၂၆ ကြိမ်၊ မေလတွင် ၆၅ ကြိမ်နှင့် ဇွန်လတွင် ၁ ရက်နေ့မှ ၈ ရက် နေ့အထိ ၁၂ ကြိမ် ဖြစ်ကြောင်း AA အဖွဲ့ ထံမှ သိရသည်။

ဦးခိုင်သုခက “တိုက်ပွဲ အကြိမ် အရည်အတွက် အများဆုံးက မေလနဲ့ မတ်လမှာ ဖြစ်တာ။ မေလမှာ သူတို့ဘက်က ကျဆုံးတာလည်း တော်တော် များတယ်။ ကျနေ်ာ ပြောတာက မိနစ် ၃၀ အထက် တိုက်ပွဲတွေကို ပြောတာ။ မိနစ် ၃၀ အောက်ပေါ့နော်။ ၁၅ မိနစ်၊ မနစ် ၂၀၊ ၅ မိ နစ်၊ ၁၀ မိနစ် ဖြစ်တဲ့ တိုက်ပွဲတွေက အကုန်လုံး အကြိမ် ၃၀၀ ကျော် ရှိတယ်။ သူတို့ အကုန်လုံး ပေါင်းလိုက်လို့ ရှိရင် တိုက်ပွဲ အ ကြိမ်ရေက ၅၀၀ ကျော် တိုက်ပြီးပြီ”ဟု ပြောသည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က AA အဖွဲ့ က ထုတ်ပြန်ပြောဆိုနေသည့် တပ်မတော်ဘက်မှ ထောင်  ကျော်ကျသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ တပ်မတော်ဘက်မှ ကျဆုံးသည့် အရည်အတွက်မှာ ၎င်းတို့ ထုတ်ပြန်နေသည့် ၁၀ ပုံ ပုံ တပုံ၏ တဝက်ပင် မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “သူတို့ ပြောတဲ့ အရည်အတွက်ရဲ့ ၁၀ ပုံ ပုံတဲ့ စာရင်းရဲ့ တဝက်တောင် မရှိဘူး။ အဲလောက်တော့ ငါပြောနိုင်တယ်။ ၁၀ ပုံတပုံရဲ့ တဝက်တောင် မရှိဘူး ဆိုတာကတော့ အတိအကျပဲ။ သူတို့ဘက်က ကျဆုံး သေဆုံးကို ဦးဇော်ဌေးတို့ ပြောခဲ့တာ ရှိတယ်။ အဲဒါက တော့ အလောင်းရတဲ့သူတွေကိုပဲ ငါတို့က ထုတ်ပြန်တာပေါ့။ သူတို့ရဲ့ ကျဆုံး၊ သေဆုံးစာရင်းက ငါတို့မှာ ရှိတယ်။ ဒါပေမယ့် ဒါတွေ က ရေရှည်မှာကျ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကျိုး မပြုတဲ့ဟာတွေ။ အဲဒီအတွက် ပြိုင်ဆိုင်ပြီး ပြောဆိုနေခြင်းမျိုး မရှိဘူး” ဟု ပြောသည်။

၎င်းက ဆက်၍ “သူတို့ ဘာကြောင့် ထုတ်ပြန်လဲ ဆိုတာကတော့ ပြောရရင်တော့ သူတို့ဘက်မှာတော့ ကျဆုံးထုတ်ပြန်ထားတဲ့ ဟာ ကတော့ အများကြီး များပါတယ်။ ဒါပေမယ့် ထုတ်မပြောဘူး။ သူတို့ဘက်မှာလည်း စိတ်ဓါတ်ကျနေတဲ့ အပိုင်းတွေ ရှိတယ်။ ဘာ ကြောင့် စိတ်ဓါတ် ကျနေလဲဆိုတာလည်း ကျနော်တို့ သိတယ်။ အဲဒါကြောင့်လည်း သူတို့ဘက်က လူတွေကို စိတ်ဓါတ်မြင့်လာတဲ့ အပိုင်းမျိုး ဖြစ်အောင် ပြောချင်လဲ ပြောမှာပေါ့။ ဒါပဲ” ဟု ပြောသည်။

နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်တွင်မူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ AA နှင့် တိုက်ပွဲပေါင်း ၂၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး AA အဖွဲ့ မှ အလောင်းရသူ ၁၀၀ နီးပါး ရှိကြောင်း၊ အရှင် ဖမ်းမိသူ ၄၆ ဦး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း ပြီး ခဲ့သည့် မေလအတွင်းက ထုတ်ပြန်ခဲ့သည်။

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက “တိုက်ပွဲတွေက တပွဲ ၂ ပွဲနဲ့ မပြီးပါဘူး။ အမြစ်ပြတ်သွားဖို့လည်း ခက်ပါတယ်။ အစိုးရဘက်ပိုင်းက ကြိုးစားနေတာက AA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်ဖို့ လုပ်နေတယ်။ နိုင်ငံရေး အခွင့်အရေးနဲ့ နိုင်ငံရေး စားပွဲဝိုင်းရောက်ဖို့ လုပ်နေ တယ်။ ဒီလမ်းကြောင်းကို တိုက်တွန်းချင်တယ်”ဟု သတင်းထောက်များကို ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ပြောဆိုထားသည်။

သို့သော် AA ပါဝင်သော မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဝင် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ကြား တွေ့ ဆုံနိုင်ရေးမှာ တွေ့ ဆုံမည့် နေ ရာ ညှိနှိုင်းမရသဖြင့် ယနေ့အချိန်ထိ တရားဝင် တွေ့ ဆုံနိုင်ခြင်း မရှိသေးပေ။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “စစ်ပွဲက ဆက်ဖြစ်နေရင်တော့ ၂ ဖက် ကျဆုံးမှုက များနေမှာပဲ။ အားလုံးကတော့ ထုတ်မပြောပေမယ့် ရာအချိုးကတော့ ရှိလိမ့်မယ်။ ရာဂဏ္ဍန်းစီကို ရှိမယ်လို့ ပြောလို့ရတယ်။ အနည်းဆုံး တဖက်ကို ၃၀၀ စီ လောက်တော့ ကျဆုံး၊ ဒဏ်ရာရ ရှိလိမ့်မယ်။ အဲဒါထက်ကို အောက်မယ် မထင်ပါဘူး”ဟု ပြောသည်။

ဆက်လက်၍ တိုက်ပွဲများ ဖြစ်နေပါက ဒုက္ခသည် အရည်အတွက်က တိုးလာနိုင်ပြီး ယခု ၄ သောင်းကျော်မှ ၅ သောင်းကျော် ဖြစ် လာနိုင်သဖြင့် ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် ကလေးများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် နှောင့်နှေး ကြန့်ကြာလာလိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

You may also like like these stories:

တပ်မတော်နှင့် AA ကြား Bilateral စာချုပ် ချုပ်ဖြစ်နိုင်မလား

ARSA အကြမ်းဖက်မှုမျိုး ထပ်မဖြစ်ရေး ပြင်ဆင်မှု အခြေအနေ လွှတ်တော်တွင် မေးခွန်းထုတ်

AA ရဲ့ လာရာလမ်း

ငြိမ်းချမ်းရေး လာဆွေးနွေးမည့် AA အဖွဲ့ “မှဲ့တပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံ

Did you find apk for android? You can find new Free Android Games and apps.
Loading