သတင်း

ဒုက္ခသည် နေရပ်ပြန်ရေး မြန်မာအစိုးရ ဆန္ဒမရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြောကြား

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဗဇားခရိုင်တွင် ခိုလှုံနေသည့် ဒုက္ခသည် ၁ သန်းကျော် နေရပ်ပြန်ရေး မြန်မာ အစိုးရဘက်က ဆန္ဒမရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက တနင်္ဂနွေနေ့က ပြောကြားသည်။

“မြန်မာအစိုးရက သူတို့တွေကို ပြန်လက်ခံဖို့ ဆန္ဒမရှိဘူး။ ဒါက ပြဿနာပါ။ ကျမတို့ဘက်ခြမ်း ကတော့ ကြိုးစားနေပါတယ်” ဟု ဝန်ကြီးချုပ်က ဒါကာမြို့ရှိ ဂိုနိုဘာဘန် နေအိမ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဒုက္ခသည် အကျပ်အတည်းကို ဖြစ်နိုင်ချေရှိသော ဖြေရှင်းနည်းများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဖြေကြား ခဲ့သည်။

၎င်းအနေဖြင့် အိန္ဒိယ၊ တရုတ်နှင့် ဂျပန်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ထိုခေါင်းဆောင်များက ဒုက္ခသည်များသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းနှင့် နေရပ်ပြန်ပို့ရေး သဘောတူကြကြောင်း ဟာစီနာက ပြောသည်။

ထောက်ပံ့ရေး အေဂျင်စီများ အနေဖြင့်လည်း နေရပ်ပြန်ပို့သည့် လုပ်ငန်းစဉ် နှောင့်နှေးနေခြင်းအတွက် ပြစ်တင် ဝေဖန်ကြကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

“ကျမ အခုမြင်ရတဲ့ ပြဿနာက စေတနာ့ဝန်ထမ်း (ထောက်ပံ့ရေး) အဖွဲ့အစည်းတွေက ရိုဟင်ဂျာတွေကို သူတို့ မူရင်းနိုင်ငံဆီ ဘယ်တော့မှ မပြန်စေချင်ကြဘူး။ ကျမတို့က နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်စဖို့ သဘောတူ လက်မှတ် ထိုးထားပေမယ့်လည်း သူတို့ကို ပြန်ဖို့ လှုပ်ရှားတာ မရှိသေးဘူး။ ဒီလိုလှုပ်ရှားအောင် ဘယ်သူက လှုံ့ဆော်ပေးမှာလဲ” ဟု ၎င်းက ပြောသည်။

ထောက်ပံ့ရေး အေဂျင်စီများ အနေဖြင့်လည်း လုပ်ကွက်မရှိတော့မည့် အရေးကြောင့် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို မလိုလားကြကြောင်း ၎င်းက ပြောသည်။

တချိန်တည်းမှာပင် ကော့ဘဇားအခြေစိုက် အာရကန် ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအသင်း (ARSPHR) က ကုလသမဂ္ဂနှင့် အာဆီယံတို့ထံသို့ သတိပေး အကြောင်းကြားလွှာ တစောင် ပေးပို့ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များကို တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်ပို့ရေးမှာ မဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

“အာဆီယံနဲ့ UNHCR တို့ဟာ ဒုက္ခသည်တွေကိုယ်စား မပြောကြားနိုင်ဘူး ဆိုတာ ကမ္ဘာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။ ဒုက္ခသည်တွေက (ကျနော်တို့ ဖာသာ) ပြောနိုင်ကြပါတယ်။ ကျနော်တို့နဲ့ မတိုင်ပင်ဘဲနဲ့ ပြန်ပို့ဖို့ မဖြစ်နိုင်ပါဘူး” ဟု စနေနေ့က ထုတ်ပြန်သော ကြေညာချက်တစောင်တွင် ကော့ဘဇား အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ဆိုထားသည်။

အာဆီယံ အစီရင်ခံစာပါ အကြံပြုချက်များ ပေါက်ကြားမှုကို ကိုးကားလျက် AFP က သတင်းဖော်ပြပြီးနောက် အဆိုပါ လူ့အခွင့်အရေးအုပ်စုက ယင်းသတိပေး အကြောင်းကြားလွှာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အခြားတဖက်တွင်လည်း မြန်မာအစိုးရက နှစ်နှစ်ကာလအတွင်း ဒုက္ခသည် စုစုပေါင်း ၁ သန်းအနက် ၅ သိန်းသာ လက်ခံသွားမည် ဖြစ်ကြောင်း ဆိုထားခဲ့ပြီး နောက်ထပ် ပြောဆိုထားသည့် ပြဿနာများမှာ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေခြင်းနှင့် ရိုဟင်ဂျာ ဟူသော အမည်အား တရားဝင် အသိအမှတ် မပြုနိုင်ခြင်းတို့ ဖြစ်သည်။

အရှေ့တောင်အာရှဆိုင်ရာ အရေးပေါ် တုန့်ပြန်မှုနှင့် အကဲဖြတ်အဖွဲ့ (Asean-ERAT) က ရေးသားပြုစုပြီး AFP ရရှိခဲ့သော ယင်းပေါက်ကြားခဲ့သည့် အစီရင်ခံစာကို လာမည့် ရက်သတ္တပတ်များတွင် ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။

အဆိုပါကြေညာချက်၌ ARSPHR က “အာဆီယံ အစီရင်ခံစာတွင်လည်း ၎င်းလူမျိုးအမည်ကို ဖော်ပြခဲ့ခြင်း မရှိသလို၊ မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့ အာဆီယံနိုင်ငံများသည် ဒုက္ခသည်စခန်းသို့ လာ၍ ကျွန်ုပ်တို့နှင့်အတူ ဓာတ်ပုံတွဲရိုက်ကာ ကျွန်ုပ်တို့ကို ရိုဟင်ဂျာဟု ခေါ်သော်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်ပေးရန် ယခု ငြင်းဆန်နေပါသည်။ အာဆီယံအသင်း အနေဖြင့် ကျွန်ုပ်တို့လူမျိုး အမည်ကို အဘယ်ကြောင့် မသုံးရသလဲ မေးလိုပါသည်” ဟု ရေးသားထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီနှင့် UNDP တို့သည် မြန်မာနိုင်ငံနှင့် ၁ နှစ်သက်တမ်းတိုး ဆောင်ရွက်ရန် မေလ ၂၈ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။ ယင်း သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒုက္ခသည်များ ၎င်းတို့ဆန္ဒအလျောက် ရေရှည် နေရပ်ပြန်ရေးအတွက် အထောက်အကူပြု အခြေအနေများ ဖန်တီးပေးရန် ဦးတည်ထားသည်။ မူလ နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်က နေပြည်တော်တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်က မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဒုက္ခသည် ၇ သိန်းကျော်ရှိခဲ့သည်။ တခြားသော ဒုက္ခသည် ၃ သိန်းမှာ မြန်မာနိုင်ငံတွင် အစောပိုင်း အကြမ်းဖက်မှု ဂယက်များကြောင့် ထွက်ပြေး လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ၁၉၈၂ ခုနှစ်ဥပဒေအရ နိုင်ငံသားအဖြစ်မှ ငြင်းပယ်ထားသည်။

(Muktadir Rashid သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်အခြေစိုက် ဧရာဝတီ သတင်းထောက်ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်

ရခိုင်အရေး မြန်မာအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများ ဂျပန်လက်မခံ

ဒုက္ခသည်ကလေးများ အကြမ်းဖက်ဝါဒအတွင်း သိမ်းသွင်းခံရနိုင်ဟု ဘင်္ဂလားဒေ့ရှ် ဆို

ရခိုင် အရေး တရားမျှတမှု ရှိဖို့ ဘင်္ဂလားဒေရှ့် စိတ်ဝင်စားရဲ့လား

Did you find apk for android? You can find new Free Android Games and apps.
Loading