မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူး မျိုးညွှန့်သန်း သည် ဇွန်လ ၁၂ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတဦး က “ရဲမှူးက သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်ဆိုတာ ဟုတ်ပါတယ်၊ လောလောဆယ်မှာတော့ ရုပ်အလောင်းက ဆေးရုံ ရောက်သွားပါပြီ၊ ဘာကြောင့်လဲဆိုတာကိုတော့ တိတိကျကျ ပြောလို့မရသေးပါဘူး” ဟု ပြောသည်။
ရဲမှူး မျိုးညွှန့်သန်းသည် နေအိမ်လိုင်းခန်း၌ တဦးတည်းရှိနေစဉ် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး မည်သည့်ကိစ္စကြောင့် သေဆုံးသည်ကို တိတိကျကျမသိရသေးကြောင်း၊ ယခုအခါ အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ ရဲလုပ်ထုံးလုပ်နည်းများ အရ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာရှိတဦးက “ရဲမှူးက သေနတ်နဲ့ သူကိုယ့်သူပစ်သွားတယ်ဆိုတာကို အတိအကျပြောလို့ မရသေးပါဘူး၊ သူ့ကိုယ်သူ ပစ်တာလား၊ သူများက သူ့လက်ကို ကိုင်ပြီး ပစ်တာလားဆိုတာကို ပြောမရသေးပါဘူး၊ ဘာကြောင့်လဲဆိုတော့ မျက်မြင်သက်သေမရှိလို့ပါ၊ အဲဒါကိုတော့ ပြန်ပြီး စစ်ကြရဦးမှာပါ”ဟု ပြောသည်။
ရဲမှူးမျိုးညွှန့်သန်းသည် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ် မြေစက်ရုံစီမံကိန်းနှင့် ပက်သက်၍ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည်ဟုဆိုကာ မန္တလေးအခြေစိုက် Channel Mandalay TV သတင်းဌာနက သတင်းထောက် တဦးနှင့် ဒေသခံများကို တရားလိုပြုလုပ်၍ အမှုဖွင့်လှစ်သူလည်း ဖြစ်သည်။
ထို့အပြင် အိုးဘိုထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့သည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း သေဆုံးမှုနှင့် ပက်သက်၍ တိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ အကျဉ်းထောင် တာဝန်ရှိသူများအပါအဝင် ပုသိမ်ကြီးမြို့နယ်ရဲ တပ်ဖွဲ့၊ ပုသိမ်ကြီးမြို့မစခန်း၊ ကြာနီကန်ရဲကင်းစခန်းတို့မှ အရာရှိများ၊ တပ်ဖွဲ့ဝင်များကို CID ရဲတပ်ဖွဲ့က ယခုရက်ပိုင်း၌ စစ် ဆေးလျက်ရှိသည်
ရဲမှူးမျိုးညွှန့်သန်းသည် ကိုထွန်းမြင့်ဝင်း သေဆုံးမှုနှင့် ပက်သက်၍ CID စစ်ဆေးမှုတွင် ပါဝင်နေသည့်အပြင် အယ်လ်ဖာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့် ပက်သက်၍ ပဋိပက္ခဖြစ်စဉ်ကို အဓိက ကိုင်တွယ်ခဲ့သူလည်း ဖြစ်သည်။
You may also like these stories:
အောင်သပြေဖြစ်စဉ် ပါဝင်သူများအားလုံးကို ဖမ်းဆီးအရေးယူမည်
ဆရာတော် ဦးဝီရသူ ကူညီမှု အောင်သပြေရွာသားများ လက်မခံ
တပ်မတော် နွားမွေးမြူရေး စီမံကိန်း ခြံစည်းရိုးခတ်မှု ဒေသခံများ ကန့်ကွက်