ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရှိ တောင်ငူဆောင် မြက်ခင်းပြင်၌ မြန်မာစာ ပညာရှင် ဆရာကြီး ဦးဖေမောင်တင် ရုပ်တု ထားရှိရေးနှင့် ပတ်သက်ပြီး ကန့်ကွက် တိုင်ကြားစာ ရှိသဖြင့် ပညာရေးဝန်ကြီးဌာနက ဆိုင်းငံ့ထားခြင်း ဖြစ်ကြောင်း သိရ သည်။
ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံး မြန်မာ လူမျိုး ကျောင်းအုပ်ကြီးဟောင်းလည်း ဖြစ်သည့် ဆရာကြီး ဦးဖေမောင်တင် ရုပ်တု ကို ၂၀၁၇ ခုနစ်က တောင်ငူဆောင် မြက်ခင်းပြင်တွင် ထားရှိရန် ရုပ်တုရွှေ့နေစဉ် ပညာရေး ဝန်ကြီးဌာနက တိုင်စာရောက် နေသည့် အတွက်ဟုဆိုကာ ဆိုင်းငံ့ထားရန် ပြောကြား၍ ရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း လက်ရှိ ရန်ကုန် တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်မြင့်ဦးက ဧရာဝတီသို့ ပြောသည်။
“တိုင်စာမှာက မြန်မာစာ ပါမောက္ခတွေက အများကြီးရှိတယ်။ ဦးဖေမောင်တင် ရုပ်တုကိုပဲ ထားရင် တခြား ဆရာကြီးတွေရဲ့ တပည့်တွေက ကန့်ကွက်မယ်။ နောက် ဒီရုပ်တုကို ထားလို့ရှိရင် တခြားနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေကိုလည်း ထားဖို့ တောင်းဆိုလာနိုင်တယ် ဆိုတဲ့အကြောင်း တိုင်စာထဲမှာ ထည့်ရေးထားတယ်”ဟု လည်း ဒေါက်တာ အောင်မြင့်ဦးက ပြောပြသည်။
တိုင်ကြားစာ ပေးပို့သည့် လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ အမည်ကိုမူ မသိရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထိုတိုင်စာနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနက မကျေလည်၍ ရုပ်တုထားရှိရေး ကြန့်ကြာနေခြင်း ဖြစ်ပြီး ဆရာသမဂ္ဂ၊ ကျောင်းသား သမဂ္ဂနှင့် ရန်ကုန် တက္ကသိုလ် ပညာရေး အဖွဲ့တို့၏ သဘောထား မှတ်ချက်များကို တောင်းခံသည့်အတွက် ပို့ပေးထားကြောင်း ဒေါက်တာ အောင်မြင့်ဦးက ရှင်းပြသည်။
ရန်ကုန် တက္ကသိုလ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ၂၂ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သည့် မြန်မာစာ ဌာန စတင် တည်ထောင်ခြင်း ၇၇ နှစ်ပြည့် အထိမ်းအမှတ်ပွဲတွင် ဒေါက်တာ အောင်မြင့်ဦးက ဆရာကြီး၏ ရုပ်တု ထားရှိရေး ကို ပြောဆိုခဲ့ကြောင်း သိရသည်။
ဆရာကြီး ဦးဖေမောင်တင်သည် မြန်မာပြည်ကို အင်္ဂလိပ် အုပ်ချုပ်နေစဉ် ကာလ ရန်ကုန်တက္ကသိုလ် အတွင်း မြန်မာစာ ဌာန ပေါ်ပေါက်ရေး ကြိုးပမ်းခဲ့သူဖြစ်သည့် အတွက် ယခုကဲ့သို့ ဂုဏ်ပြုခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ဆရာကြီး၏ ကြေးရုပ်တုကို ရန်ကုန်တက္ကသိုလ်တွင် နှစ်အဆက်ဆက် တက်ရောက်ခဲ့သော ကျောင်းသားများဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် ကျောင်းသားဟောင်းများ အသင်းက လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဦးဖေမောင်တင် ရုပ်တု ထားရှိခွင့် မပေးခြင်းအပေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ကလည်း ဇွန်လ ၉ ရက်က ကြေညာချက် တစောင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမအဖွဲ့ချုပ်မှ ပြန်ကြားရေးမှူး ဦးကျော်ဝေဖြိုး ကလည်း “ဦးဖေမောင်တင်က ခရစ်ယာန်ဖြစ်နေတဲ့ အတွက်ကြောင့်လားတော့ သေချာ မသိဘူး။ ရုပ်တု တင်ရမယ့် နေရာမှာ ရုပ်တု တင်ခွင့် မရသေးဘူး”ဟု ပြောကြားသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမ အဖွဲ့ချုပ်ကို ၂၀၁၃ ခုနစ်တွင် မြန်မာ တနိုင်ငံလုံးရှိ ပင်စင်ရ ဆရာကြီး၊ ဆရာမကြီး များ နှင့် အခြေခံ၊ အဆင့်မြင့်၊ ပုဂ္ဂလိက၊ ဘက (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း)စသည်တို့မှ ဆရာ၊ ဆရာမပေါင်း တသိန်း ခန့်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ) ကလည်း ဆရာကြီး ဦးဖေမောင်တင် ကွယ်လွန်ချိန်တွင် ဆရာကြီး ကိုးကွယ်သည့် ခရစ်ယာန် ဘာသာအတွက် ဆရာကြီး အကျိုးပြုခဲ့ပုံကို ဖော်ညွန်းကြသကဲ့သို့ ဆရာကြီး၏ တပည့် ဗုဒ္ဓဘာသာဝင်များ ကလည်း ဗုဒ္ဓဘာသာ အတွက် ဆရာကြီး အကျိုးပြုခဲ့ပုံကို ဖော်ညွန်းကြသည်မှာ အံ့သြ စရာကောင်းလှသည်ဟု ဆိုထား သည်။
ဗုဒ္ဓ ဘာသာ၏ ဓမ္မစက္က ပဝတ္တန သုတ် နှင့် အနတ္တလက္ခဏ သုတ် တို့ကို ဆရာကြီး ဦးဖေမောင်တင်က အင်္ဂလိပ် ဘာသာ သို့ ပြန်ဆို ပြုစုခဲ့ကြောင်းလည်း ဆရာကြီး၏ ကိုယ်ရေး အတ္တုပ္ပတ္တိတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ဆရာကြီး ဦးဖေမောင်တင်သည် ၁၉၃၆ ခုနှစ်မှ ၁၉၄၁ ခုနှစ် အထိ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်ခဲ့သည်။
ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနကို စတင် အခြေခံ၍ ပညာရှင်များ ဖြစ်ကြသည့် ဆရာ ဦးဧမောင်၊ ဆရာ ဇော်ဂျီ (ဦးသိန်းဟန်)၊ ဆရာ မင်းသုဝဏ်၊ သပ္ပံမောင်ဝ တို့ ကဲ့သို့သော တပည့်ပေါင်းများစွာ မွေးထုတ် ပေးကာ မြန်မာ စာပေ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ပြီး ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ (၁၉၆၀-၆၁) အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်တွင် ၁၉၂၀ အထိ မြန်မာစာဌာနနှင့် မြန်မာစာ သင်ကြားခြင်း မရှိခဲ့ကြောင်း၊ မြန်မာစာ သီးခြား သင်ပေးမည့် ဆရာသည် ဆရာကြီး ဦးဖေမောင်တင် တဦးသာ ရှိခဲ့ကြောင်းလည်း သိရသည်။
ဆရာကြီး ဦးဖေမောင်တင် လက်ထက် (၁၉၄၁ ခုနှစ်) တွင် မြန်မာစာဌာန သီးသန့် ပေါ်ထွက်လာပြီး တက္ကသိုလ် ကျောင်း သား အားလုံး မြန်မာစာ သင်ကြားရေး အတွက် ကြိုးပမ်းခဲ့သူ ဖြစ်သည်။
ဆရာကြီး ဦးဖေမောင်တင်သည် ရန်ကုန်မြို့ အင်းစိန် ပေါက်တောရပ်၌ အဘ ဦးဖေ၊ အမိ ဒေါ်မြိုင်တို့က ၁၈၈၈ ခုနှစ် ဧပြီ ၂၄ ရက်တွင် ဖွားမြင်ခဲ့ပြီး ၁၉၇၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ကွယ်လွန်ခဲ့သည်။
မြန်မာစာ ပါမောက္ခဟောင်း ဖြစ်သည့် ဆရာကြီး ဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ)ကလည်း ဆရာကြီး ဦးဖေမောင်တင်၏ တသက်တာ ဆောင်ရွက်ချက်များကို သုံးသပ်ကြည့်လျှင်ပင် မြန်မာစာ အသိုင်းအဝိုင်းတွင် ဆရာကြီးနှင့် ယှဉ်၍ ကြေးရုပ် တု ထားရှိရမည့် ပုဂ္ဂိုလ် တယောက်တလေမျှ မပေါ်သေးကြောင်း ၎င်းရေးသားသည့် ဆောင်းပါးတပုဒ်တွင် ဖော်ပြထား သည်။
ထိုသို့သော ဆရာကြီး ဦးဖေမောင်တင်၏ ကြေးရုပ်တုကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးစီးပြုလုပ်မည့် ၂၀၂၀ ပြည့်နစ် ဒီဇင်ဘာတွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော် အခမ်းအနားအမီ တောင်ငူဆောင် မြက်ခင်းပြင်၌ ထားရှိ နိုင်ရန် ပညာရေး ဝန်ကြီးဌာနသို့ ထပ်မံခွင့်ပြုချက် တောင်းခံထားကြောင်း သိရသည်။
You may also like these stories:
မြန်မာစာပေ ဖခင်ကြီး ဆရာကြီး ဦးဖေမောင်တင်
ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာသို့ ပထမဆုံး ပြန်ဆိုခဲ့သူ ဆရာကြီးဦးဖေမောင်တင်
ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ် အသက် ၁၁၀ ပြည့်မွေးနေ့ အမှတ်တရ