တရားသူကြီး ၆ ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ၂ ဦး၊ ရဲစခန်းမှူး ၁ ဦး၊ အစိုးရရှေ့နေ (ဆွဲချ) တဦးနှင့် တခြား ရှေ့နေ တဦးတို့ကို အခြား အစိုးရအရာရှိများနှင့်အတူ အဂတိလိုက်စားမှု သံသယဖြင့် အလိုရှိ (ဝရမ်း) စာရင်း ထုတ်ထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် အဆိုပါ အလိုရှိသူ ဝရမ်းစာရင်းတွင် လူပုဂ္ဂိုလ် ၂၀ ကို ၎င်းတို့ ဓာတ်ပုံများ၊ ကိုယ်ရေး အချက်အလက်များနှင့် ယှဉ်တွဲလျှက် ဖော်ပြထားခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက ရဲတပ်ဖွဲ့ထုတ်ပြန်သော အလိုရှိ (ဝရမ်း) စာရင်းတွင် ပါရှိသူ ၁၂ ဦးတို့မှာ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် အစောပိုင်းတို့က တရားစွဲဆိုခံရပြီးနောက် ထွက်ပြေး တိမ်းရှောင်နေကြရာ ယင်းတို့အနက် ၁၁ ဦးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့်စာရင်းတွင် ထပ်မံဖော်ပြခဲ့သည်။ ယခင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) က ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့တွင် တရားစွဲခဲ့သူ ၄ ဦးမှာလည်း တနင်္ဂနွေနေ့က ထုတ်ပြန်သည့် စာရင်းတွင် တဖန် ပါရှိလာခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှု၊ ကျူးလွန်ရန် အားပေးကူညီမှု၊ လီဆယ် တိုင်တန်းမှုများဖြင့် တရားစွဲထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ဆိုသည်။ အဆိုပါ ဥပဒေပုဒ်မများဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။ အများပြည်သူ ပူးပေါင်းကူညီကြပါရန် ရဲက တိုက်တွန်းထားသည်။
နိုင်ငံအတွင်း ပျံ့နှံ့နေသည့် အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ် နှိမ်နင်းရန်အတွက် ၂၀၁၄ ခုနှစ်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) ကို စတင် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသည် ကော်မရှင်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပြန်လည် မွမ်းမံခဲ့ပြီး ကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာ ကျယ်ပြန့်စေရန် ဥပဒေ ပြင်ဆင်ခဲ့ကာ ယခင်ကထက် အဆင့်မြင့်အရာရှိများကို စုံစမ်းစစ်ဆေးခြင်းများ အကောင်အထည် ဖော်ခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ယခင်လ လွှတ်တော်တွင် ပြောကြားရာ၌ ၎င်းတို့ အားထုတ်လင့်ကစား နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှု ခြုံငုံအဆင့်မှာ တိုးတက်လာခြင်း မရှိသေးကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။ ၎င်း၏ ကော်မရှင်က ယခုနှစ်တွင် ကြိုးပမ်း အကောင်အထည် ဖော်သည့်အနေဖြင့် စုံစမ်း ဖော်ထုတ်မှုများနှင့် တရားစွဲဆိုမှုများ ပိုမို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကော်မရှင်သည် ထုတ်ဖော် သတင်းပေးသူများ အကာအကွယ်ပေးရေး ဥပဒေကြမ်းကို ရေးဆွဲလျှက်ရှိပြီး အစိုးရ ဌာနဆိုင်ရာများ အတွင်း လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်ခြင်း (သို့မဟုတ်) လိမ်လည်ခြင်းများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို အများပြည်သူ ဆန္ဒအလျောက် ထုတ်ဖော်သူများကို အားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၁၉ ခုနှစ်၊ မေလအတွင်း ကော်မရှင်က တိုင်တန်းမှုပေါင်း ၁၄,၈၀၆ မှု လက်ခံခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီးသည် တိုင်တန်းမှု အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ ရှိနေကြသည်။
( San Yamin Aung ၏ 20 Fugitives, Including Judges, Administrators, Wanted on Suspicion of Corruption ကို ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်- ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော
အဂတိ တိုက်ဖျက်ရေး ကော်မရှင် တနှစ်ပြည့်ပြီ
အဂတိလိုက်စားမှု တပ်တွင်း အရေးယူနေဟု တပ်မတော် ပြော
အဂတိမှုများကို အစိုးရ အရာရှိကြီးများ ကိုယ်တိုင် ဖုံးဖိပေးနေဟု ကော်မရှင် ဥက္ကဋ္ဌ ပြော