ရခိုင်ပြည်နယ် အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ နှစ်ဘက် ထိတွေ့ တိုက်ခိုက်ခဲ့ကြရာတွင် တပ် မတော်သား ၁၀၀၀ ကျော် ထိခိုက်ကျဆုံးခဲ့ကြောင်း AA ထုတ်ပြန်ချက်မှာ မြေပြင် အခြေအနေနှင့် ကိုက်ညီမှု မရှိကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
AA မှနေ၍ တပ်မတော်ဘက်မှ ကျဆုံးထိခိုက် စာရင်းဆိုကာ ပြီးခဲ့သည့် ဇွန်လ ၈ရက်နေ့က ထုတ်ပြန်ချက်တွင် ရခိုင် မြောက်ပိုင်း မြို့နယ် ၆ မြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ ၅ လတာ ကာလ တိုက်ပွဲဖြစ်ပွားရာ၌ စာရင်းပြုစုထားချက်အရ ခန့်မှန်းချေ တပ်မတော်သား ထိခိုက်ကျဆုံးမှုမှာ ၁၁၄၄ ဦး ရှိကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အဲဒီလိုတော့ မရှိပါဘူး ။ ပြောနိုင်တာတခုက သူတို့ ထုတ်ပြန်တာနဲ့ ဆယ်ပုံ ၊ တပုံတောင် မရှိဘူးလို့ ကျနော်တို့ ပြောလို့ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်အနေ နှစ်ဘက် ထိခိုက်ကျဆုံးမှု အရေအတွက်ကို တိုက်ပွဲကာက အတွင်း ထုတ်ပြန်လေ့ မရှိကြောင်း ၊ တိုက်ပွဲ ပြီးဆုံးမှသာ မှတ်တမ်းတခု အနေဖြင့် ထုတ်ပြန်သည့် အစဉ်အလာ ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားသည်။
၎င်းက “ကျနော်တို့ တပ်ရဲ့ ထုံးစဉ်က စစ်ဆင်ရေး အားလုံး ပြီးသွားရင်တော့ မှတ်တမ်းအနေနဲ့ ထုတ်ပြန်တာ ရှိတယ်။ တပ်မတော်သမိုင်းမှာ ပြန်ရေးတာတို့ ၊ မှတ်တမ်း အနေနဲ့ ထုတ်ပြန်တာ ရှိပါတယ်။ ဒါကလည်း အားလုံးပြီးမှ ထုတ်ပြန်တာ။ အခုလောလောဆယ်မှာတော့ ကျနော်တို့က နှစ်ဘက် ထိခိုက် ကျဆုံး ၊ ဖမ်းဆီးရမိတာတွေကို ကျနော်တို့ ထုတ်ပြန်လေ့ မရှိပါဘူး” ဟု ပြောသည်။
ထိုသို့ တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုကို AAက ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ မည်သည့် သတင်းအချက်အလက်ကို အခြေခံ ပါသနည်းဆိုသည်ကိုမူ AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက တိုက်ပွဲကာလအတွင်း အောက်ခြေ တပ်မှူးများ၏ မျက်မြင် တွေ့ရှိသည့် မှတ်တမ်းများ အပေါ် အခြေခံ၍ ထုတ်ပြန်နိုင်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ဖြေကြား သည်။
“ကျနော်တို့ကို အစိုးရနဲ့ စစ်တပ်က ကြေငြာပြီး တိုက်တဲ့ ၅ လ ကာလမှာ အစိုးရဘက်က ဘယ်လောက်ကျဆုံးမှု ရှိလဲ ။ ဆိုလိုတာက နိုင်ငံတော်မှာ လူသားအရင်းအမြစ် ဘယ်လောက်ထိ ဆုံးရှုံးမှု ရှိလဲ ။ ဒီစစ်ပွဲရဲ့ အနိဋ္ဌာရုံ ရလာဒ် ဘယ် လောက် ထွက်လဲ ဆိုတာကို သူတို့ မိသားစုတွေ ၊ အထူးသဖြင့် တပ်မိသားစုတွေ နဲ့ အစိုးရဘက်ကိုလည်း ပြန်ပြီး စဉ်းစား လို့ ရအောင် သိစေချင်တဲ့အတွက် ထုတ်ပြန်လိုက်တာပါ ”ဟု ဧရာဝတီသို့ ပြောသည်။
နှစ်ဘက်ထိတွေ့ တိုက်ပွဲများ အတွင်း AA အနေဖြင့်လည်း လူသူ လက်နက်အင်အား မည်မျှ ဆုံးရှုံး ထိခိုက်ခဲ့ပါသနည်း ဆိုသည် ဧရာဝတီ၏ မေးမြန်းချက်နှင့် ပတ်သက်၍မူ ထုတ်ပြန်ပြောဆိုရန် အစီအစဉ်မရှိကြောင်း ခိုင်သုခ က ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲကြောင့် ရသေ့တောင် ၊ ဘူးသီးတောင် ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး ၊ မင်းပြား စသည့်မြို့နယ်အတွင်းမှ ဒေသခံ ပြည်သူများမှာ စစ်ဘေးဒုက္ခသည်များ အဖြစ် ထွက်ပြေးနေကြရပြီး အရပ်သား ထိခိုက် သေဆုံးမှုနှင့် ဖမ်းဆီးတရားစွဲခံရမှုများမှာလည်း များပြားလာနေသည်။
သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ AA နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အတွင်း ထိရောက်သော သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး လုပ်ရန် သမ္မတရုံးက ညွန်ကြားထားပြီး လုံလောက်သည့် တပ်ဖွဲ့ဝင် အင်အားနှင့် လိုအပ်ပါက ရဟတ်ယာဉ်ပါ အသုံးပြုရန် ကကကြည်းကို ညွှန်ကြားထားကြောင်း ဇွန်လ ၇ ရက်က နေပြည်တော်၌ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော် တခုတည်းကို ပြောရန် ခက်ခဲ့ ကြောင်း ၊ AA ဘက်ကိုလည်း ပြောရန် လိုအပ်သလို AA အနေဖြင့် ဒေသခံ ရခိုင် တိုင်းရင်းသားများ၏ အရေးကို ငဲ့ကွက် သည့် အနေဖြင့် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းရန် လိုအပ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရခြင်းမှာ အစိုးရနှင့် တပ်မတော်တို့က စစ်ကြေငြာပြီး တိုက်ခိုက် လာခြင်းသာ ဖြစ်သည့်အတွက် AA အနေဖြင့် ခုခံရုံမှ အပ အခြားနည်းလမ်း မရှိကြောင်း ခိုင်သုခက ဆိုသည်။
ခိုင်သုခက“အစိုးရနဲ့ စစ်တပ်ဘက်ကနေပြီး ရက္ခိုင့်တပ်မတော်ကို အပြုတ်တိုက်ဖို့ အမိန့်ပေးတယ်၊ စစ်တပ်ကလည်း လာ ပြီးတော့ အင်အား အလွန်အကျွံသုံးပြီး ကြည်း၊ရေ၊ လေ ၃ ထိုးစစ်ဆင်တယ်။ ဗမာပြည် စစ်သမိုင်းမှာ ကြည်း၊ ရေ၊ လေ ပေါင်းပြီး ထိုးစစ်ဆင်တာ၊ နေ့ရော ညပါ လေယာဉ်ေတွေနဲ့ ဗုံးကြဲတာ ရခိုင်စစ်မျက်နှာပဲရှိတယ်၊ ဖိနှိပ်ခံရတဲ့ ကျနော်တို့က တော့ ခုခံရုံကလွဲပြီး အခြားနည်းလမ်းမရှိဘူး၊ ကျနော်တို့ကို အပြုတ်တိုက်မယ်ဆိုပြီး ကြွေးကြော်တိုက်တာ၊ ကျနော်တို့က စစ်ကြေညာပြီး တိုက်တာမဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
AA ထုတ်ပြန်ချက်တွင် နှစ်ဘက် ထိတွေ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးသည့် တပ်မတော်သားများ၏ ခန့်မှန်းအရေ အတွက်မှာ ဇန်နဝါရီလအတွင်း ၈၈ ဦး ၊ ဖေဖော်ဝါရီလအတွင်း ၉၂ ဦး ၊ မတ်လအတွင်း ၂၂၀ ဦး ၊ ဧပြီလအတွင်း ၂၅၄ ဦး ၊ မေလအတွင်း ၄၉၀ ဦး ၊ စုစုပေါင်း ၁၁၄၄ ဦးထိ ရှိကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့ ယခုနှစ် ဇန်နဝါရီလကနေ မေလအထိ နှစ်ဘက် ထိတွေ့ တိုက်ပွဲဖြစ်ပွားသည့် အရေအတွက်မှာ တိုက်ပွဲပေါင်း ၁၀၀ ကျော်အထိ ရှိလာခဲ့သလို စစ်ဘေးရှောင် အရေ အတွက်မှာလည်း လူပေါင်း ၄၀၀၀၀ ကျော်အထိ များပြားလာနေသည်။
You may also like these stories:
တစ်ဆို့မှုများ ပြေလည်ရေး အပစ်ရပ် ခေါင်းဆောင်များနှင့် NRPC ညှိနှိုင်းမည်
ANP ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ဦးသာထွန်းလှ ကို ရွေးချယ်တင်မြောက်
ကျောက်တန်းပစ်ခတ်မှု လူ့အခွင့်အရေး ကော်မရှင် တွေ့ရှိချက် သမ္မတထံ ပို့